လူမှုမီဒီယာဖေ့ဘွတ် ပေါ်မှာ ဖြန့်နေတဲ့သတင်းအမှားတစ်ပုဒ်ကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက သတိပြုမိတဲ့အတွက် အချက်အလက်စိစစ်ခဲ့ပါတယ်။ အဲ့ဒီသတင်းအမှား ကို Cherry Media ဆိုတဲ့ သတင်းမီီဒယာအယောင်ဆောင်စာမျက်နှာတစ်ခုနဲ့ ကိုသား ငယ် ဆိုတဲ့ အကောင့်ကနေ အောက်တိုဘာ ၁၂ ရက် ညပိုင်းကတင်ထားတာကိုတွေ့ရပြီးတော့ လက်ရှိ အချိန်ထိ ပြန်လည်ဝေမျှသူ အများအပြားရှိနေပါတယ်။
အဲ့ဒီစာမျက်မှာတွေမှာ တင်ထားတဲ့အကြောင်းအရာခေါင်းစဉ်ကတော့ “ဘုရားပုံ ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော” ဆိုတဲ့ သတင်းအမှားအကြောင်းအရာဖြစ်ပြီးတော့ သိပ်မကြာသေးခင်က လူမှုမီဒီယာပေါ်မှာ လူပြောများသွားတဲ့ Project K အဖွဲ့ရဲ့ ဂီတဖျော်ဖြေမှုပွဲနဲ့ပတ်သက်ပြီးသတင်းအမှားဖန်တီးထားတာဖြစ်ပါတယ်။ သတင်းအမှားတွေမှာတင်ထားတဲ့ ပို့စ်တွေကို ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ ဝင်ကြည့်နိုင်ပါတယ်။
အဲ့ဒီသတင်းအမှားမှာ ဖော်ပြထားတာကတော့ “ ပြီးခဲ့သည့်အောက်တိုဘာလ ၉ ရက်နေ့က Project k အဖွဲ့မှ ရွှေတိဂုံပုံရိပ် ကိုနင်းပြီး ကကွက်တစ်ခုကို ပုံဖော်ပြုလုပ်ခဲ့သည့် အတွက် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်ခဲ့သည့် အပေါ် ပန်းချီကားလို LED မီတွေနဲ့ပုံဖော်ထားတဲ့ ပုံပေါ်မှာကတာဟာ တကယ့်ဘုရားပေါ်တက်နင်းပြီး ကနေတာ မဟုပ်တဲ့အတွက် သူတို့မှာအပြစ်မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်” ဆိုပြီး ဒေါ်အောင်ဆန်းစု ကြည်က ပြောသယောင်နဲ့ သတင်းအမှားဖန်တီးထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီသတင်းအမှားပို့စ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က “ လူငယ်တွေဆိုတာ အမြဲတမ်းဆန်းသစ်မှုတွေကိုတီထွင်နေရမယ် နိုင်ငံတကာစံနှုန်းတွေနဲ့ညီတဲ့ ယဉ်ကျေးမှုတွေကို ဖော်ဆောင်နေဘို့အတွက် အခုလိုအယူသည်းမှုတွေကို ဖယ်ထားခဲ့ပြီးဆက်လုပ်သင့်တာလုပ်သွားဘို့အားပေးခဲ့ပြီး ယခုကိစ္စမှာလည်း ပုံဖော်ထားတဲ့ပန်းချီကားကို နင်းတာဖြစ်ပြီး တကယ့်စေတီပေါ်တက်နင်းပြီးကပြတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူး” လို့ ပြောတယ်ဆိုပြီး သတင်းအမှားလုပ်ထားပါသေးတယ်။ ဒါကြောင့်ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း စိစစ်ပြီး အားလုံးကိုအသိပေးရခြင်းဖြစ်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ရွေးကောက်ပွဲ နီးတဲ့ ကာလမှာ ဒီလို သတင်းအမှားတွေ၊သတင်းအဟောင်းတွေနဲ့ စာဖတ်သူလူထုကို လှည့်ဖျားတဲ့ သတင်းတွေကိုမယုံကြည်မိဖို့လိုပါ တယ်။ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့သတင်းမီဒီယာတွေက ဖော်ပြတဲ့သတင်း တွေ၊ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာတွေ၊ဝက်ဘ်ဆိုဒ်တွေက သတင်းတွေကိုပဲ ဖတ်ရှုယုံ ကြည်ကြဖို့လိုပါတယ်။ဒီလိုတရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာဖတ်ရှုပြီး ကိုယ်မဲပေးရမယ့် နိုင်ငံရေးပါတီ ကို ရွေးချယ်စေလိုပါတယ်။ ဖေ့ဘွတ်ခ်ပေါ်က တစ်ဖက်သက်ထင်မြင်ယူဆချက်တွေ၊ လှည့်ဖျားထားတဲ့သတင်းအကြောင်းအရာအမှားတွေကို မယုံကြည်မိဖို့လိုပါတယ်။
အကယ်၍ သတင်းတွေကို ဖတ်ရှုရာမှာ အမှား/အမှန် ခွဲခြားရခက်နေရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်မေးမြန်းလို့ရပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/