Fact Check| မဲမသမာမှုတွေကို UECထံတိုင်မယ်လို့ PPP ပါတီက ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးနောက် လူမှုကွန်ရက်တွေပေါ်မှာ သတင်းအတု၊ သတင်းအမှားတွေနဲ့ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းအကြောင်းအရာမျိုးစုံ ပျံ့နှံ့လျက်ရှိပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေ သတိပြုခဲ့တဲ့ သတင်းအမှားတစ်ပုဒ်ကတော့ မဲမသမာမှု တွေကို ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမယ်လို့ PPP ပါတီက ထုတ်ပြန်ချက်ထုတ်တယ်ဆိုတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်အတုကို ဖေ့ဘွတ်ခ်မှာ “ မင်းခေါင်” ဆိုတဲ့ မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျဖော်ပြထားခြင်းမရှိတဲ့ အကောင့်က “ ရှင်းပေတော့” ဆိုပြီး စာသားနှင့် အတူ နိုဝင်ဘာ ၁၀ရက်မှာ တင်ထားတာပဲ  ဖြစ်ပါ တယ်။  PPP ပါတီလိုဂိုနဲ့ အတူ “ ရွေးကောက်ပွဲကြီးတွင် မဲမသမာမှုများ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့ ပါတီအနေနဲ့ မဲမသမာမှုများ၏ သက်သေစာရွက် စာတမ်းများ၊ ဗီဒီယို မှတ်တမ်းများအား အထောက်အထားများအဖြစ် လက်ခံရရှိပြီး ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မဲမသမာမှုများအား အပြင်းအထန် ကန့်ကွက်ရှုံ့ချပါကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့တိုင်ကြားသွားမည်ဖြစ်ပါကြောင်း” ရေးသားဖော်ပြထားပါတယ်။ 

 ထုတ်ပြချက်အတုကို ဒီလင့်ခ် မှာ ဖတ်ရှုပါ။ Archive လင့်ခ် ကိုတော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။ 

 

ဘာလို့ သတင်းအမှားလို့ ပြောရတာလဲဆိုရင်

 

  • ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ရဲ့ Blue Mark ရရှိထားတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ ရှာဖွေကြည့်တော့ ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်အတိုင်း ရေးသားထားတာမတွေ့ရပါဘူး။ 
  • ရွေးကောက်ပွဲပြီးနောက် PPP ပါတီက နိုဝင်ဘာ ၉ရက်မှာ “ ကျေးဇူးတင်လွှာ” နှင့် နိုဝင်ဘာ ၁၀ရက်မှာ “ ပြည်သူ့ရှေ့ဆောင်ပါတီ၏ သဘောထားထုတ်ပြန်ခြင်း” ဆိုတဲ့ နှစ်ခုကိုသာ ထုတ်ပြန်ထားပါတယ်။ 
  • PPP ပါတီရဲ့ Blue Mark ရထားတဲ့ ပေ့ချ်ကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 
  • ထုတ်ပြန်ချက်အတုနှင့် ပတ်သက်ပြီး PPP ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင် ကို Viber ကတဆင့် မေးမြန်းရာမှာ ကျမတို့ပါတီအနေနဲ့ ရွေးကောက်ပွဲဖြစ်စဥ်ကို စောင့်ကြည့်ခဲ့ပြီး တရားမဲ့ပြုကျင့်မှုများကို အချိန်နဲ့တပြေးညီ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြည်သူလူထုအား အစီရင်ခံတင်ပြခြင်းနဲ့ သက်ဆိုင်ရာရွေးကော်သို့ ကန့်ကွက်စာတင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အထက်ပါစာကို ပါတီမှထုတ်ပြန်ခြင်းမရှိပါကြောင်းနဲ့ ကျမတို့ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြို့နယ်အသီးသီးရဲ့ ပုံစံ-၁၉ ကို ကောက်ယူလျှက်ရှိပါတယ်” လို့  ဟုတ်တယ် Vs မဟုတ်ဘူးကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကို ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမယ်လို့ PPP ပါတီက ထုတ်ပြန်ချက်ထုတ်တယ်ဆိုတာ သတင်း အမှားဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။ 

ရွေးကောက်ပွဲပြုလုပ်ပြီးနောက် မဲရလာဒ် စာရင်းထုတ်ပြန်ကြေညာခြင်း၊ အနိုင်ရရှိသော ပါတီနှင့် လွှတ် တော်ကိုယ်စားလှယ်အမည် ထုတ်ပြန်ကြေညာခြင်းတွေအပြင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းအတု၊ သတင်းအမှားတွေနဲ့ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းတွေဟာ ဖေ့ဘွတ်ခ်အပါအဝင် လူမှုကွန်ရက် တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေကို အကြံပြုလိုတာက ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို တွေ့ရင် အလျင်စလို မယုံကြည်လိုက်ပဲ ရွေးကောက်ပွဲကော်မရှင်၊ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။ တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ MessangerBot ကို သတင်းအမှန် ဟုတ်/မဟုတ်  အရင်ဆုံး လာရောက်မေးမြန်း အတည်ပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/