Fact Check| မဲမသမာမှုတွေ ဖြေရှင်းပြီးမှ အစိုးရဖွဲ့သင့်တယ်လို့ NLD နာယက ဦးဝင်းထိန် မပြောပါ။

မဲမသမာမှုတွေ ဖြေရှင်းပြီးမှ အစိုးရဖွဲ့သင့်တယ်လို့ NLD နာယက ဦးဝင်းထိန်က ပြောကြားတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေပါတယ်။ အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒီသတင်းဟာ သတင်းအမှား ဖြစ်တဲ့အကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် မယုံကြည်ကြဖို့ ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ စာဖတ် သူတွေကို အသိပေးလိုက်ရပါတယ်။

သတင်းစာ တစ်ခုမှာ ရေးသားထားသလို ပုံစံနဲ့ လူတွေယုံကြည်အောင် အယုံသွင်းပြီး ဒီသတင်းအမှားကို ဖြန့်ဝေထားတာပဲဖြစ်ပါတယ်။ အဆိုပါ သတင်းအမှားထဲမှာတော့ မဲခိုးတာကို လက်မခံကြောင်း၊ နိုင်ငံခြားသား အကြံပေးတွေက လုပ်ဆောင်နေကြောင်း၊ မဲရုံမှူး ဆရာ/ဆရာမ တွေ လစာတိုးသွားကြောင်း စတဲ့ ပြောစကား အတု တွေ ပါဝင်ပါတယ်။ဒီသတင်းကို မန်ဘာအရေအတွက် လေးသိန်း သုံးသောင်းကျော် ရှိတဲ့ ဖေ့ဘွတ်ခ် ဂရု တစ်ခု နဲ့ မန်ဘာအရေအတွက် နှစ်သိန်း ခုနှစ်သောင်းကျော်ရှိတဲ့ ဖေ့ဘွတ်ခ် ဂရုတစ်ခုမှာ ဖြန့်ဝေထားတာ ကို တွေ့ရပါတယ်။ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ Web Archive link ကို တော့ ဒီမှာဒီမှာ နဲ့ ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

(၁) သတင်းစာမှာပါဝင်တဲ့ စာမျက်နှာတစ်ခုကို photoshop နဲ့ပြုပြင်ပြီး ပြန်လည်ပြင်ဆင်ထားတယ်လို့ ယူဆရတဲ့ အတွက် ယခုရက်သတ္တပတ်အတွင်း ထွက်ရှိခဲ့တဲ့ သတင်းစာမျက်နှာဖုံးတွေကို သက်ဆိုင်ရာ သတင်းဌာနတွေရဲ့ ပေ့ချ်တွေမှာ သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။

စံတော်ချိန်သတင်းစာမျက်နှာဖုံးမှာ ပါဝင်တဲ့ အပိုင်းကို လိုသလို ပြုပြင်ဖန်တီးပြီး သတင်းအမှားဖြန့်ဝေထားတာကို တွေ့နိုင်ပါတယ်။

(၂) အဲဒီလို ကြည့်ရှုစစ်ဆေးတဲ့အခါမှာ သတင်းအမှားရဲ့ အပေါ်ဘက်မှာ ပါဝင်တဲ့ “UGMH အဖွဲ့သည် ထိုင်းနိုင်ငံ” ဆိုတာနဲ့ “စာမျက်နှာ ၂၆”ဆိုတာကို သတင်းစာမျက်နှာတွေမှာ ဖော်ပြထား/မထား လိုက်လံရှာဖွေကြည့်တဲ့အခါ စံတော်ချိန်သတင်းစာမှာ ဖော်ပြထားတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီလင့်ခ်မှာ သွားကြည့်ပြီး တိုက်ဆိုင်စစ်ဆေး နိုင်သလို အထက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံမှာလည်း တူညီမှုကို တွေ့နိုင်ပါတယ်။

(၃) ဒီသတင်းအမှားနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာမှာလည်း “ကျွန်တော်နဲ့ ဒေါက်တာဇော်မြင့်မောင် နှစ်ဦးထဲကပဲ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ တွေဖြစ်ကြပါတယ်။ ကျန်တဲ့သူတွေ ပြောတာမျိုးက ပါတီရဲ့သဘောထားမဟုတ်ပါဘူး။ ဒီသတင်းဟာလည်း သတင်းအမှားပဲဖြစ်ပါတယ်။နောက်ပြီးသတင်းအမှားတွေနဲ့ပတ်သက်ရင်ဒီသတင်းအမှားတွေက ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ကိုယ်ကျိုးအတွက် ဖြန့်ဝေနေကြတာပဲဖြစ်ပါတယ်။ဒါကို ဖတ်ရှုသူတွေအနေနဲ့ နိုင်ငံရေးအသိနဲ့ ဆင်ခြင်ပြီး ဖတ်ရှုပြီးမှ မျှဝေဖို့လိုပါတယ်” လို့ ဟုတ်တယ် vs မဟုတ်ဘူးကို ပြောကြားပါတယ်။

(၄) ဒါကြောင့်မို့လို့ ဒီသတင်းဟာ စံတော်ချိန် သတင်းစာရဲ့ မျက်နှာဖုံးမှာ ပါဝင်တဲ့ အပိုင်းအစတစ်ခုကို လိုသလို အသုံးပြုပြီး ဖန်တီးဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ စာဖတ်သူတွေအနေနဲ့လည်း သတင်းစာဖြတ်ပိုင်းပုံစံ ဖြန့်ဝေထားတဲ့ သတင်းတွေကို တွေ့ပြီဆိုရင် အဲဒီသတင်းမှာ ပါဝင်တဲ့အကြောင်းအရာဟာ တကယ် ဟုတ်/မဟုတ် Google မှာ keywords search နဲ့ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် ပို့စ်တင်သူကိုလည်း ဒီအကြောင်းအရာဟာ ဘယ်သတင်းဌာနက တင်သလဲ ဆိုတာမျိုးကို မေးမြန်းနိုင်သလို၊ ကိုယ်တိုင်လည်း သတင်းဌာနတွေမှာ တင်/မတင် တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။
ဒါပေမယ့် အဲဒီလို လုပ်ငန်းစဉ်တွေလုပ်ရတာ ကိုယ့်အတွက် အခက်အခဲရှိနေတယ်ဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို လာရောက်မေးမြန်းလို့ရပါတယ်။ သတင်းစာဖြတ်ပိုင်းတွေကိုအသုံးပြုပြီး သတင်းအမှား ဖြန့်ဝေတာမျိုးတွေလည်းရှိနေတာမို့လို့ သတင်းအမှန်မှန်း မသေချာသေးပဲနဲ့ Share မပြုလုပ်ဖို့ကို တော့ သတိပေးလိုက်ပါရစေ။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/