Fact Check| လောက်သေရွက်ကြိုသောက်ရင် ကိုဗစ်ရောဂါကို ပျောက်ကင်းနိုင်တယ်ဆိုတဲ့ သတင်းအမှား

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအတု၊ သတင်းအမှားတွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်း မျိုးစုံမှာ ပျံ့နှံ့လျက်ရှိ ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ ကိုဗစ်ရောဂါပျောက်ကင်း တယ်ဆိုပြီး ပျံ့နှံ့နေတဲ့သတင်းအမှားတစ်ပုဒ်ကို ဟုတ်တယ် Vs မဟုတ်ဘူးက သတင်းအချက် အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ကြပါတယ်။ 

ယခင်ကလည်း ဂွေးတောက်ရွက်၊ သက်ရင်းကြီးပင်၊ ဆေးခြောက် စတာတွေက ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းအမှားတွေလဲပျံ့နှံ့ခဲ့ဖူးပါတယ်။

ဒါ့အပြင် “ရေနွေးငွေ့ရှုခြင်း၊ ဆားရည်နဲ့ပလုပ်ကျင်းခြင်းတို့က ဗိုင်းရပ်ကိုသေစေပြီး ကိုရိုနာကိုကင်းစင်စေတယ်” ဆိုပြီး သတင်းမှားတွေလည်းတက်နေပါတယ်။

နှာခေါင်းကို ဆားရည်နဲ့ ဆေးခြင်းအားဖြင့် ကိုဗစ်ရောဂါ မဖြစ်နိုင်ဘူး လို့ ပြောတာတွေဟာ  မှားတယ်ဆိုတဲ့အကြောင်း ကျန်းမာရေးပညာရှင်တွေက နိုင်ငံပိုင်ရုပ်သံတွေကတဆင့် ထောက်ပြထားတာကို ဒီမှာ ကြည့်နိုင်ပါတယ်။

ကြက်သွန်ဖြူစားသုံးခြင်း၊ နှာခေါင်းကိုဆားရည်ဖြင့်စားသုံးခြင်း၊ ရေနွေးပူနဲ့ရေချိုးခြင်း၊ ကွမ်းရွက်ပြုတ် (သို့) ကွမ်းရွက်ပြုတ်ရေသောက်ခြင်း တွေဟာလည်း ကိုရိုနာဗိုင်းရပ်ကို မကူးစက်ဘူးဆိုတဲ့ အထောက်အထားမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတိပေးထားတာတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။

လောက်သေရွက်ကို ကြိုသောက်မယ်ဆိုရင် ကိုဗစ်ရောဂါကို ပျောက်ကင်းနိုင်တယ်ဆိုပြီး ပျံ့နှံ့နေတဲ့ သတင်းအမှား Web Archive Link ကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။ အခြားတနေရာမှာလည်း “ လောက်သေရွက်ကဆေးဘက်ဝင်ပါတယ်အထူးသဖြင့်ပိုးကြောင့်ဖြစ်တဲ့TBတီဘီရောဂါကိုအတော်လေးနိုင်တာတွေ့ရတယ်” လို့အစချီပြီး လောက်သေရွက်က ကိုဗစ်ကိုပျောက်နိုင်တယ်ဆိုတဲ့ သတင်းမှားကို ထပ်ပြီးရေးသားထားတဲ့ Web Archive Link ကို  ဒီမှာ ကြည့်နိုင်ပါတယ်။

 

ဘာလို့ သတင်းအမှားလို့ ပြောရတာလဲဆိုရင်

 

  • ကိုဗစ်ရောဂါ ကာကွယ်ဆေးနဲ့ ကုသဆေးရရှိဖို့အတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သိပ္ပံနည်းကျစမ်းသပ် လေ့လာမှုတွေ ပြုလုပ်ပြီး ဆေးဝါးတွေ ထုတ်လုပ်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ 
  • တစ်ကမ္ဘာလုံးမှာ အမေရိကန်၊ ဂျာမနီ၊ ရုရှား၊ တရုတ် နဲ့ ဗြိတိန်အပါအဝင် နိုင်ငံအတော်များများက ကိိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ စမ်းသပ်ထုတ်လုပ်နေကြပါတယ်။ ဒီထဲမှာ ကာကွယ်ဆေး အချို့ကိုလည်း လူသားတွေမှာ စတင်အသုံးပြုနေပါပြီ။ 
  • လက်ရှိ ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့နေသလို လောက်သေရွက်ကို ကြိုသောက်ရင် ကိုဗစ်ရောဂါ ပျောက်ကင်းနိုင် တယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ထုတ်ဖော်ပြောကြားထားတာ မရှိပါဘူး။ လောက်သေရွက်က ကိုဗစ်ရောဂါ ပျောက်,မပျောက် သိပ္ပံနည်းကျ စမ်းသပ်လေ့လာမှုတွေ လုပ်ထားတာလည်း မရှိပါဘူး။ 
  • မြန်မာနိုင်ငံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(MOHS) ကလည်း လောက်သေရွက်ကြိုသောက် ရင် ကိုဗစ်ရောဂါပျောက်ကင်းနိုင်တယ်ဆိုပြီး သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။ ကိုဗစ်-၁၉ အကြောင်း ကျွမ်းကျင်သူ ဆေးပညာရှင်တွေရဲ့ ဆွေးနွေးချက်တွေကို MOHS ရဲ့ Youtube ဖြစ်တဲ့  ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။ 
  • လောက်သေရွက်ကြိုသောက်ရင် ကိုဗစ်ရောဂါ ပျောက်ကင်းနိုင်သလားဆိုပြီး ဆရာဝန်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ” TB ဆေးဆိုရင် အင်္ဂလိပ်ပိုးသတ်ဆေးက တစ်မျိုးနှစ်မျိုးနဲ့ မရလို့ လေးမျိုး လောက်ပေါင်းပေးရတယ်။ ပိုးသတ်ဆေးလေးမျိုးပေါင်းပေးပြီး ကုနေရတဲ့အချိန်မှာ တိုင်းရင်းဆေးပင်တစ်ခုက TB  ပိုးကို သေတယ်ဆိုတာက ဖြစ်ဖို့ ရာခိုင်နှုန်းနည်းတော်တော် နည်းပါတယ်။ နောက်ကိုဗစ်ကို တိုင်းရင်းဆေးရွက်တစ်မျိုးက နိုင်တယ်လို့ ပြောတယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိတဲ့ ကိစ္စတစ်ခုလို့ သုံးသပ်လို့ ရနိုင်တယ်” ဟု အထွေထွေရောဂါအထူးကုသမားတော် ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြောပါတယ်။
  • ကိုဗစ်-၁၉ ကာကွယ်ဆေး သတင်းအမှားနှင့်ပတ်သက်ပြီး စစ်ဆေးထားတဲ့ သတင်းကိုတွေကိုလည်း ဖော်ပြပါလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ (Link, Link, Link, Link)

 

ဖော်ပြပါအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုရင် လောက်သေရွက်ကို ကြိုသောက်ရင် TB ရောဂါကို နိုင်ပြီး ကိုဗစ်ရောဂါပိုးကို သေစေနိုင်တယ်ဆိုတာ တိကျခိုင်မာတဲ့လေ့လာတွေ့ရှိချက်မဟုတ် ဘဲ ထင်မြင်ယူဆချက်ဖြင့်သာ ရေးသားထားတဲ့ သတင်းအမှားပဲဆိုတာ လေ့လာတွေ့ရှိနိုင်ပါတယ်။ 

 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့သတင်းတွေ ကို တွေ့ရင် အလျင်စလို မယုံကြည်လိုက်ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနရဲ့ တရားဝင်ဝက်ဆိုက်ဘ်နှင့် ဖေ့ဘွတ်ပေ့ချ်တို့နှင့် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။

တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Messanger ChatBot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/