Fact Check| 7 Day သတင်းစာ စာမျက်နှာကို ပြုပြင်ပြီး သတင်းအမှားဖြန့်ဝေနေ

မဲစာရင်းအမှားတွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့သာ သက်ဆိုင်တယ်ဆိုပြီး NLDပါတီ ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က ပြောကြားတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်းဟာ 7 Day သတင်းစာမှာပါဝင်တဲ့ စာမျက်နှာတစ်ခုကို photoshop နဲ့ လိုသလို ပြုပြင်ပြီး ဖန်တီးဖြန့်ဝေထားတဲ့သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။


ဒီသတင်းအမှားကို “ သွေးသစ္စာ” ဆိုတဲ့ မည်သူ မည်ဝါ မဖော်ပြထားတဲ့ အကောင့်တစ်ခုကနေ တင်ထားတာဖြစ်ပါတယ်။  ပြုပြင်ဖန်တီးထားတဲ့သတင်းစာဖြတ်ပိုင်းမှာတော့ မဲစာရင်းအမှားတွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ ဆိုင်ကြောင်း စသည်ဖြင့်ရေးသားထားပါတယ်။ သတင်းအမှားရဲ့ မူရင်း လင့်ခ် ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ Web Archive Link ကိုတော့  ဒီမှာ ကြည့်နိုင်ပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

 

  •  Google မှာ keywords နဲ့ရှာဖွေလိုက်တဲ့အခါ မဲစာရင်းအမှားတွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ ဆိုင်တယ်ဆိုပြီး ဒေါက်တာမျိုးညွန့်ပြောကြားထားတဲ့ သတင်းတစ်ပုဒ်မှ မတွေ့ရပါဘူး။
  • သတင်းစာဖြတ်ပိုင်းရဲ့ အောက်နားမှာရှိနေတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ “ မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲ”ဆိုတဲ့ သတင်းကိုတော့ ဇန်နဝါရီ ၂၀ ရက်နေ့ထုတ်  7 Day သတင်းစာ မျက်နှာဖုံးမှာ ဖော်ပြထားတာတွေ့ရပါတယ်။ အဲ့ဒီသတင်းက မျက်နှာဖုံးသတင်း မှာဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို  ဒီလင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။
  • မဲစာရင်းအမှားတွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ပဲဆိုင်တယ်ဆိုပြီး ဒေါက်တာမျိုးညွှန့် ပြောကြားတယ်ဆိုတဲ့ သတင်းကိုတော့ 7 Day ရဲ့ သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာမရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီသတင်းဟာ သတင်းစာဖြတ်ပိုင်းကို လိုသလို ပြုပြင်ပြီး သတင်းအမှားဖြန့်ဝေတာဖြစ်ကြောင်း အခိုင်အမာပြောကြားနိုင်ပါတယ်။
  • အခုရက်ပိုင်းမှာ ဒီလို သတင်းစာဖြတ်ပိုင်းတွေကို လိုသလိုပြုပြင်ဖန်တီးပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား တွေ ပျံ့နှံ့နေတာလည်းဖြစ်ပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူး က အချက်အလက်စစ်ဆေးထားတဲ့ ဒီလိုပုံစံ သတင်းအမှားတစ်ပုဒ်ကိုလည်း ဒီလင့်ခ်မှာ ဝင်ရောက် ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူး ၏ရဲ့ စာဖတ်သူတွေအနေနဲ့လည်း သတင်းစာဖြတ်ပိုင်းပုံစံ ဖြန့်ဝေထားတဲ့ သတင်းတွေကို တွေ့ပြီဆိုရင် အဲဒီသတင်းမှာ ပါဝင်တဲ့အကြောင်းအရာဟာ တကယ် ဟုတ်/မဟုတ် Google မှာ keywords search နဲ့ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် ပို့စ်တင်သူကိုလည်း ဒီအကြောင်းအရာဟာ ဘယ်သတင်းဌာနက တင်သလဲ ဆိုတာမျိုးကို မေးမြန်းနိုင်သလို၊ ကိုယ်တိုင်လည်း သတင်းဌာနတွေမှာ တင်/မတင် တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။

ဒါပေမယ့် အဲဒီလို လုပ်ငန်းစဉ်တွေလုပ်ရတာ ကိုယ့်အတွက် အခက်အခဲရှိနေတယ်ဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို လာရောက်မေးမြန်းလို့ရပါတယ်။ သတင်းစာဖြတ်ပိုင်းတွေကိုအသုံးပြုပြီး သတင်းအမှား ဖြန့်ဝေတာမျိုးတွေလည်းရှိနေတာမို့လို့ သတင်းအမှန်မှန်း မသေချာသေးပဲနဲ့ Share မပြုလုပ်ဖို့ကို တော့ သတိပေးလိုက်ပါရစေ။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/