Fact Check| ၂၀၂၀ ခုနှစ်အတွင်း Facebook ပေါ်မှာ မြန်မာလူထုကို အလှည့်ဖျားနိုင်ဆုံး သတင်းအမှား ၁၀ ခု

အားလုံးပဲ ကိုယ်စိတ်ကျန်းမာချမ်းသာမယ့်ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေက နှစ်သစ်ဆုမွန်ကောင်းအရင်ဆုံးတောင်းပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း မှာ မြန်မာဖေ့ဘွတ်ခ်သုံးစွဲသူတွေအကြားမှာ ရေပန်းစားပျံ့နှံ့ခဲ့တဲ့ သတင်းအမှားတွေအများကြီးထဲကမှ လူစိတ်ဝင်စားမှုပိုများခဲ့တဲ့ သတင်းအမှား ၁၀ ခုကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက ပြန်လည် ထုတ်နုတ်တင်ပြပေးလိုက်ပါတယ်။ 

 

(၁) ရသေ့တောင်မြို့ သမီးလှရွာကို မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲတွေဖြစ်ပွား နေခဲ့စဉ်မှာပဲ စစ်ရေးကို အရှိန်မြှင့်စေမယ့်သတင်းအတု/သတင်းအမှားတွေဟာ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ နေရာယူထားပါတယ်။ အဲ့ဒီ စစ်ရေးဆိုင်ရာသတင်းအမှားတွေထဲမှာ လူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့သတင်းအ မှားတစ်ခုကတော့ “ကြွက်မနိုင်ကျီမီးရှို့တဲ့ မအလတွေ ရသေ့တောင်မြို့ သမီးလှရွာကို မီးရှို့လိုက်ကြပြန်ပြီ” ဆိုတဲ့ စာသားနဲ့အတူ ကျေးရွာတစ်ရွာအတွင်း မီးလောင်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုတင်ထားတာဖြစ်ပါ တယ်။

အဲ့ဒီသတင်းက ဖေ့ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပြီးတော့ Like ပြုလုပ်သူ ၃သောင်းကျော်နဲ့ Share ပြုလုပ်သူ တစ်သောင်းတစ်ထောင်ကျော် ရှိနေတဲ့အတွက် ဟုတ်တယ် Vs မဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေးသူတွေက စစ်ဆေးခဲ့ရာ မှာတော့ ထိုင်း-မြန်မာနယ်စပ် မယ်စူရင်းဒုက္ခသည်စခန်းမှာ ၂၀၁၃ခုနှစ်က ဖြစ်ပွားခဲ့တဲ့မီးလောင်မှုသတင်း ဖြစ်ကြောင်း စိစစ် တွေ့ရှိရပါတယ်။  သတင်းစိစစ်ချက် အပြည့်အစုံကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

(၂) ရန်ကုန်ဆေးရုံကြီးမှာ ပိုးတွေ့လူနာ ၃၃ဦးရှိနေတယ်ဆိုတဲ့ အသံဖိုင်သတင်းအမှား

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ဟာ ပြီးခဲ့တဲ့နှစ်  မတ်လ ၂၃ ရက်မှာ မြန်မာနိုင်ငံကိုစတင်ဝင်ရောက်လာခဲ့ပါ တယ်။မြန်မာနိုင်ငံအတွင်း ပထမဆုံးသော ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ ၂ဦးကိုတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၃ ရက်နေ့မှာ စတင်ကြေညာခဲ့တဲ့ရက်ကစပြီး နောက်ရက်တွေမှာ ကိုဗစ်ပိုးတွေ့လူနာတွေနဲ့ပတ်သက်တဲ့ ကောလာဟလ သတင်းအမှားတွေ/အတု တွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာ့ဖေ့ဘွတ်ခ်သုံးစွဲသူတွေအ ကြားမှာပွက်လောညံခဲ့တဲ့ သတင်းအမှားတစ်ခုကတော့ ရန်ကုန်ဆေးရုံကြီးမှာ ပိုးတွေ့လူနာ ၃၃ ဦးရှီနေတယ်ဆိုပြီး အသံဖိုင်နဲ့ ဖြန့်တဲ့သတင်းအမှားပဲဖြစ်ပါတယ်။ အဲ့ဒီအသံဖိုင်သတင်းအမှားဟာ မတ်လ ၂၃ရက် ညဘက်မှာထွက်ပေါ်လာတာဖြစ်ပြီးတော့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း သူ့အကောင့်မှာ ဒီသတင်းဟာ သတင်းမှား ဖြစ်ကြောင်းနဲ့ အဲဒီအသံဖိုင်ပိုင်ရှင်  အမျိုးသမီးကို ရှာဖွေနေကြောင်း ကို မတ်လ ၂၄ ရက်မှာ ပြန်လည်ဖြေရှင်းရေးသားခဲ့ရတဲ့အထိ လူထုကြားမှာပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ သတင်းစိစစ်ချက်အပြည့်အစုံကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

(၃)အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်းငိုကြွေးတယ်ဆိုပြီး ဖြန့်ခဲ့ကြတဲ့သတင်းအမှား 

၂၀၂၀ ခုနှစ် မတ်လအတွင်းမှာ အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုက ကြောက်စရာကောင်းလောက် အောင်မြင့်တက်ခဲ့တဲ့အချိန်မှာပဲ လူမှုမီဒီယာတွေပေါ်မှာ သတင်းအမှားတွေက ဆက်တိုက်ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားတွေထဲမှာမှ ဟုတ်တယ် Vs မဟုတ်ဘူး က အချက်အလက်စစ်ဆေးခဲ့တဲ့ သတင်းအမှား တစ်ခုကတော့ အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်း ငိုကြွေးတယ်ဆိုတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားဟာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့အတွက် ဟုတ်တယ် vS မဟုတ်ဘူးအဖွဲ့သားတွေဟာ မြန်မြန်ဆန်ဆန်ပဲ သတင်းအမှားဖြစ်ကြောင်းတန်ပြန်နိုင်ခဲ့ပါတယ်။ သတင်းစိစစ်ချက်အပြည့်အစုံကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

(၄)အီတလီနိုင်ငံမှာဆေးရုံတွေပေါ်မှာထားစရာမရှိတော့လို့လမ်းတွေပေါ်မှာ လူနာတွေထားနေရတယ် ဆိုပြီးဖြန့်တဲ့သတင်းအမှား 

 ၂၀၂၀ ခုနှစ် မတ်လအတွင်းမှာ အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ကြောင့် လူသေဆုံးမှုတွေနဲ့ လူနာတွေဟာ များပြားလာတဲ့အခိုက်မှာပဲ ဆေးရုံတွေပေါ်မှာ ထားစရာမရှိတော့လို့ လမ်းမတွေပေါ်မှာ လူနာတွေထား နေရတယ်ဆိုတဲ့ သတင်းအမှားဟာ ပျံ့နှံ့ခဲ့ပါတယ်။ မြန်မာဖေ့ဘွတ်ခ်သုံးစွဲသူတွေဟာ ဒီသတင်းအမှား ကိုတကယ်ထင်မှတ်ပြီးပြန်လည်ဝေမျှခဲ့ကြတာပါ။  ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေဟာ အဲ့ဒီသတင်းကိုအချက်အလက်စစ်ဆေးကြည့်ရာမှာတော့ မတ်လ ၂၂ ရက်က ခရိုအေးရှားနိုင်ငံ ဇာဂရက်မြို့မှာ လှုပ်ခဲ့တဲ့ ငလျင် ပုံတွေကို အသုံးပြုထားပြီးတော့ အီတလီနိုင်ငံမှာ ဖြစ်ပွားသယောင် သတင်းအမှားပြုလုပ်ဖန်တီးထားတာဖြစ်တဲ့အကြောင်းကို စိစစ်နိုင်ခဲ့ပါတယ်။ သတင်းစိစစ်ချက်အပြည့်အစုံ ကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

(၅) Facebook Team က မြန်မာ ၂ဦး Covid 19 ကူးစက်ခံရတယ်ဆိုတဲ့ သတင်းအမှား

ဒီသတင်းအမှားကတော့ နည်းစနစ်တကျ လှည့်ဖျားခဲ့တဲ့ သတင်းအမှားတစ်ခုပဲဖြစ်ပါတယ်။ ဘယ်လောက်တောင် ပိရိသေသပ်လဲဆိုရင်သာမာန်ဖေ့ဘွတ်ခ်အသုံးပြုသူတွေကိုသာမကပဲ သတင်းမီဒီယာ ကြီးတစ်ခုဖြစ်တဲ့ DVB သတင်းဌာနကိုပါအရူးလုပ်ပြီး လှည့်စားနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံမှာ လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေအမြင့်ဆုံးရောက်ရှိနေဆဲကာလဖြစ်တဲ့ အဲ့ဒီအချိန်မှာပဲံ Facebook Team က မြန်မာ ၂ဦး Covid 19 ကူးစက်ခံရနေရပြီး တစ်ဦးသေဆုံးသွား တယ်ဆိုတဲ့ သတင်းအမှားတွေ  ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့လာတာကို ဟုတ်တယ် vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။ဒါ့ကြောင့် အချက်အလက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီပျံ့နှံ့နေတဲ့သတင်းက သတင်းအမှားဖြစ်ကြောင်းကို စိစစ်တွေ့ရှိရပါတယ်။ သတင်းစိစစ်ချက်အပြည့်အစုံကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

(၆) Forbes ကထုတ်ပြန်တယ်ဆိုတဲ့ ၂၀၂၀ အတွက် မြန်မာ့ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးစာရင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်ပါဝင်နေတဲ့ သတင်းအမှား 

 

၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့မှာ လူမှုမီဒီယာဖြစ်တဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့လာတဲ့ သတင်းတစ်ခုကိုသတိပြုမိခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ Forbes ကထုတ်ပြန်တဲ့ ၂၀၂၀ အတွက် မြန်မာ့အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦးစာရင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီသတင်းကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့africatrendy.com ဆိုတဲ့ဝဘ်ဆိုက်ဒ်ကတင်ထားတာဖြစ်ပြီးတော့ သမ္မတဟောင်း ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးနံပါတ် (၁) နေရာမှာရှိနေတဲ့အတွက် ဖေ့ဘွတ်ခ်အသုံးပြုသူတွေက ပြန်လည်ဝေမျှခဲ့ကြတာပါ။ ဒါပေမယ့် အဲ့ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း ဟုတ်တယ် Vs မဟုတ်ဘူးက ဖော်ထုတ်ခဲ့ပါတယ်။ သတင်းစိစစ်ချက်အပြည့်အစုံကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

(၇) တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်းဆိုတဲ့ ဗီဒီယိုဖိုင်သတင်းအမှား

၂၀၂၀ခုနှစ် မေလ ၂၂ ရက်မှာ အိန္ဒိယနိုင်ငံမှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ အမ်ဖန်မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းသတင်းနဲ့အတူ သတင်းအမှားတွေဟာလည်း ဆက်တိုက်ဆိုသလို ပျံ့နှံ့ခဲ့ပြန်ပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာဖေ့ဘွတ်ခ်အသုံးပြုသူတွေကြားမှာ ရေပန်းစားပျံ့နှံ့ခဲ့တာကတော့ တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်း ဆိုတဲ့စာသားနဲ့အတူဗီဒီယိုဖိုင်တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာပါဝင်တာတွေကတော့ ရေအပြည့်ဖြစ်နေတဲ့ လယ်ကွင်းတွေနဲ့ အဝေးပြေးလမ်းမပေါ် မှာ တုံးလုံးလဲနေတဲ့ကုန်ကားတွေကို ရိုက်ကူးထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။ 

အဲ့ဒီဗီဒီယိုဖိုင်ကို အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားဖြစ်ပြီး ယခင် ၂၀၁၈ ခုနှစ် က အိန္ဒိယနိုင်ငံအရှေ့ပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Cyclone Titli နဲ့ စပ်ဆက်တဲ့ ဗီဒီယိုဖိုင်ဖြစ်ကြောင်းကို  ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သတင်းစိစစ်ချက်အပြည့်အစုံကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

(၈) လက်ချောင်းအတုလုပ်ပြီးမဲခိုးဖို့ကြံစည်နေတယ်ဆိုတဲ့သတင်းအမှား

 

၂၀၂၀ ရွေးကောက်ပွဲကျင်းပပြုလုပ်မယ့်ရက်ကို ကြေညာပြီးတာနဲ့တစ်ပြိုင်နက် ဖေ့ဘွတ်ခ်ပေါ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအမှားတွေဟာ ခပ်စိပ်စိပ်ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာ ဖေ့ဘွတ်ခ်သုံးတွေကြားမှာ ပျံ့နှံ့ရေပန်းစားခဲ့တဲ့ သတင်းအမှားတစ်ခုကတော့ လက်ချောင်းအတုလုပ်ပြီး တော့ မဲခိုးဖို့ကြံစည်နေတယ်ဆိုပြီးတော့ ဖြန့်တဲ့သတင်းအမှားဖြစ်ပါတယ်။ လက်အတုလုပ်ပြီး မဲခိုးဖို့ကြံစည်နေတဲ့ အတွက် မဲပေးတဲ့အခါသေချာစစ်ဆေးဖို့လိုအပ်တယ်ဆိုတဲ့စာသားနဲ့အတူ လက်ချောင်းအတုပုံတွေနဲ့တကွ တင်ထားတာဖြစ်ပါတယ်။  အဲ့ဒီသတင်းကို အချက်အလက်စိစစ်ကြည့် လိုက်ရာမှာတော့ ဂျပန်နိုင်ငံက ယာကူဇာဂိုဏ်းသားဟောင်းတွေအတွက် လက်အတုကို တီထွင်ထားတဲ့ သတင်းက ပုံတွေကိုသုံးပြီး သတင်းအမှားဖြန့်ထားတာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သတင်းစိစစ် ချက်အပြည့်အစုံကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

(၉)  COVID-19 ကာလမှာပိုက်ဆံလှူမယ်ဆိုပြီး သတင်းမှားဖြန့်တဲ့  Facebook Group တွေ 

 

မြန်မာနိုင်ငံမှာ တကျော့ပြန်ပျံ့နှံ့လာတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းအစမှာပဲ လူထုရဲ့ ကျပ်တည်းမှုတွေဟာပိုမို များပြားလာခဲ့ပါတယ်။ အဲ့တာကိုအခွင့်ကောင်းယူပြီးတော့ ဖေ့ဘွတ်ခ်ပေါ်မှာ မသိနားမလည်တဲ့ သူတွေကို ပိုက်ဆံလှူမယ် ဂရုကိုဝင်ထား ဖုန်းနံပါတ်မန့်ခဲ့ Wave ကနေငွေလှူမယ်ဆိုပြီး လှည့်ဖျားတဲ့ ဂရုတွေဟာ အများအပြားရှိလာခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို ဟုတ်တယ် Vs မဟုတ်ဘူးက စုံစမ်းထောက်လှမ်းပြီး အချက်အလက်စိစစ်ထားပါတယ်။ ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

(၁၀) သတင်းမီဒီယာအယောင်ဆောင်ပြီး သတင်းအမှားတွေဖြန့်တဲ့ RFM အမည်နဲ့ အဖွဲ့တစ်ဖွဲ့ 

၂၀၂၀ခုနှစ် ရွေးကောက်ပွဲအတွက် မြန်မာဖေ့ဘွတ်ခ်သုံးစွဲသူတွေကြားမှာ သတင်းအမှားအဖြန့်နိုင်ဆုံး အဖွဲ့ကို ပြပါဆိုရင်တော့ RFM ဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင် အစုအဖွဲ့ကိုပဲ ညွှန်ပြရမှာပါ။ ဒီအဖွဲ့ဟာ စနစ်တကျ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ဖို့အတွက် ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ အစုအဖွဲ့ဖြစ် ပါတယ်။ သူတို့အဖွဲ့က ဖြန့်တဲ့သတင်းအမှားတွေကတော့ လက်ရှိ NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထား တိုက်ခိုက်ပြီး သတင်းအမှားဖြန့်တဲ့အပြင် လူမျိုးရေး ဘာသာရေးကိုလည်း သတင်းအမှားတွေနဲ့ ဆူပူအောင် လှုံ့ဆော်တတ်တဲ့ အစုအဖွဲ့ဖြစ်ပါတယ်။ အဲ့လိုမျိုး အမှားတွေနဲ့ သရဖူဆောင်းထားတဲ့ အစုအဖွဲ့ အကြောင်းကို အသေးစိတ်သိချင်ရင်တော့  ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေက စိစစ်ထားတဲ့ အချက်အလက်စစ်ဆေးချက်ကို ဒီမှာ ဝင်ရောက်ဖတ်ရှုလိုက်ပါ။ 

 

အထက်မှာဖော်ပြခဲ့တဲ့ သတင်းအမှား ၁၀ ပုဒ်က ၂၀၂၀ ခုနှစ်အတွင်းမှာ မြန်မာဖေ့ဘွတ်ခ်လောက ကို ကိုင်လှုပ်နိုင်ခဲ့တဲ့ထိပ်တန်း သတင်းအမှားတွေပဲဖြစ်ပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့ ၂၀၂၁ ခုနှစ်မှာ သတင်းအမှားအန္တရာယ်ကော ကိုဗစ်-၁၉ ရဲ့ အကျိုးသက်ရောက်မှု တွေ/အန္တရာယ်တွေက ကင်းဝေးနိုင်ပါစေလို့ ဆုမွန်ကောင်းထပ်မံတောင်းပေးလိုက်ပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူး ကို အစဉ်တစိုက်အားပေးဖတ်ရှုပေးကြလို့လည်း ကျေးဇူးအထူးတင်ရှိပါတယ်။