Fact Check| အစိုးရသစ်နဲ့ ဌာနဆိုင်ရာတွေမှာ စစ်သားဟောင်းတွေကို ဦးစားပေးဖယ်ရှားမယ်လို့ ဒေါက်တာဇော်မြင့်မောင် မပြောပါ။

အစိုးရသစ်နဲ့ အစိုးရဌာနဆိုင်ရာတွေထဲမှာ စစ်သားဟောင်းတွေကို ဦးစားပေးဖယ်ရှားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ပြောကြားတယ် ဆိုတဲ့ သတင်းတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။ ဒါကြောင့်အချက်အလက်စစ်ဆေးကြည့် တဲ့အခါမှာ သတင်းအမှားဖြစ်တဲ့အတွက် ဒီသတင်းကိုမယုံသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ဒီသတင်းအမှားကို Newspowermedia ဆိုတဲ့ ဖေ့ဘွတ်ခ် ပေ့ချ် တစ်ခုက တင်ထားတာဖြစ်ပြီးတော့ ပြန်လည်ကူး ယူတင်သူတွေ၊ Share ပြုလုပ်သူ အရေအတွက်ကလည်း ၄၀၀ ကျော်အထိရှိနေပါတယ်။ သတင်းအမှားမှာ ရေးသား ထားတာတွေကတော့ အစိုးရဌာနဆိုင်ရာတွေထဲမှာ ရှိနေတဲ့ စစ်သားဟောင်းတွေကို ဖယ်မယ်၊ ကာကွယ် ရေးဝန်ကြီးလိုနေရာမျိုးတောင် ဖယ်ရှားဖို့ အစီအစဉ်ရှိတယ်လို့ ဒေါက်တာဇော်မြင့်က ပြောကြားတယ်ဆိုပြီး သတင်းအမှား ဖန်တီးထားတာဖြစ်ပါတယ်။သတင်းအမှားရဲ့ Web Archive Link ကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

 

  • ဧရာဝတီသတင်းဌာနက  ဒီသတင်း မှာ ပါဝင်တဲ့ ဓာတ်ပုံကို ယူသုံးပြီး သတင်းကို လိုသလို တည်းဖြတ်ထားတဲ့ သတင်းမှား ဖြစ်ပါတယ်။ 
  • ဒါ့အပြင် ဒီသတင်းကို Googel မှာ keywords search နဲ့ ရှာဖွေကြည့်ရာမှာ သတင်းမီဒီယာလုပ်ငန်းစဉ် အတိုင်းဖော်ပြနေတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမျိုး လုံးဝမရှိပါဘူး။ 
  • မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ ဖေ့ဘွတ်ခ် ပေ့ချ် နဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် မှာလည်း ဖော်ပြထားတာမျိုးမရှိပါဘူး။
  • သတင်းအမှားကို တင်တဲ့ Newspowermedia ဆိုတဲ့ ဖေ့ဘွတ်ခ် ပေ့ချ်ဟာ သတင်းမီဒီယာလုပ်ငန်းစဉ် အတိုင်းလုပ်ဆောင်နေတဲ့သတင်းမီဒီယာတစ်ခုမဟုတ်ပါဘူး။ လေ့လာကြည့်တဲ့အခါ ပေ့ချ်ကို ကိုင်တွယ်တဲ့ သူကလည်း တစ်ဦးထဲ ဖြစ်နေပြီး ၊သတင်းမီဒီယာရဲ့ နေရပ်လိပ်စာ၊ ဝက်ဘ်ဆိုဒ်၊ ဆက်သွယ် လို့ရမယ့် ဖုန်းနံပါတ်စတာတွေကိုလည်း ဖော်ပြထားတာမျိုးမရှိပါဘူး။
  • ဒါကြောင့် ဒီသတင်းဟာ ဒေါက်တာဇော်မြင့်မောင် တကယ်မပြောပဲ ပြောစကားအတု လုပ်ပြီး ဖန်တီးထား တဲ့ သတင်းအမှားသာလျှင်ဖြစ်ပါတယ်။
     

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသက်တွေအနေနဲ့လည်း ဖေ့ဘွတ်ခ်ပေါ်မှာ တွေ့ရတဲ့သတင်းတိုင်းကို မယုံကြည်ပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့သတင်းဌာနတွေ၊ သက်ဆိုင်ရာ အစိုးရဖွဲ့ရဲ့ ပေ့ချ်၊ ဝက်ဘ်ဆိုဒ် စတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။
အကယ်၍ တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင် လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chatbot ကိုပေးပို့ပြီး သတင်းအမှား/အမှန်လာရောက် စိစစ်ခိုင်းလို့ ရပါတယ်။