Fact Check| NLD အမတ်လုပ်ကြံခံရပြီးနောက် ထွက်ပေါ်နေသော သတင်းအမှားနှင့် ကောလာဟလများ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် နိုဝင်ဘာ ၂၁ မှာ အသတ်ခံခဲ့ရပြီးတဲ့နောက် ၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ကောလာဟလနှင့် သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းအမှားတွေ ကောလာဟလ အကြောင်းအရာတွေကို မယုံကြည်မိစေဖို့ ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စိစစ်တင်ပြလိုက်ပါတယ်။

(၁) ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေး တော်စပ်သလား

ကွယ်လွန်သူ ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးတော်စပ်တယ်ဆိုတဲ့ သတင်းအမှားတွေလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းအမှားကို တော့ ဒီလင့်ခ် နဲ့ ဒီလင့်ခ် မှာ ဝင်ကြည့်နိုင်ပါတယ်။ Web Archive လင့်ခ် ကိုတော့ ဒီမှာ နဲ့ ဒီမှာ  ဝင်ကြည့်နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိခင်ဖြစ်တဲ့ ဒေါ်စုဟာ ဦးထိုက်ဇော်ရဲ့ ဘိုးဘွားတော်စပ်တဲ့ ဒေါ်မြင့်ဆိုသူ နဲ့ ညီအစ်မ ဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထိုက်ဇော်ဟာ မြေးအဘွား တော်စပ်တယ်ဆိုပြီး သတင်းတွေက ရေးသားထားပါတယ်။

အချက်အလက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့

  • ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိခင်ဖြစ်သူ ဒေါ်စုမှာ ဒေါ်မြင့်ဆိုတဲ့ နာမည်နဲ့ ညီအစ်မ တော်စပ်သူ မရှိဘူးဆိုတာ သိရပါတယ်။ နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားချက်အရ ဗိုလ်ချုပ်ရဲ့ မိခင်ဖြစ်သူ ဒေါ်စုမှာ ဒေါ်မြင့်လို့ ခေါ်တဲ့ ညီအစ်မ တော်စပ်သူ မရှိဘူးဆိုတာ သိရပါတယ်။ နတ်မောက်ဗိုလ်ချုပ်ပြတိုက်မှာ ဖော်ပြထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဆွေစဉ်မျိုးဆက်ဇယားအရ ဗိုလ်ချုပ်မိခင်ဒေါ်စုရဲ့ ညီအမနှစ်ယောက်အမည်က ဒေါ်ပု၊ ဒေါ်ယုပါ။  ဒီလင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။ ပုံမှာလည်း ဝင်ကြည့်နိုင်ပါတယ်။
  • ဒီထွက်ပေါ်နေတဲ့ သတင်းအကြောင်းအရာနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း
    “ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးတော်စပ်တယ်ဆိုတဲ့ ဘာအထောက်အထားမှ ကျွန်တော်တို့ဆီမှာမရှိပါဘူး။ ကျွန်တော်တို့ ဥက္ကဌ (ဒေါ်အောင်ဆန်းစုကြည်) ကလည်း ဒါနဲ့ပတ်သက်လို့ ဘာမှ ပြောကြားထားတာမရှိပါဘူး”
    

    လို့ ဟုတ်တယ် vs မဟုတ်ဘူး ကို ဖြေကြားပါတယ်။

ဦးထိုက်ဇော် မိသားစုဆီကိုတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ဟုတ်တယ် vs မဟုတ်ဘူး က အချက်အလက်စစ်ဆေးသူတွေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

အချက်အလက်စစ်ဆေးမှုတွေအရတော့ ဦးထိုက်ဇော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွေမျိုးတော်စပ်တယ်ဆိုတဲ့ အရင်းအမြစ်တွေ မတွေ့ရပါဘူး။

ဖြည့်စွက်ချက်

အခြားတဖက်မှာတော့ ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးတော်စပ်တာ မှန်ကန်ကြောင်း ဦးထိုက်ဇော်ရဲ့ မိသားစုက Myanmar Now  သတင်းဌာန နဲ့တွေ့ဆုံမေးမြန်းခန်းမှာ အတည်ပြု ပြောဆိုခဲ့ပါတယ်။ ဒီတော်စပ်မှုအကြောင်းကို ဦးထိုက်ဇော် ကိုယ်တိုင်တောင် မသိသွားခဲ့ဘူးလို့လည်း Myanmar Now  သတင်းက ဆိုပါတယ်။

(၂) ဦးထိုက်ဇော်ကို ပြည်ခိုင်ဖြိုးပါတီ အမရပူရမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းက သတ်ခိုင်းတယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမရပူရမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့တဲ့ ဦးသိန်းထွန်းဦးဟာ ထောက်လှမ်းရေး အရာရှိဟောင်း ရဲမိုးကို ငွေ သိန်း ၁၂၅၀ ပေးပြီး  ဦးထိုက်ဇော်ကို သတ်ခိုင်းတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်လည်း ပျံ့နှံလျှက်ရှိပါတယ်။ သတင်းအမှားကို တင်တဲ့ အကောင့်က Ko Sai ဆိုတဲ့ အကောင့်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဆိုပါပို့စ်ကို ပြန်လည် ဖြုတ်ချထားလိုက်ပြီပဲ ဖြစ်ပါတယ်။ Web Archive လင့်ခ် ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ ပြန်လည် ကူးယူပြီး တင်ပြတဲ့ ပို့စ်လင့်ခ် ကို တော့ ဒီမှာ ကြည့်နိုင်ပါတယ်။

ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းထွန်းဦးက ဟုတ်တယ် vs မဟုတ်ဘူးကို အခုလို ဖြေကြားပါတယ် ။

“သတင်းအမှားဖြစ်ပါတယ်။ သတင်းအမှား တင်တဲ့အကောင့်ရဲ့ လင့်ခ်မှာလည်း ကျတော့်အကောင့်နဲ့ သတင်းအမှား ဖြစ်ကြောင်းနဲ့  ဒီလိုစွပ်စွဲသူကို ဖော်ထုတ်အရေးယူဖို့ မှတ်ချက်ပေးထားပါတယ်။"

ပါတီစုံ ဒီမိုကရေစီ စနစ်မှာ ဒီလို အောက်လုံးထိုးပြီး တိုက်ခိုက်နေခြင်းကို ဥပဒေကြောင်းအရ အရေးယူဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် သတင်းအမှားမှန်း သိသိချည်းနဲ့ ထပ်မံဖြန့်ဝေသူတွေကိုလည်း ဥပဒေအကြောင်းအရ လုပ်ဆောင်သွားပါ့မယ်။ ကျွန်တော်တို့ပါတီကလည်း ဒီလို ဒီမိုကရေစီနဲ့ဆန့်ကျင့်ဘက် လုပ်ရပ်ကို လုပ်တဲ့သူတွေကို အရေးယူဖို့ကိစ္စကို ထောက်ခံမယ်လို့ယူဆပါတယ်။ ဦးထိုက်ဇော်သေဆုံးတဲ့ကိစ္စဟာ စိတ်မကောင်းစရာဖြစ်ရပ်၊ မဖြစ်သင့်တဲ့ဖြစ်ရပ် ဖြစ်တယ်လို့လည်း ထင်ပါတယ်”

ဦးသိန်းထွန်းဦး ဖေ့ဘွတ်ခ် စာမျက်နှာမှာလည်း သတင်းအမှားဖြစ်ကြောင်းကိုလည်း ရေးသားဖော်ပြထားတာကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဒါကြောင့် ဒီအကြောင်းအရာဟာလည်း နိုင်ငံရေးအရ အပုတ်ချတိုက်ခိုက်တဲ့ သတင်းအကြောင်းအရာသာလျှင် ဖြစ်ပါတယ်။

(၃) SNLD ပါတီက လုပ်ကြံသယောင်ယောင် ရေးသားထားသော သတင်းအမှား

SNLD ပါတီက လုပ်ကြံသယောင်ယောင် ရေးသားထားသော သတင်းအမှား


ဦးထိုက်ဇော်ကို SNLD ပါတီက လုပ်ကြံသယောင်ယောင် ရေးသားထားတဲ့ သတင်းအမှားတစ်ပုဒ်ကိုလည်း ဖေ့ဘွတ်ခ်ပေါ်မှာ တွေ့ရပါတယ်။SNLD ပါတီရဲ့ မဲ ၄၈၀ ကို ပယ်မဲလုပ်ခဲ့လို့ဆိုပြီး မကျေနပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ကို လုပ်ကြံသယောင်ယောင် ရေးသားထားတာလည်းဖြစ်ပါတယ်။ Web Archive လင့်ခ် ကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ဒုတိယဥက္ကဌ ဦးစိုင်းညွန့်လွင်က

“ဦးထိုက်ဇော် မသေဆုံးခင် မနက်မှာ ကျွန်တော်တို့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ထိုင်ပါတယ်။ ဦးထိုက်ဇော် အနိုင်ရသွားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၁) နေရာနဲ့ပတ်သက်လို့ တိုင်ကြားမှုတွေလုပ် မလားဆိုတာနဲ့ပတ်သက်လို့ပါ။ မဲက ၅၄ မဲ ပဲကွာတာဖြစ်ပါတယ်။ ဒါပေမယ့် တိုင်လည်း ဘာမှမထူးလောက်ဘူးလို့ ယူဆကြပြီး အရှုံးကို လက်ခံဖို့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီညမှာပဲ ဦးထိုက်ဇော် အသတ်ခံရတယ်ဆိုတာကို ကြားသိရပါတယ်။ နောက်တစ်ခုက သတင်းအမှားတွေမှာ ရေးထားသလို ကျွန်တော်တို့ အပေါ် ရှမ်းပြည်နယ်က လက်နက်ကိုင်တွေရဲ့ အားပေးထောက်ခံမှုကလည်း အဲဒီလောက် မပြင်းထန်ပါဘူး။ ကျွန်တော်တို့ မနိုင်လို့ ဒီလို သွားသတ်တဲ့အဆင့်ထိရောက်အောင်လို့ မပြင်းထန်ဘူးလို့ ဆိုလိုတာပါ။ ဒါ့အပြင် ကျောက်မဲမှာပဲ ကျွန်တော်တို့ ပါတီဝင်တွေ အသတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါသေးတယ်။ နောက်အရေးကြီးဆုံးတစ်ခု ကတော့ ဦးထိုက်ဇော်သေဆုံးသွားလို့လည်း ဒုတိယမဲ အများဆုံးရတဲ့ ကျွန်တော်တို့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်က အဲဒီနေရာမှာ အနိုင်ရသွားမှာမဟုတ်ပါဘူး။ ဒါက ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဦးထိုက်ဇော် အသတ်ခံရတဲ့ကိစ္စဟာ ကျွန်တော်တို့နဲ့ သက်ဆိုင်နေတယ်လို့ မမြင်ပါဘူး”

လို့ ဟုတ်တယ် vs မဟုတ်ဘူးကို ဖြေကြားပါတယ်။

ဒါ့အပြင် ဦးထိုက်ဇော် အသတ်ခံရမှုနှင့်ပတ်သက်ပြီး SNLD ပါတီက ဝမ်းနည်းကြောင်းနဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် သတင်းထုတ်ပြန်ထားပါတယ်။ ဒီလင့်ခ် မှာ ဝင်ကြည့်နိုင်ပါတယ်။

ဒါ့ကြောင့် ဒီအကြောင်းအရာဟာလည်း ဦးထိုက်ဇော် အသတ်ခံရမှုအပေါ် လူထု အထင်အမြင်လွဲအောင် လုပ်ကြံ ဖန်တီးထားတဲ့ သတင်းအကြောင်းအရာသာလျှင် ဖြစ်ပါတယ်။

ဦးထိုက်ဇော် သေဆုံးမှုနှင့်ပတ်သက်လို့ အမှုအမှန် မပေါ်ပေါက်သေးခင်မှာ ဒီလို လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေ အထင်အမြင်လွဲအောင် ရည်ရွယ်ရေးသားထားတဲ့ အကြောင်းအရာတွေကို ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေ အနေနဲ့ မယုံကြည်မိဖို့ လိုပါတယ်။ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဖော်ပြထားတဲ့ သတင်းမီဒီယာတွေက သတင်းအကြောင်း အရာတွေကိုသာဖတ်ရှုပြီး ယုံကြည်ဆင်ခြင်စေလိုပါတယ်။

အကယ်၍ ကိုယ်ဖတ်လိုက်ရတဲ့သတင်းဟာ သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင်လည်း အလျင်စလို Share ပြုလုပ်တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို ပေးပို့ပြီး အရင်ဆုံး သတင်းအမှား/အမှန် လာရောက်မေးမြန်းဖို့အကြံပြုလိုက်ပါရစေ။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/

စာဖတ်သူများထံ အသိပေးချက်

ဦးထိုက်ဇော် နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေမျိုးတော်စပ်ကြောင်း တိကျသည့်အထောက်အထား မတွေ့ရသေးကြောင်း နှင့် မိသားစုထံ ဆက်သွယ်အတည်ပြုနေကြောင်း “ဟုတ်တယ် vs မဟုတ်ဘူး” ၏ နိုဝင်ဘာ ၂၅ နေ့လည်ပိုင်းတွင် ဖော်ပြသည့် ပထမအကြိမ် အချက်အလက်စစ်ဆေးမှု တွင်ထည့်သွင်းရေးသားထားပါသည်။

သို့သော် နိုဝင်ဘာ ၂၅ ညနေပိုင်း တွင် ဦးထိုက်ဇော် နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေမျိုးတော်စပ်သည်မှာ မှန်ကန်ကြောင်း မိသားစုက Myanmar Now  သတင်းဌာနကို အတည်ပြုခဲ့ပြီးနောက် မူလရေးသားချက်အပြင် အောက်ပါ အကြောင်းအရာများကို ထပ်မံဖြည့်စွက် တည်းဖြတ်ထားပါသည်။

“ အခြားတဖက်မှာတော့ ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးတော်စပ်တာ မှန်ကန်ကြောင်း ဦးထိုက်ဇော်ရဲ့ မိသားစုက Myanmar Now  သတင်းဌာန နဲ့တွေ့ဆုံမေးမြန်းခန်းမှာ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဒီတော်စပ်မှုအကြောင်းကို ဦးထိုက်ဇော် ကိုယ်တိုင်တောင် မသိသွားခဲ့ဘူးလို့လည်း Myanmar Now  သတင်းက ဆိုပါတယ်။”

“ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိခင်ဖြစ်တဲ့ ဒေါ်စုဟာ ဦးထိုက်ဇော်ရဲ့ ဘိုးဘွားတော်စပ်တဲ့ ဒေါ်မြင့်ဆိုသူ နဲ့ ညီအစ်မ ဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထိုက်ဇော်ဟာ မြေးအဘွား တော်စပ်တယ်ဆိုပြီး သတင်းအမှားမှာရေးသားထား ပါတယ်” အစား “ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိခင်ဖြစ်တဲ့ ဒေါ်စုဟာ ဦးထိုက်ဇော်ရဲ့ ဘိုးဘွားတော်စပ်တဲ့ ဒေါ်မြင့်ဆိုသူ နဲ့ ညီအစ်မ ဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထိုက်ဇော်ဟာ မြေးအဘွား တော်စပ်တယ်ဆိုပြီး သတင်းအတွေကရေးသားထား ပါတယ်” ဟုလည်း ပြင်ဆင်တည်းဖြတ်ထားပါသည်။