Fact Check| အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှု ဖြစ်စဉ် စ/ဆုံး ဆိုပြီး ပျံ့နှံ့နေတဲ့ သတင်းဗီဒီယိုအမှား

အင်ဒိုနီးရှားနိုင်ငံက လေယာဉ်ပျက်ကျမှု ဖြစ်စဉ် အစ/အဆုံးဆိုပြီး ဗီဒီယိုတစ်ခု ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာ ဒီသတင်းဗီဒီယိုမှာ ပါဝင်တဲ့ ဗီဒီယို ကလစ် အပိုင်းအစတွေဟာ အင်ဒိုးနီးရှား လေယာဉ်ပျက်ကျမှုရဲ့ ဗီဒီယိုတွေမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် ဒီသတင်းဗီဒီယိုကို မယုံကြည်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

ဒီဗီဒီယို ကို ဇန်နဝါရီ ၁၁ ရက်နေ့က တင်ထားတာဖြစ်ပြီးတော့ ကြည့်ရှုသူ တစ်သန်းကျော်အထိ ရှိနေပြီး Share ပြုလုပ်သူ ၈၄၀၀ ကျော်အထိ ရှိနေပါပြီ။ဒါ့အပြင် ဒီဗီဒီယိုကို ကူးယူဖော်ပြပြီး ပြန်တင်တဲ့ ဗီဒီယိုတွေလည်း ဖေ့ဘွတ်ခ်ပေါ်မှာ အများအပြားရှိနေတာကို တွေ့ရပါတယ်။ဒီဗီဒီယိုဟာ ဗီဒီယို အပိုင်းအစပေါင်းများစွာကို ဆက်ထားတာဖြစ်ပြီးတော့ ပျက်ကျသွားတဲ့ အင်ဒိုးနီးရှား လေယာဉ်မထွက်ခွာခင်ကနေ လေယာဉ်ရဲ့ အပိုင်းအစ တွေကို ရှာဖွေတဲ့အထိ တင်ပြထားပါတယ်။ ဗီဒီယိုဖိုင်ဟာ ၉မိနစ်နဲ့ စက္ကန့်သုံးဆယ်နီးပါးရှည်လျှားပါတယ်။မူရင်း ဗီဒီယိုကို ဒီမှာ ကြည့်နိုင်ပါတယ်။ Web Archive Link ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။

ဘာလို့ ဗီဒီယိုအမှားလို့ပြောရတာလဲဆိုရင်

  • ဗီဒီယိုမှာ ပါဝင်တဲ့ အပိုင်းအစ ပေါင်းများစွာကို Invid Video Tools Kit နဲ့ ပုံရိပ်တစ်ခုချင်းစီကို ဖမ်းယူတဲ့ Keyframe နဲ့ စစ်ဆေးလိုက်တဲ့အခါမှာ ဒီဗီဒီယိုမှာ ပါဝင်တဲ့ ၄၅ စက္ကန့် ကနေ ၄မိနစ် ၅၀ စက္ကန့်အထိဟာ  ယခင်က လေယာဉ်ပျက်ကျတဲ့ ဗီဒီယိုဖိုင်အဟောင်းများစွာကို ဖြတ်ညှပ်ကပ်ပြီး ထည့်သွင်းထားတယ်ဆို တာကိုတွေ့ရပါတယ်။

  • ဒီဗီဒီယိုရဲ့ ၄၅ စက္ကန့်ကနေ ၂မိနစ် စက္ကန့် ၄၀ အထိ ဟာ ၂၀၁၆ ခုနှစ်က Ethiad လေယာဉ်ပေါ်မှာ ဖြစ်ပွား ခဲ့တဲ့ ဗီဒီယိုကလစ် တစ်ခုကို သုံးစွဲထားတာဖြစ်ပါတယ်။ ယူအေအီးနိုင်ငံ အဘူဒါဘီ မြို့ကနေ ဂျာကာတာ မြို့ကို ပျံသန်းစဉ်မှာ လေယာဉ်ပေါ်က
    မြင်ကွင်းတစ်ခုကို ခရီးသည်တစ်ဦးက ရိုက်ယူထားတာပဲဖြစ် ပါတယ်။ ဒါကို CNN သတင်းဌာနက ပြန်လည်ဖော်ပြခဲ့ပြီး ဗီဒီယိုဖိုင်ကိုတော့ ဒီမှာ ကြည့်ရှုပြီး တိုက် ဆိုင်စစ်ဆေးနိုင်ပါတယ်။

    မူရင်းဗီဒီယိုမှာ CNN သတင်းဌာနက ၂၀၁၆ ခုနှစ်ကတည်းက youtube တွင် တင်ထားသော ဗီဒီယိုဖြစ်သည်

  • ဒါ့အပြင် ၂မိနစ် စက္ကန့် ၄၀ကနေ ၄မိနစ် စက္ကန့် ၅၀ အထိ ပြသထားတဲ့ ဗီဒီယိုကလစ်ဟာလည်း ၂၀၁၄ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဟာဝါယီကျွန်းကို သွားတဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်တဲ့ ဖြစ်စဉ်ကို ခရီးသည်တစ်ဦးက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်။ ဒါကို ABC သတင်းဌာနက ပြန်လည်ဖော်ပြ ခဲ့ပြီး ဗီဒီယိုကိုတော့ ဒီမှာ ကြည့်ရှုပြီး တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။

  • ဒီသတင်းမှားဗီဒီယိုမှာ ဗီဒီယိုနဲ့ ဓာတ်ပုံ အပိုင်းအစ ပေါင်းများစွာပါဝင်ပြီး အချက်အလက်စစ်ဆေးမှုတွေ အရ ပျက်ကျ လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေနေတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲကသာလျှင် သတင်းဗီဒီယိုအမှန် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေနေတဲ့  သတင်းဗီဒီယိုဖိုင်နဲ့ လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းကို ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

  • Sriwijaya ဘိုရင်း ၇၃၇ SJ ၁၈၂  လေယာဉ်ဟာ ဇန်နဝါရီ ၉ ရက်နေ့က ဂျာကာတာလေဆိပ်ကနေထွက်ခွာပြီး ဂျာဗားပင်လယ်ပြင်ထဲအရောက်မှာ မတော်တဆမှုဖြစ်ခဲ့တာဖြစ်ပါ တယ်။ ခရီးသည် ၆၂ ဦးကိုသယ်ဆောင်လာတဲ့ လေယာဉ်ဖြစ်ပါတယ်။
    လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်သတင်းကို သိချင်ရင်တော့
    ဒီမှာ ဝင်ဖတ်နိုင်ပါတယ်။

  • ဒီလိုအချက်အလက်စစ်ဆေးမှုတွေအရ အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှုဆိုတဲ့ ဗီဒီယိုဟာ ဗီဒီယိုဖိုင်အဟောင်းတွေကို ဖြတ်ညှပ်ကပ် ပြုလုပ်ထားတဲ့ ဗီဒီယိုအမှားသာလျှင်ဖြစ်ပါတယ်ဆိုတာ သက်သေပြနိုင်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသက်တွေအနေနဲ့လည်း ဒီလို ဗီဒီယိုဖိုင်ပေါင်းများစွာ ဆက်ထားတဲ့ ဗီဒီယိုတွေကို တွေ့မယ်ဆိုရင် ဗီဒီယိုမှာ ပါဝင်တဲ့အချက်အလက်တွေကို သေသေချာချာကြည့်ရှုဖို့လိုပါတယ်။ ဒါ့အပြင် Invid Video Tools Kit နဲ့လည်း စစ်ဆေးတာတွေပြုလုပ်နိုင်ပါတယ်။ အကယ်၍ စစ်ဆေးဖို့လည်း အချိန်မရှိဘူးဆိုရင်တော့ အလျင်စလို Share တာတွေ မပြုလုပ်သေးပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကိုအရင်ဆုံး လာရောက်မေးမြန်းပြီး သတင်းအမှား/အမှန် စိစစ်ခိုင်းဖို့ကိုတော့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/