Fact Check| တရုတ်နည်းပညာရှင်တွေဆိုပြီးပျံ့နေတဲ့ပုံတွေက ဧပြီလတုန်းက တရုတ်ဆေးပညာရှင်အဖွဲ့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကူညီပေးစဉ်က ပုံတွေဖြစ်ပါတယ်

ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေအသိပေးချင်တဲ့သတင်းအမှားတစ်ခုက ယမန်နေ့ညပိုင်းက စပြီးပျံ့နှံံ့ခဲ့တဲ့တရုတ်နည်းပညာသမားတွေဟာ စစ်တပ်ကိုအကူအညီပေးနေတယ်ဆို တဲ့ ပုံတွေအကြောင်းဖြစ်ပါတယ်။ အဲ့ဒီပုံတွေကို မှားယွင်းတဲ့ စာသားထင်မြင်ယူဆချက်တွေနဲ့ ရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီပုံတွေက ယခုလက်ရှိအချိန်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ပုံတွေမဟုတ်ပါဘူး။ 

 

ဘာလို့တရုတ်နည်းပညာသမားတွေမဟုတ်ကြောင်းပြောနိုင်ရတာလဲဆိုရင် 

 

  • ပျံ့နှံ့နေတဲ့ပုံတွေကို Reverse Image Search Tools နဲ့ရှာဖွေလိုက်မယ်ဆိုရင် အင်တာနက်ပေါ်မှာ ယခင်ကရှိပြီးသား ပုံတွေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ မူရင်းပုံတွေဟာ ဆင်ဟွာသတင်းဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ တုန်းကတင်ခဲ့တဲ့ပုံတွေပဲဖြစ်ပါတယ်။ ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
  • Google မှာ chinese military medics assist myanmar military ဆိုပြီးရိုက်ရှာလိုက်မယ်ဆိုရင် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ကူညီဆောင်ရွက်ပေးဖို့အတွက် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့က ဧပြီ ၃၀ ရက် မှာ ရန်ကုန်မြို့ ရှိ မင်္ဂလာဒုံ အမှတ် (၁) တပ်မတော် စစ်ဆေးရုံမှာ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်း တည်ဆောက်မှုတွင် ပါဝင်ကူညီဆောက်ရွက်ပေးခဲ့တယ်ဆိုတဲ့ အကြောင်းအရာသတင်းတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီသတင်းကို ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေ မှာ ဖတ်ရှုနိုင်ပါတယ်။ 

ဒီအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် ပျံ့နှံ့နေတဲ့ တရုတ်နည်းပညာသမားတွေ ဆိုတဲ့ပုံတွေဟာ ယခင်က ဖြစ်ပျက်ခဲ့တဲ့ အခြားဖြစ်ရပ်တစ်ခုက ပုံအဟောင်းတွေကိုသုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားဆိုတာကို စိစစ်နိုင်မှာ ဖြစ်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအမှားတွေဟာ အများအပြားပျံ့နှံံလာနေတဲ့အတွက် သတင်းတစ်ခုခုကိုတွေ့လိုက်တာနဲ့ အရင်ဆုံး စိစစ်ပြီးမှ ယုံကြည်ဖို့ ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက တိုက်တွန်းလိုက်ပါတယ်။  အထူးသဖြင့် စိတ်ခံစားမှုတွေကို ပြင်းထန်စေမယ့် ပုံ/ဗီဒီယို/စာသား/အသံဖိုင် စတာတွေကို အထူးသတိထားစိစစ်ပြီးမှ ယုံကြည်သင့်ပါတယ်။

တကယ်လို့ သတင်းအမှား/အမှန် ခွဲခြားရ ခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး ဖေ့ဘွတ်ခ်စာမျက်နှာရဲ့ Messenger Bot ကနေ ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot တွေကိုပေးပို့ပြီး စိစစ်ခိုင်းလို့ ရပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စိစစ်သူတွေက အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်စစ်ဆေးပြီး အကြောင်းပြန်ပေးသွားမှာပါ။