ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ အချက်အလက်စစ်ဆေးသူတွေသတိပြုမိတဲ့ သတင်းအမှားတစ်ခုကို ပြောပြပေးချင်ပါတယ်။ အဲ့ဒီသတင်းအမှားက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်တွေကို ထင်ယောင်ထင်မှားဖြစ်စေအောင် အချက်အလက်အမှားတွေကို အသုံးပြုပြီး လှည့်စားထားတာ ဖြစ်ပါတယ်။ သတင်းအမှား အကြောင်းအရာကတော့ NLDထိပ်ပိုင်းခေါင်းဆောင်များမှ ရွေးကောက်ပွဲ ရလဒ်များကို ထုတ်ပြန်ခြင်းမရှိသေးဘဲ အချိန်ဆွဲထားရန်ညွှန်ကြားထားတယ်ဆိုပြီး ဖြန့်နေတဲ့သတင်းအမှား ပဲဖြစ်ပါတယ်။
အဲ့ဒီသတင်းအမှားအကြောင်းအရာကို U Naing ဆိုတဲ့ ဖေ့ ဘွတ်ခ်အကောင့်ကနေ နိုဝင်ဘာ ၉ ရက် နံနက် ၁၂နာရီအချိန်မှာတင်ခဲ့တာဖြစ်ပါတယ်။ တင်ခဲ့တဲ့ သတင်းအမှားရဲ့ Facebook Link ကို ဒီမှာ ဖတ်ရှုနိုင်သလို Web Archive Link ကို ဒီမှာ ကြည့်နိုင်ပါတယ်။ အဲ့ဒီသတင်းအမှားကို ပြန်လည်မျှဝေသူ ၄၅၀ ကျော်နဲ့ ကော်ပီယူပြီး ပြန်တင်ကြသူတွေအများအပြားရှိနေတဲ့အတွက် အချက်အလက်စစ်ဆေးပြီးအသိပေးရခြင်းဖြစ် ပါသည်။
သတင်းအမှားပို့စ်မှာ ရေးသားထားတာတွေကတော့ (မူရင်းသတ်ပုံအတိုင်း)
အစိုးရအသစ် သို့ အာဏာလွှဲပြောင်းအပြီးတွင်
OIC ဦးဌေးအောင် ကိစ္စ တရားရင်ဆိုင်ရန်
တရားရုံးမှ ချိန်းဆိုလိုက်သည်
ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး ပါတီဖြုတ်ချခံရလျှင်
ရွေးကော်ဥပဒေအရ ပါတီဖျက်သိမ်းခံရမည်
ဖွဲ့စည်းပုံ အခြေဥပဒေ ပုဒ်မ ၂၀(ခ) အရလည်း
NLD’ထိပ်ပိုင်းခေါင်းဆောင်အားလုံး အရေးယူခံရမည်ဖြစ်သည်
သတင်းထွက်ပေါ်နေသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာလည
၁၂ နာရီအချိန်တွင် နေပြည်တော် လေဆိပ်မှ
ပါတီ နာယက ဦးတင်ဦး (ငြိမ်း) သမ္မတ ဦးဝင်းမြင့်
နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိပ်ပိုင်းခေါင်းဆောင်အချို့ ထွက်ပြေးတိမ်းရှောင်ရန် လျှို့ဝှက် အစီအစဉ် သတင်းပေါက်ကြားမှုကြောင့်
နိုင်ငံတော် တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ
နေပြည်တော် လေဆိပ် တစ်ဝိုက် စောင့်ကြည့် လုံခြုံရေးအဖွဲ့များ ချထားကြောင်း နေပြည်တော် အသိုင်းအဝိုင်း သတင်းဌာန က ဖော်ပြထားသည်
NLD’ထိပ်ပိုင်းခေါင်းဆောင်များမှ ရွေးကောက်ပွဲ ရလဒ်များကို ထုတ်ပြန့်ခြင်းမပြုသေးပဲ အချိန်ဆွဲထားရန်လည်း ညွှန်ကြားထားကြောင်း
ရွေးကောက်ပွဲ ကော်မရှင်၏ နီးစပ်ရာ သတင်းထောက်တစ်ဦးက လျို့ဝှက် တယ်လီဖုံးမှတ်တမ်းဖြင့် ပေးပို့ထားသည်
နေပြည်တော်သတင်းရပ်ကွက် ညနေ ၆:၃၀ နာရီ
Credit
ဆိုပြီးတော့ ဖြန့်ဝေထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး ပါတီဖြုတ်ချခံရလျှင်ရွေးကော်ဥပဒေအရ ပါတီဖျက်သိမ်းခံရမည်ဖွဲ့စည်းပုံ အခြေဥပဒေ ပုဒ်မ ၂၀(ခ) အရလည်းNLD’ထိပ်ပိုင်းခေါင်းဆောင်အားလုံး အရေးယူခံရမည်ဖြစ်သည် ဆိုတာက မှားယွင်းတဲ့အချက်အလက်တွေကိုပဲရေးသားထားတာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) ဟာ ပါတီတွေကိုဖျက်သိမ်းရမယ့်ပုဒ်မမဟုတ်ပါဘူး။ ပုဒ်မ (၂၀)ဟာ တပ်မတော်အတွက် ပြဋ္ဌာန်းချက်ပုဒ်မများ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကို သိသာထင်ရှားစွာ ဖော်ပြသတ်မှတ်ပေးထားတဲ့ ပုဒ်မဖြစ်ပါတယ်။ ပါတီဖျက်သိမ်းခံရမယ့် ဖွဲ့စည်းပုံပါ ပုဒ်မမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၀ မှာပါဝင်တဲ့ အချက်တွေကို ဒီမှာ ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် သတင်းအမှားမှာ ဖော်ပြထားတဲ့အချက်တွေက အလုံးစုံမှားယွင်းပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေကို ထင်ယောင် ထင်မှားနဲ့ သံသယတွေတိုးပွားအောင် ဖန်တီးထားတဲ့ သတင်းအမှား တစ်ခုဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကို အကြံပြုလိုတာက ရွေးကောက်ပွဲ ကာလနဲ့ မဲရေတွက်နေဆဲ ကာလတွေမှာ လူမှုကွန်ရက်ပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ ပျံ့နှံ့နေပါတယ်။ ဒါကြောင့် သတင်းအကြောင်းအရာတစ်ခုကို လူမှုကွန်ရက်မှာ တွေ့ရှိခဲ့ရင် အလွယ်တကူ မယုံပါနဲ့ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး သတင်းအမှား/အမှန် ဖြစ်တယ် လို့ ခွဲခြားလို့ရပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ် ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/