Fact Check| UN အထူးသံတမန်ရန်ကုန်ရောက်လာတယ်ဆိုတာ သတင်းအမှား

တပ်မတော်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံအနှံ့ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေတဲ့ အခိုက်မှာပဲ ကုလသမဂ္ဂအထူးသံတမန်ဟာ ဒီကနေ့(ဖေဖော်ဝါရီ ၇ ရက်မှာ ရန်ကုန်ကိုရောက်ရှိလာတယ် လို့ သတင်းတွေပျံ့နေခဲ့ပါတယ်။ ၂၄နာရီကျော်ကြာပိတ်ပင်ထားတဲ့ အင်တာနက်ပြန်ဖွင့်တာဟာလည်း ကုလသံတမန်လာတာကြောင့်ဆိုတဲ့ သတင်းတွေလည်း နောက်ဆက်တွဲ ထွက်ခဲ့ပါတယ်။ အဲ့ဒီသတင်းဟာ လုံးဝ မှန်ကန်မှမရှိဘဲ သတင်းအမှားသာဖြစ်ပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေထဲမှာ UN အထူးသံတမန် ဟာရန်ကုန်ကိုရောက်လာတယ်ဆိုတာမျိုးလုံးဝမထုတ်ပြန်ထားပါဘူး။ ကုလသမဂ္ဂရဲ့ နောက်ဆုံး ထုတ်ပြန်ချက် က နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ၂,၅၀၀ ကျော်သော တာဝန်သိ ကုလသမဂ္ဂဝန်ထမ်းများနှင့်တကွ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူပြည်သားများ၏ဒီမိုကရေစီရရှိရေး, ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးများအတွက် ကြိုးစားအားထုတ်မှုများအား ကုလသမဂ္ဂ အနေဖြင့် အခိုင်အမာ အားပေး ထောက်ခံကြောင်း ​ထုတ်ဖော်ပြောကြားလိုက် တဲ့ အကြောင်းပဲဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန် ချက်တွေကို အချိန်နှင့်အမျှသိချင်ရင် United Nations Myanmar ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာ ဒီလင့်ခ် https://bit.ly/3oVOmpl နဲ့ UN ရဲ့ ဝဘ်ဆိုက်ဖြစ်တဲ့ ဒီလင့်ခ် မှာ https://bit.ly/3pYo9YC သွားရောက်ဖတ်ရှုနိုင်ပါတယ်။
UN ရဲ့ လုပ်ထုံးလုပ်နည်းများကို နှံစပ်ကျွမ်းကျင်သိရှိပြီး မြန်မာပြည်ရဲ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် စည်းရုံးလှုံ့ဆော်ရေ ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ် သော ထိုင်းအခြေစိုက် progressive voice အဖွဲ့မှလည်း အဲ့ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း ၎င်းတို့ရဲ့ တွစ်တာစာမျက်နှာမှာ အသိပေးဖော်ပြထားပါတယ်။ ဒီလင့်ခ် ကနေသွားရောက်ဖတ်ရှုနိုင်ပါတယ်။ https://bit.ly/2MFndK8
ရန်ကုန်က ကုလသမဂ္ဂရုံးကလည်း ဒီသတင်းဟာ သတင်းအမှားဖြစ်တယ်ဆိုတာကို ဟုတ်တယ် Vs မဟုတ်ဘူးကိုအတည်ပြုပေးပါတယ်။
ဒါကြောင့် ပျံ့နှံ့နေတဲ့ ကုလအထူးသံတမန် ရန်ကုန်ရောက်လာတယ်ဆိုတာက လုံးဝမှန်ကန်မှုမရှိတဲ့ သတင်းအမှားဖြစ်ကြောင်းသက်သေပြနိုင်ပါတယ်။
အခုလိုမျိုး တပ်မတော်က နိုင်ငံတော်အာဏာသိမ်းတဲ့အပေါ်ကို ကန့်ကွက်ဆန္ဒပြနေတဲ့အချိန်မှာပဲ နည်းမျိုးစုံနဲ့ ပျံ့နှံ့လာနေတဲ့ သတင်းအမှားတွေရဲ့ အန္တရာယ်ကို အထူးသတိပြုရှောင်ရှားရင်း နိုင်ကြဖို့ ဟုတ်တယ် Vs မဟုတ်ဘူးက တိုက်တွန်းလိုက်ပါတယ်။