Fact Check| နိုင်ငံရေးအကျပ်အတည်းကာလမှာ သတင်းမှားနောက်မလိုက်ဖို့အကြံပြုချက်

လက်ရှိကာလလို နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ လူမှုကွန်ရက်တွေပေါ်မှာလည်း နိုင်ငံရဲ့အခက်အခဲကို ပိုမိုဆိုးရွားအောင် မီးထိုးနေတဲ့ သတင်းအမှား တွေလည်း ထွက်ပေါ်လျှက်ရှိပါတယ်။

ဒါကြောင့်မို့ လတ်တလောဖြစ်နေတဲ့ သတင်းတု သတင်းမှား ပုံစံတွေနဲ့၊ သတင်းတွေဖတ်တဲ့အခါမှာ သတိပြုမိဖို့ ဆောင်ရန်၊ ရှောင်ရန် အကြံပြုချက်တွေကို ဖော်ပြ လိုက်ပါတယ်။

လက်ရှိအချိန်မှာတော့ ‌စိုးရိမ်စိတ်လွန်ပြီး ကောလာဟလတွေကို အခြေခံပြီး ထွက်လာတဲ့ သတင်းအမှားတွေနဲ့ ရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတဲ့ သတင်းမှားတွေ ပျံ့နှံ့နေပါတယ်။

စိုးရိမ်စိတ်လွန်ပြီးဖြစ်လာတဲ့သတင်းမှားများ

 

စိုးရိမ်စိတ်လွန်ပြီးဖြစ်လာတဲ့ သတင်းအမှားဆိုတာ ဇန်နဝါရီ ၂၉ နံနက်ပိုင်းကစပြီး နေပြည်တော်ကို ဝင်ထွက်ခွင့်ပိတ်လိုက်ပြီ ဆိုတဲ့ သတင်းအမှားမျိုးဖြစ်ပါတယ်။

ထိုနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းသွားလာနေတဲ့ မော်တော်ယာဉ်တချို့ကို နေပြည်တော်သို့ အဝင်မခံတော့ဘဲ ၁၁၅ မိုင်တိုးဂိတ်တွင် လှည့်ပြန်ခိုင်းပြီးနောက် အမြန်လမ်းနဲ့ နေပြည်တော်ဝင်ထွက်ခွင့်ကို ပိတ်ပင်ခဲ့သည်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ နေပြည်တော်မှာ ရဲတပ်ဖွဲ့ဝင်အင်အား အများအပြား ချထားခဲ့တဲ့အတွက် နေပြည်တော်ဝင်ထွက်ခွင့်ပိတ်တယ်ဆိုတဲ့ သတင်းတွေက ပိုမို ကျယ်ကျယ် လောင်လောင် ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါသတင်းတွေဟာ သတင်းမှားတွေဖြစ်ကြောင်း သတင်းမီဒီယာတွေကတုန့်ပြန်ခဲ့ပါတယ်။

 

Myanmar Now သတင်းဌာနရဲ့ အဆိုအရ တပ်မတော်က နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဆင်းတုအတွက် စကျင်ကျောက် အစိတ် အပိုင်းများကို မန္တလေးဘက်မှ နေပြည်တော်သို့ သယ်ဆောင်နေသော်လည်း အမြန်လမ်းမကြီးကို ပိတ်ပင်ထားခြင်းမျိုးမရှိဘဲ မိုင်တိုင် ၂၂၀ တွင် လမ်းလွှဲသည့်ပုံစံဖြင့် ကားများကို သတိပေးပြောဆိုမှုသာရှိကြောင်း အမြန်လမ်းမကြီးမှ တာဝန်ရှိသူတစ်ဦးကိုကိုးကားပြီးရေးသားထားတာကို ဒီမှာ ဖတ်နိုင်ပါတယ်။

Eleven သတင်းဌာနရဲ့ အဆိုအရလည်း ရန်ကုန်မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင်တိုးဂိတ်မှ မော်တော်ယာဉ်များကို ပြန်လွှတ်နေခြင်းမှာ မဟုတ်ဘဲ COVID-19 ရောဂါနှင့် ပတ်သက်သော အချက်အလက်များအား ပုံမှန်စစ်ဆေးခြင်းသာ ဖြစ်ကြောင်း” လည်း ရေးသားခဲ့တာကို ဒီမှာ ဖတ်နိုင်ပါတယ်။

 

နေပြည်တော်မှာ ရဲတပ်ဖွဲ့တွေ အင်အားများပြားနေရတဲ့အကြောင်းကလည်း နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လျှောက်ထားတဲ့ စာချွန်တော်အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်က လက်ခံရန်ရှိမရှိ ကြားနာဖို့ရှိတဲ့အတွက်ကြောင့်လို့လည်း Myanmar Now သတင်းဌာန က ရေးသားတာကို ဒီမှာ ဖတ်နိုင်ပါတယ်။

သတင်းအမှားတွေဟာ နံနက် (၁၀) နာရီခန့်မှာ စတင်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ သတင်းမီဒီယာတွေဘက်က အဆိုပါသတင်းတွေဟာ သတင်းမှားဖြစ်ကြောင်း ပြန်လည် ရေးသားခဲ့ချိန်က သတင်းမှားထွက်ပြီး ၂ နာရီကနေ ၅နာရီအတွင်းမှာ ဖြစ်ပါတယ်။

 

ရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတဲ့ သတင်းမှားများ

 

နိုင်ငံရေးအကျပ်အတည်းကို ပိုပြီးမီးထိုးဖို့ ကြိုးစားတဲ့ သတင်းတုသတင်းမှားတွေ ပျံ့နှံ့နေတာလည်း ရှိပါတယ်။ သတင်းတု သတင်းမှားဖြန့်ဝေတဲ့သူတွေ နောက်ဆုံးသုံးတဲ့ နည်းလမ်းကတော့ သတင်းတုသတင်းမှားတွေကို ဖန်တီးပြီး နေ့စဉ်ထုတ် သတင်းစာတွေမှာ ပါနေသယောင် ဖြတ်ညှပ်ကပ်လုပ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ 7 Day နဲ့ စံတော်ချိန် သတင်းစာတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး သတင်းတုသတင်းမှားတွေကို ဖြန့်ချိခဲ့ပါတယ်။ အဆိုပါသတင်းတွေဟာ သတင်းတု သတင်းမှားတွေဖြစ်ကြောင်း ဟုတ်တယ် Vs မဟုတ်ဘူးက ရေးသားထားတာတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာဖတ်နိုင်ပါတယ်။

စံတော်ချိန်သတင်းစားကိုဖြတ်၊ညှပ်၊ကပ်လုပ်ကာဖန်တီးထားသည့် သတင်းအတု၊သတင်းအမှားတစ်ခု

 

အကြံပြုချက်များ

 

(၁)      စိုးရိမ်စိတ်လွန်ရာမှ ထွက်လာသည့်သတင်းမှားများကိုသတိထားပါ

စိုးရိမ်စိတ်လွန်ပြီးဖြစ်လာတဲ့ သတင်းအမှားတွေဟာ လာမည့်ရက်ပိုင်းအတွင်း ပေါ်လာကောင်း ပေါ်လာနိုင်တဲ့အတွက် သတင်းတခုခုတွေ့ရင် စိုးရိမ်စိတ်လွန်ပြီး ယုံကြည်တာ ထက်စာရင် နာရီအနည်းငယ်ခန့်စောင့်ကြည့်ပြီး သတင်းမီဒီယာတွေက တင်ဆက်တဲ့ သတင်းတွေကို ဖတ်ရှုဖို့အကြံပြုလိုပါတယ်။ အဲ့ဒီအတွက် အချိန်အနည်းငယ် ပေးရ နိုင်ပေမယ့် သတင်းအမှားတွေက ပေးတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့ ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

 

(၂)      ဖြတ်ညှပ်ကပ်သတင်းတွေကိုသတိထားပါ

အင်တာနက်မှာ သတင်းစာတစ်ခုရဲ့ စာရွက်အပိုင်းအစတွေကို တွေ့လိုက်တိုင်းလည်း သတင်းမှန်လို့ ပုံပြီးမယုံကြည်ကြဖို့လည်းအကြံပြုလိုပါတယ်။ သတင်းတု သတင်းမှား ဖြန့်ဝေတဲ့သူတွေက ပိုမိုပါးနပ်လာပါပြီ။ သတင်းမှန်တွေကို ဖော်ပြနေတယ်လို့ အများပြည်သူယုံကြည်ကြတဲ့ နေ့စဉ်ထုတ် သတင်းစာတွေကို ဖြတ်ညှပ်ကပ် လုပ်ပြီး သတင်းတု သတင်းမှားဖြန့်တာတွေလည်း ဆက်ရှိလာနိုင်ပါတယ်။ သက်ဆိုင်ရာ သတင်းဌာနတွေမှာ အလားတူသတင်းမျိုး တင်ထားခြင်းရှိ၊ မရှိ လေ့လာပြီးမှယုံကြည်စေချင်ပါတယ်။

 

(၃)       သတင်းမီဒီယာတွေနဲ့ အစိုးရဝန်ကြီးဌာန ထုတ်ပြန်ချက်တွေကို အဓိက ဖတ်ရှုပါ

လူတွေက စိုးရိမ်ပူပန်နေကြချိန်မှာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ရေးသားတတ်ကြပါတယ်။ အဲဒီလိုရေးသားတဲ့အခါမှာ အချက်အလက် အမှန်တွေလည်း ပါသလို အမှားတွေလည်း ပါနိုင်ပါတယ်။ အမှန်တွေပါမယ်ဆိုရင်လည်း သူ့ရဲ့ထင်မြင်ယူဆချက်တွေ၊ ကောက်ချက်ဆွဲမှုတွေ ပါနိုင်တာမို့လို့ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းမီဒီယာပေ့ချ်တွေ၊ အစိုးရဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုဒ်တွေနဲ့၊ ပေ့ချ်တွေကသာ သတင်းဖတ်ရှုတာ အကောင်းဆုံးပါပဲ။

သတင်းလုပ်ငန်းကို မှန်မှန်ကန်ကန်လုပ်ကိုင်နေကြတဲ့ မီဒီယာဌာနတွေနဲ့ အစိုးရဌာနတွေဟာ  Facebook ပေါ်မှာ အများအားဖြင့် အပြာရောင် အမှန်ခြစ်အမှတ်အသား ( Blue Mark)  ပါလေ့ ရှိကြပါတယ်။ သတင်းဌာနတွေဆိုရင် သူတို့ရဲ့ဖုန်းနံပါတ်ကို အတိအလင်း ကြေညာထားတာတွေလည်းရှိတဲ့အတွက် သံသယမကင်းတဲ့ သတင်းတွေဆိုရင် တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ အကြံပြုလိုပါတယ်။

 

(၄)      သတင်းဓာတ်ပုံတွေကို သတိပြုဖို့လိုအပ်ပါတယ်

အခုလို အကျပ်အတည်းကာလတွေကို အသုံးချပြီး အရင်ကဖြစ်ပျက်ခဲ့တဲ့ သတင်းဓာတ်ပုံတွေနှင့် သတင်းနှင့် မသက်ဆိုင်တဲ့ ပုံတွေကို အသုံးပြုပြီး သတင်းအမှားတွေ ဖန်တီး လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုကို အလွယ်တကူ တွန်းအားပေးနိုင်တဲ့ သတင်းတွေကို သတင်းဓာတ်ပုံတွေနဲ့အတူတူ တွေ့ရပြီဆိုရင် အလွယ်တကူ မယုံကြည်ဖို့နဲ့ သတင်းအရင်းအမြစ်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှသာ ယုံကြည်သင့်ပါတယ်။

 

(၅)       သတင်းမီဒီယာအယောင်ဆောင်တာတွေကိုသတိပြုပါ

ဖေ့ဘွတ်ခ်ပေါ်မှာ သတင်းမီဒီယာအယောင်ဆောင် စာမျက်နှာတွေ အများအပြားရှိပါတယ်။ အဲ့ဒီသတင်းမီ ဒီယာ အယောင်ဆောင်တွေဟာ အမြဲလိုလို သတင်းအတု/ သတင်းအမှားတွေကိုပဲ ဖော်ပြလေ့ရှိတတ်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာဆိုပြီး နာမည်တပ်ထားတဲ့ ပေ့ချ်တစ်ခုက တင်ထားတဲ့ သတင်းတွေက ယုံကြည်စိတ်ချရမှု မရှိပါဘူး။ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသား ထုတ်ဝေနေတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီးမှ ယုံကြည်ပါ။ သတင်းလုပ်ငန်းကို မှန်မှန်ကန်ကန် လုပ်ကိုင်နေကြတဲ့ မီဒီယာဌာနတွေဟာ  Facebook ပေါ်မှာ အများအားဖြင့် အပြာရောင် အမှန်ခြစ်အမှတ်အသား ( Blue Mark)  ပါလေ့ရှိကြပါတယ်။

 

(၆)       အမှား၊အမှန်ရောထွေးနေတဲ့သတင်းတွေကိုသတိထားပါ

သတင်းတု၊ သတင်းမှား ဖြန့်တဲ့သူတွေဟာ သူတို့ပေးလိုတဲ့ သတင်းအမှားတွေကို သတင်းအမှန်တွေနဲ့ ရောထွေးပြီး ဖြန့်ချိလေ့ရှိပါတယ်။ ဒါ့ကြောင့် စာဖတ်ပရိတ်သတ်က သတင်းတစ်ပုဒ်ကိုဖတ်ချိန်မှာ သတင်းအမှန် တစ်ခုကိုတွေ့ပြီးတဲ့နောက် သတင်းတစ်ပုဒ်လုံးကို ပုံပြီးယုံကြည်တာမျိုး မလုပ်ဘဲ သတင်းဆုံးတဲ့အထိ အသေအချာဖတ်ဖို့ အကြံပြုလိုပါတယ်။

 

(၇)       တကြောင်းသတင်း၊ သတင်းခေါင်းစဉ်တွေဖတ်ပြီးဆုံးဖြတ်ချက်မချပါနဲ့

တခါတရံမှာ သတင်းခေါင်းစဉ် (ဒါမှမဟုတ်) တစ်ကြောင်းတစ်စရေးထားတဲ့ သတင်းတွေဟာ ဖြစ်ရပ်တစ်ခုလုံးနဲ့ သတင်းတစ်ပုဒ်လုံးကို ကိုယ်စားပြုလေ့မရှိပါဘူး။ ရေးသားတဲ့ သူက စာဖတ်ပရိတ်သတ်တွေကို စွဲဆောင်ဖို့ (ဒါမှမဟုတ်) သတင်းအချက်အလက်အမှားပေးဖို့ ထင်ရောင်ထင်မှား သတင်းခေါင်းစဉ်တွေ၊ တကြောင်းသတင်းတွေ ရေးလေ့ရှိတာကို သတိထားဖို့အကြံပြုလိုပါတယ်။

တခါတရံမှာ ဖတ်ရသူရဲ့ စိတ်ကို အလွယ်တကူ ဖမ်းစားနိုင်တဲ့အချက်တွေနဲ့ ပြင်းပြင်းထန်ထန် ရေးထားတဲ့သတင်းတွေဆို သံသယထားဖို့လိုပါတယ်။ အလွယ်တကူ မယုံပစ်ပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဖော်ပြထားတဲ့သတင်းတွေမှာ ပါဝင်သလား ဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးပါ။

 

(၈)      ဟုတ်တယ် Vs မဟုတ်ဘူးကိုမေးပါ

သင်ဟာ သတင်းတစ်ခုခုကို အမှားလား၊ အမှန်လား ဝေခွဲမရဖြစ်နေရင် ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေကို chat bot ကတစ်ဆင့် မေးမြန်းဖို့ အကြံပေးလိုပါတယ်။ အချက်အလက်စစ်ဆေးသူတွေက သင့်ထံ ပုံမှန်အားဖြင့် ၂၄ နာရီအတွင်း သတင်းအမှား၊ အမှန်ဆိုတာ စိစစ်ပြီး ပြန်လည်အကြောင်းကြားမှာပါ။ တခါတရံမှာတော့ ၂၄ နာရီထက်အနည်းငယ်အချိန်ပိုပေးရတာ၊ စစ်ဆေးလို့မရနိုင်တာတွေလည်းရှိနိုင်ပါတယ်။

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါတယ်။

https://www.realornotmm.info/complaint-form/