ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဒီတစ်ခါ သတိပေးလိုတဲ့ သတင်းအမှား တစ်ခုက အဆိုတော်ဟန်ထူးလွင်(ကျားပေါက်) ရဲ့ ကြောက်ခေတ် သီချင်းနဲ့ပတ်သက်ပြီးစုံစမ်းစစ် ဆေးမှုပြုလုပ်သွားမယ်ဆိုပြီး ဖြန့်နေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။
ကြောက်ခေတ်လို့ နာမည်ပေးထားတဲ့ သီချင်းဟာ လက်ရှိမှာ ဖေ့ဘွတ်ခ်ပေါ်မှာ လူကြည့်များ ပေါ်ပြူလာဖြစ်နေပြီးတော့ အဆိုတော်ဟန်ထူးလွင်က သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေ တင်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ရေးသားထားတဲ့ ကမ်ပိန်းသီချင်းဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ကြည့်ရှုသူတစ်သန်းနီးပါးရှိတဲ့ သီချင်းဗီဒီယိုပဲဖြစ်ပါတယ်။ အဲ့ဒီသီချင်းနဲ့ပတ်သက်ပြီးတော့ သတင်းအမှားဖန်တီးလာတာဖြစ်ပါတယ်၊
အဲ့ဒီသတင်းအမှား ကို သတင်းစုံနှင့်အနိုင်ကျင့်ဗိုလ်ကျသူများသတင်း ဆိုတဲ့ ဖေ့ဘွတ်ခ်ဂရုမှာ နိုင်ငံဘက်တော်သား ဆိုတဲ့အကောင့်ကနေ အောက်တိုဘာ ၂၇ ရက်နေ့မှာတင်ခဲ့တာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့သတင်းအမှားရဲ့ Archive Link ကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။ တင်ခဲ့တဲ့ခေါင်းစဉ်နဲ့အကြောင်းအရာကတော့
“ ကြောက်ခေတ်” သီချင်းနဲ့ပက်သက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟုသတင်းထုတ်ပြန်
=====================================
သီချင်းကိုဖော်ပြခဲ့သည့်” The Voice Myanmar” ကိုလည်းစစ်ဆေးအရေးယူသွားမည်။
===================================
တပ်မတော်အား ပြည်သူလူထုအထင်မြင်လွဲမှားစေရန်အကြောင်းပြုပြီး NLD ပါတီအားမဲဆွယ်စည်းရေးရုံးအသွင်ဖြင့်” ကြောက်ခေတ်” သီချင်းအားရေးသားသီဆိုခဲ့သူ “ the voice myanmar” မှဒိုင်တစ်ဦိးဖြစ်သူ အဆိုတော်ဟန်ထူးလွင်(ခေါ်)ကျားပေါက် အား တပ်မတော်အားဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့်စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကနဦးသတင်းရရှိသည်။
မှတ်ချက်။ အလားတူဖြစ်စဥ်ယခင် တပ်မတော်နှင့်အစိုးရ စည်းလုံးမှုသီချင်းကိုရေးသားပုံဖော်ခဲ့သည့် အဆိုတော် ယုံလေးအားNLD ပါတီအား ထောက်ခံသူ ရုပ်ရှင်အစည်းအရုံးဥက္ကဌမှရိုက်ကူးခွင့်တစ်နှစ်ပိတ်၍ပြစ်ဒဏ်ပေးခဲ့သည်။
ဆိုပြီးဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားကို Like and react ပြုလုပ်သူ ၁၇၀၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၃၅၀ ကျော်ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီသတင်းအမှားကို အချက်အလက်အလက် စစ်ဆေးပြီးတော့ အားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် ပျံ့နှံ့နေတဲ့ ကြောက်ခေတ်သီချင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ် ကြောင်းသက်သေပြနိုင်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ရွေးကောက်ပွဲ နီးတဲ့ ကာလမှာ ဒီလို သတင်းအမှားတွေ၊သတင်းအဟောင်းတွေနဲ့ စာဖတ်သူလူထုကို လှည့်ဖျားတဲ့ သတင်းတွေကိုမယုံကြည်မိဖို့လိုပါ တယ်။ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့သတင်းမီဒီယာတွေက ဖော်ပြတဲ့သတင်း တွေ၊ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာတွေ၊ဝက်ဘ်ဆိုဒ်တွေက သတင်းတွေကိုပဲ ဖတ်ရှုယုံ ကြည်ကြဖို့လိုပါတယ်။ဒီလိုတရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာဖတ်ရှုပြီး ကိုယ်မဲပေးရမယ့် နိုင်ငံရေးပါတီ ကို ရွေးချယ်စေလိုပါတယ်။ ဖေ့ဘွတ်ခ်ပေါ်က တစ်ဖက်သက်ထင်မြင်ယူဆချက်တွေ၊ လှည့်ဖျားထားတဲ့သတင်းအကြောင်းအရာအမှားတွေကို မယုံကြည်မိဖို့လိုပါတယ်။
အကယ်၍ သတင်းတွေကို ဖတ်ရှုရာမှာ အမှား/အမှန် ခွဲခြားရခက်နေရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်မေးမြန်းလို့ရပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/