Fact Check | မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပေဒ ကိုလတ်တလောအတည်ပြုလိုက်တဲ့ပုံစံဖော်ပြထားတဲ့သတင်းအမှား

မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ အတည်ပြုလိုက်ပြီဆိုတဲ့ သတင်းမှား ဗီဒီယိုဖိုင်တစ်ခု ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီဗီဒီယိုကို ကြည့်ရှုသူ ၇သိန်းကျော်အထိရှိလာပြီး Share ပြုလုပ်သူကလည်း တစ်ထောင်ဝန်းကျင် အထိရှိနေတာမို့လို့ ဒီဗီဒီယိုထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ သတင်းအမှားဖြစ် ကြောင်း စစ်ဆေးတင်ပြလိုက်ပါတယ်။

ဒီသတင်းဗီဒီယိုကို Opera Entertainment ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တစ်ခုကနေ တင်ထားတာဖြစ်ပါတယ်။ ဒီသတင်းဗီဒီယိုမှာတော့ စစ်မှုမထမ်းမနေရ ဥပဒေ မှာပါဝင်တဲ့ ဥပဒေပါအချက်အလက်တွေကို တင်ဆက်သူက ဖတ်ပြထားပါတယ်။ သတင်းအမှား ဗီဒီယိုကိုတော့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် တွေမှာ ကြည့်ရှုနိုင်ပါတယ်။
Archive Link ( Link 1, Link 2, Link 3 )

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

 

  • စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းလိုက်ပြီဆိုတဲ့သတင်းကို Google မှာ Keywords နဲ့ရှာဖွေကြည့်ရာမှာ  သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုးမရှိပါဘူး။

  • ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ၂၀၂၀ ခုနှစ်အတွင်း မှာတောင် ဒီဥပဒေကို ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။ ဒီလင့်ခ် မှာ ဝင်လေ့လာနိုင်ပါတယ်။

  • ဒီဥပဒေဟာ ၂၀၁၀ ခုနှစ် တပ်မတော်အစိုးရလက်ထက်က  ပြဌာန်းထားခဲ့တဲ့ဥပဒေဖြစ်ပြီးတော့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥက္ကဌက အမိန့်ကြေညာစာဖြင့်သတ်မှတ်သည့်နေ့ မှာ ဥပဒေအတည်ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် ၂၀၁၁ခုနှစ် မှာတော့ လွှတ်တော်တွေ ပေါ်ပေါက်လာပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဆိုသည့် စကားရပ်ကို ၂၀၁၁ခုနှစ် စကားရပ်များ အစားထိုးခြင်း ဥပဒေအရ နိုင်ငံတော်သမ္မတ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီးဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ပထမအကြိမ် ပြည်သူ့လွှတ်တော်ကျင်းပစဉ်က ကိုယ်စား လှယ်တစ်ဦးက မေးခွန်းမေးမြန်းထားတာဖြစ်ပြီး ပြည်ထောင်စု ရှေ့နေချုပ်က ပြန်လည်ဖြေကြားထားတာ ဖြစ်ပါတယ်။ ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  • လက်ရှိအချိန်ထိတော့ စစ်မှုမထမ်းမနေရ ဥပဒေကို နိုင်ငံတော်သမ္မတ တွေက အတည်ပြု ပြဌာန်းလိုက်တာမျိုးမရှိသေးပါဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြဌာန်းပြီးတဲ့ ဥပဒေများ ကဏ္ဏမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

  •  ဒီသတင်းမှား ဗီဒီယိုကိုတင်တဲ့ Opera Entertainment ဆိုတဲ့ ပေ့ချ်ဟာ You Tube မှာလည်း Channel တစ်ခုရှိပြီး You Tube က သတင်းဗီဒီယိုတွေကို ဖေ့ဘွတ်ခ်ပေ့ချ်မှာ ပြန်တင်နေတဲ့ ပေ့ချ်တစ်ခုဖြစ်ပါတယ်။ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ရေး အကြောင်းအရာတွေကို အငြင်းပွားဖွယ်ရာ အချက်အလက်တွေ၊တဝက်တပျက် သတင်းအချက်အလက်တွေ ကိုးကားပြီး ဗီဒီယိုသတင်းတွေတင်ဆက်နေတဲ့ You Tube Channel တစ်ခုလည်းဖြစ်ပါတယ်။

  • ဒီလိုအချက်အလက်စစ်ဆေးမှုတွေအရ ဒီသတင်းဟာ သတင်းအမှားပဲဖြစ်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း ဗီဒီယိုတွေနဲ့တင်ဆက်လာတဲ့သတင်းတွေ တွေ့ရင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာ ဟုတ်/မဟုတ် စစ်ဆေးဖို့လိုပါတယ်။
သတင်းမှာ ပါဝင်တဲ့အချက်အလက်တွေကိုလည်း သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့သတင်းမီ ဒီယာတွေ၊ အစိုးရဝန်ကြီးဌာနဝက်ဘ်ဆိုဒ်တွေ၊ လွှတ်တော်ဝက်ဘ်ဆိုဒ်တွေမှာ ရော ဖော်ပြထား၊ မထားတိုက်ဆိုင် စစ်ဆေးလို့ရပါတယ်။ အကယ်၍ အဲဒီလို တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မပေးနိုင်ဘူးဆိုရင်ပဲဖြစ်ဖြစ်၊ အခက်အခဲ တစ်စုံတစ်ရာ ရှိတာပဲဖြစ်ဖြစ် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ ChatBot ကို သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်ခိုင်းလို့ရပါတယ်။ သတင်းအမှန်/အမှား မခွဲခြား ရ သေးပဲ အလျင်စလို Share မပြုလုပ်ဖို့ကိုတော့ သတိပေးလိုက်ပါရစေ။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/