Fact Check| သောက်ရေသန့်ကို မီးနဲ့ကျိုချက်သောက်ရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာ မှားယွင်းတဲ့ အချက်အလက်ဖြစ်ပါတယ်

ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေ ဒီရက်ပိုင်းမှာ ဖေ့ဘွတ်ခ်ပေါ်မှာသတိပြုမိတဲ့ အချက်အ လက်မှားယွင်းနေတဲ့ ပို့စ်တစ်ခုကိုပြောပြပေးချင်ပါတယ်။ အဲ့ဒီပို့စ်ကတော့ သောက်ရေသန့်ကို ကျိုချက်သောက်ရင် ကင်ဆာရောဂါဖြစ်စေနိုင်တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ်တစ်ခုပါ။ 

အဲ့ဒီပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ မျှဝေထားတာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာကို ပြန်လည် ဝေမျှသူတွေအများအပြားရှိနေတဲ့အတွက် အချက်အလက်စစ်ဆေးပြီး မှားယွင်းကြောင်းကို အသိပေးရခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ပို့စ်မှာ ပါဝင်တဲ့ အချက်အလက်တွေကတော့ ရေသန့်ကို ရေနွေးကျိုသောက်တာ မဟုတ်ပဲ နေပူထဲချထားရင်တောင်ကင်ဆာဖြစ်ပါတယ် ရေသန့်ဖြစ်ဖို့ကလိုရင်းဆေးခပ်ရပါတယ် ရေသန့်ထဲမှာထည့်ထားတဲ့ ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ ကလိုရိုဖောင်းဓာတ်အဖြစ်ပြောင်းလဲသွားပြီး ကြာရှည်အပူပေးသုံးစွဲလာတဲ့အခါ မအီမသာဖြစ်ခြင်း ခေါင်းကိုက်ခြင်း ပျို့အန်ခြင်း အမည်မဖော်နိုင်တဲ့ရောဂါတွေဖြစ်လာခြင်းများဖြစ်ပေါ်လာပြီး ကင်ဆာဘက်ကိုနွယ်လာနိုင်တာမျိုးဖြစ်နိုင်ချေများပါတယ် ဆိုပြီး မျှဝေထားတာဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ တကယ်ပဲလားဆိုတာကိုအချက်အလက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ မှားယွင်းတဲ့အချက်အလက်တွေကို ကိုးကားပြီး ရေးသားထားခြင်းဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

 

ဘာလို့အချက်အလက်အမှားလို့ပြောရတာလဲဆိုရင် 

 

  • ပို့စ်ထဲမှာရေးသားထားတဲ့ ရေသန့်ထဲမှာပါဝင်တဲ့ ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါမှာ ကလိုရိုဖောင်းဓာတ်ငွေ့အဖြစ်ပြောင်းလဲသွားပြီး ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေနိုင် တယ်ဆိုတာက လုံးဝမှားယွင်းပါတယ်။ သောက်ရေသန့်မှာ ကလိုရင်းပါဝင်ခြင်းမရှိပါဘူး။ ကလိုရင်းကို ရေကူးကန်တွေ အများပြည်သူသုံး မြို့ပြရေပေးဝေရေး စီမံကိန်းတွေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့်၊ အရေးပေါ် သောက်ရေလိုအပ်တဲ့ အခြေအနေမျိုးတွေမှာပဲ သတ်မှတ်ထားတဲ့ ပမာဏကိုပဲ အသုံးပြုတာဖြစ်ပါတယ်။ အမေရိကန်အစိုးရ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးစင်တာ ရဲ့ ဝဘ်ဆိုက်ဒ်မှာ ကလိုရင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကို သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။  ဒီလင့်ခ် ကနေသွားရောက်ဖတ်ရှုနိုင်ပါတယ်။  
  • WHO အဖွဲ့ကြီးကလည်း သောက်ရေသန့်ကိုကျိုချက်သောက်ရင် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာမျိုးကို ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။ ဆေးပညာသုတေသန လည်း မရှိပါဘူး။ 

 

  • မြန်မာနိုင်ငံမှာထုတ်လုပ်ဖြန့်ဖြူးနေတဲ့ သောက်ရေသန့်တွေထဲမှာ ကလိုရင်းပါဝင်ခြင်းမရှိတဲ့အတွက် ရေနဲ့ကျိုချက်သောက်တာဟာ ကျန်းမာရေးအတွက်အန္တရာယ်မဖြစ်ဘူးလို့ မြန်မာနိုင်ငံသောက် ရေသန့် လုပ်ငန်းရှင်များအသင်း ဥက္ကဌဖြစ်သူ ဦးရဲထွဋ်က ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ ဆက်သွယ်မှုကို ပြန်လည် ဖြေကြားပါတယ်။ 

 

  • “ သောက်ရေသန့်ထဲမှာပါတဲ့ကလိုရင်းကြောင့် ရေ ကိုကျို ချက်သောက်ရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့သောက်ရေသန့်တွေမှာ ကလိုရင်းမပါဝင်ပါဘူး။ မြန်မာနိုင်ငံ FDA ကလည်း ခွင့်မပြုထားပါဘူး။ သောက်ရေသန့်ကိုကျိုချက်သောက်ရင် ကင်ဆာဖြစ်တယ်ဆိုတာလုံးဝမဟုတ်ပါဘူး။ နောက်ပြီး ရေသန့်ကိုနေပူထဲမှာကြာရှည်ထားရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာက ရေသန့်ကဖြစ်တာမဟုတ်ပါဘူး။ ရေသန့်ကိုထည့်ထားတဲ့ပလပ်စတစ် ဗူးက နေရောင်ခြည်ထဲမှာကြာရှည်ထားရင်ဓာတ်ပြုတာကြောင့်ဖြစ်ပါတယ်။ အခုဖေ့ဘွတ်ခ်မှာ ပျံ့နေတဲ့ ရေသန့်ကို ကျိုချက်သောက်ရင်ကင်ဆာဖြစ်စေနိုင်တယ်ဆိုလုံးဝမဟုတ်ပါဘူး”   လို့ ၎င်းက ဖြေကြားပါတယ်။
     

 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့  လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို  တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။

တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/