Fact Check| ဒေါက်တာဆာဆာကို ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် UN မြန်မာကိုယ်စားလှယ်အဖြစ် ခန့်အပ်တယ်ဆိုတဲ့ သတင်းအမှား

ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ သတင်းအမှားအကြောင်းအရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ ဒေါက်တာ ဆာဆာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတာ နှင့် UN မြန်မာကိုယ်စားလှယ် အဖြစ် ခန့်အပ်တယ်ဆိုတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီသတင်းအမှားကိုတော့ ZARNI TIKE ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က ဖေဖော်ဝါရီ ၁၉ရက် မွန်းလွဲ ၂နာရီကျော် မှာ တင်ထားတာ ဖြစ်ပါတယ်။ သူတင်ထားတဲ့ သတင်းအမှား အကြောင်းအရာကို Like and React ပြုလုပ်သူ ၈၀၀၀၀ ကျော်အထိရှိပြီး ပြန်လည်မျှဝေသူ ၃၉၀၀၀ ကျော်အထိရှိပါတယ်။ ရေးသားချက်အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဘာလို့ သတင်းအမှားလို့ ပြောရလဲဆိုရင် 
  • CRPH ရဲ့ Blue Mark ရရှိထားတဲ့ဖေ့ဘွတ်ခ်ပေ့ချ်မှာ ဒေါက်တာဆာဆာကို ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ဖေဖော်ဝါရီ ၁၉ရက် ညနေ ၆နာရီအထိ ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။ ဒီလင်ခ့် မှာ ကြည့်ရှုနိုင်ပါတယ်။
  • ဒါ့အပြင် United Nations ရဲ့ ဝက်ဆိုက်ဘ်မှာ ဒေါက်တာဆာဆာကို UN ကိုယ်စားလှယ်ဖြစ်ကြောင်း ရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။ UN ဝက်ဘ်ဆိုက်ကို ဒီလင့်ခ် ကတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါ တယ်။
  • UN ဝက်ဆိုက်ဘ်ရဲ့ Search မှာ Dr.Sasa ကို ရှာဖွေကြည့်တော့ မည်သည့် သတင်းအကြောင်းအရာကိုမှ ရေးသားထားတာ မတွေ့ရပါဘူး။
  • United Nations Myanmar ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာလည်း ဒေါက်တာဆာဆာကို  မြန်မာနိုင်ငံကိုယ်စားပြု UN ကိုယ်စားလှယ်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။
  • ဒီသတင်းအမှားအကြောင်းအရာကို မျိုးရန်နောင်သိန်း ဆိုသူက ရေးသားကြောင်း Credit ပေး၍ လူမှုကွန်ရက်ဖေ့ဘွတ်ခ်တွင် ပြန်လည်မျှဝေမှုများရှိနေပြီး မျိုးရန်နောင်သိန်းက သူရေးသားထားခြင်း မရှိကြောင်း ပြန်လည်ရှင်းလင်းရေးသားထားပါတယ်။ ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စိစစ်လိုက်မယ်ဆိုရင်  ဒေါက်တာ ဆာဆာကို ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် UN မြန်မာကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။

တပ်မတော်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအမှားတွေ ၊ သတင်းအတုတွေ ၊ ထုတ်ပြန်ချက်အတုတွေနဲ့ Messenger ကတဆင့် အသံဖိုင်ဖြင့် သတင်းအမှား ဖြန့်ဝေမှုတွေဟာ အများအပြားပျံ့နှံ့လျက်ရှိပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့  လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို  တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ်ဆေးကြဖို့ အကြံပေးလိုပါတယ်။

တကယ်လို့ သတင်းအမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး ဖေ့ဘွတ်ခ် စာမျက်နှာရဲ့ Messenger Bot ကနေ ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot တွေကိုပေးပို့ပြီး စိစစ်ခိုင်းလို့ရပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စိစစ် သူတွေက အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် စစ်ဆေးပြီး အကြောင်း ပြန်ပေးသွားမှာပါ။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/