Fact Check| တပ်က အိမ်စောင့်အစိုးရဖွဲ့လိုက်ပြီဆိုတဲ့သတင်းအမှား

တပ်က အိမ်စောင့်အစိုးရဖွဲ့လိုက်ပြီဆိုပြီး ဖန်တီးရေးသားထားတဲ့သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်ပျံ့နှံ့နေတာ ကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။  ဒီသတင်းအမှား ကို Share ပြုလုပ်သူ တစ်ထောင်နီးပါးအထိရှိနေတဲ့အထိ ပျံ့နှံ့ရောက်ရှိနေတာမို့လို့ ဒီသတင်းဟာ သတင်းအမှား ဖြစ်ကြောင်း အချက်အလက်စစ်ဆေးတင်ပြလိုက်ပါတယ်။

ဒီသတင်းမှားကို သီရိ ဆိုတဲ့ အကောင့်တစ်ခုကနေ တင်ထားတာဖြစ်ပါတယ်။ အဆိုပါ အကောင့်မှာတော့ မည်သူမည်ဝါဖြစ်ကြောင်း နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ဓာတ်ပုံတွေကို တင်ထားတာမတွေ့ရပါဘူး။ သတင်းမှားရဲ့ Web Archive Link ကို ဒီမှာကြည့်နိုင်ပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

 

  • တပ်က အိမ်စောင့်အစိုးရဖွဲ့လိုက်ပြီဆိုတဲ့သတင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဝက်ဘ်ဆိုဒ် မှာ လည်း‌ ဖော်ပြထားတာမရှိသလို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာ မှာ လည်း ဖော်ပြ ထားတာမရှိပါဘူး။ 
  • ဒါ့အပြင် နိုင်ငံတော်သမ္မတရုံး နဲ့ ပြန်ကြားရေးဝန်ကြီးဌာနနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝက်ဘ်ဆိုဒ် တွေမှာလည်း ဖော်ပြထားတာမျိုးမရှိပါဘူး။ 
  • သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာမျိုး မရှိပါဘူး။ 
  • ရွေးကောက်ပွဲပြီးတဲ့နောက် ရွေးကောက်ပွဲရလာဒ်ကို မကျေနပ်တဲ့သူတွေက ဖေ့ဘွတ်ခ်ပေါ်မှာ သတင်းအမှားတွေ ဖြန့်နေတာကိုတွေ့ရပါတယ်။ အဲဒီလို ဖြန့်တဲ့နေရာမှာ တပ်ကိုပါ အသုံးချပြီး ဖြန့်လာ တာကိုလည်းတွေ့ရပါတယ်။ ယခင်ကလည်း ရွေးကောက်ပွဲရလာဒ်ကို မကျေနပ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲမသမာမှုတွေကို စုံစမ်းမယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ကို ဖြန့်ခဲ့ပါသေးတယ်။ အဲဒီ သတင်းအမှားထဲမှာလည်း စုံစမ်းတဲ့အဖွဲ့ထဲ တပ်က ပါဝင်မယ်ဆိုပြီး ရေးသားထားပါတယ်။ အချက် အလက်စစ်ဆေးထားတဲ့သတင်းကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။ 
  • ဒါ့ကြောင့်မို့လို့ ဒီသတင်းဟာလည်း ရွေးကောက်ပွဲအပြီးမှာ ပေါ်ပေါက်လာတဲ့ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့လည်း သတင်းတစ်ခုကိုတွေ့ပြီဆိုရင် အမှား/အမှန် သိရအောင်လို့ ဒီလို သတင်းရင်းမြစ်တွေကို လိုက်လံရှာဖွေပြီး တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။အကယ်၍ တိုက်ဆိုင်စစ်ဆေးဖို့အချိန်မပေးနိုင်ဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ် မေးမြန်းနိုင်ပါတယ်။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။