မီဒီယာအယောင်ဆောင်ထားတဲ့ RFM ရဲ့ လာရာနဲ့ လားရာကို လေ့လာခြင်း

ဟုတ်တယ်Vsမဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးတဲ့အဖွဲ့ နှင့်  အွန်လိုင်းစောင့်ကြည့်လေ့လာ သုတေသနပြုတဲ့ အဖွဲ့သားတွေအနေနဲ့ တွေ့ရှိထားတဲ့အချက်အလက်တွေထဲကတချို့ကို အင်တာနက် အသုံးပြုသူတွေ သတိပြုမိဖို့ အတွက် အချက်အလက်စစ်ဆေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြပေးချင်ပါတယ်။  

အင်တာနက်အသုံးပြုမှုရာခိုင်နှုန်း မြင့်တက်လာတာနဲ့အမျှ အင်တာနက်ပေါ်မှာ ဖောင်းပွလာတဲ့ အချက်အလက် စိစစ်ထားခြင်းမရှိသေးတဲ့ သတင်းတွေ က ပိုမိုများလာနေပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူတွေဟာ မီဒီယာနဲ့ သတင်းအချက်အလက်တတ်သိနားလည်မှု အားနည်းနေသေးတဲ့အတွက် အင်တာနက်ပေါ်ကသတင်းတွေက ယုံကြည်ရလား မယုံကြည်ရလား ဆိုတာကို ခွဲခြားသိမြင်ဖို့အတွက် ခက်ခဲနေပါသေးတယ်။

အခုဖော်ပြပေးမယ့် ဆောင်းပါးထဲမှာ ပါဝင်မယ့် အကြောင်းအရာတွေနဲ့ အချက်အလက်တွေဟာ အပေါ်မှာ ပြောခဲ့တဲ့ မီဒီယာနဲ့သတင်းအချက်အလက် တတ်သိနားလည်မှု နည်းနေသေးတဲ့ အင်တာနက်အသုံးပြုသူတွေကို ဦးတည်ကာ သတင်းမီဒီယာအယောင်ဆောင်ပြီး ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားလာတဲ့ အစုအဖွဲ့တစ်ခုအ ကြောင်းပဲ ဖြစ်ပါတယ်။ 

 

သတင်းမီဒီယာအယောင်ဆောင် Template နဲ့ ဖြန့်နေတဲ့ အမုန်းစကားတွေနဲ့ သတင်းအမှားတွေရဲ့ မူလအစ 

 

သတင်းမီဒီယာ ဆိုတာက တာဝန်ယူမှုတာဝန်ခံမှုနဲ့အတူ ကျင့်ဝတ်ကိုစောင့်ထိန်းပြီး လူထုဆီကို သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပါ။ ယုံကြည်စိတ်ချရတဲ့သတင်းမီဒီယာ တွေဟာ မီဒီယာလုပ်ငန်းစဉ်လို့ခေါ်တဲ့ ဘက်မလိုက်မှု/ တိကျသေချာမှု/ တာဝန်ယူမှု/ တာဝန်ခံမှု/ သတင်းမီဒီယာတွေစောင့်ထိန်းရမယ့်ကျင့်ဝတ်နဲ့အညီ ရေးသားထုတ်လုပ်ဖြန့်ချိနေတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီနေ့ခေတ်လို ဒစ်ဂျစ်တယ်မီဒီယာခေတ်ပြောင်းကာလမှာ အင်တာနက်ပေါ်မှာ သတင်းအချက် အလက်တွေဟာ လျင်လျင်မြန်မြန်ပဲစီးမျောလို့လာနေပါတယ်။ စက္ကန့်ပိုင်းအတွင်း သတင်းအချက်အ လက်တစ်ခုဟာ ကမ္ဘာ့နိုင်ငံအနှံ့ကို စီးဆင်းသွားနိုင်ပါတယ်။ ဒီလိုမျိုး သတင်းအချက်အလက်လျင်လျင် မြန်မြန် ရယူစားသုံးဖြန့်ချိနိုင်တာနဲ့အမျှ တစ်ဘက်မှာလည်း အချက်အလက်စိစစ်ရခြင်းမရှိသေးတဲ့ သတင်းတွေနဲ့ သတင်းအတုအယောင်/ သတင်းအမှားတွေကလည်း အင်တာနက်လူမှုမီဒီယာတွေမှာ ဖောင်းပွလာပါတော့တယ်။ 

 ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ကနေစလို့ သတိပြုမိထားပြီး တစ်စိုက်မတ်မတ်နဲ့ စောင့်ကြည့်အချက်အလက်စိစစ်နေတဲ့ သတင်းမီဒီယာအယောင်ဆောင် Template (ဖုန်းတစ်လုံးရှိရုံနဲ့ ဓာတ်ပုံပေါ်မှာ စာအလွယ်တကူရေးပြီး သတင်းအမှားဖြန့်ချိဖို့) နဲ့ ပြုလုပ်ထားတဲ့ အမုန်းစကားတွေနဲ့ သတင်းအတုအယောင်/ သတင်းအမှား တွေကိုဖြန့်ချိလာတဲ့ အစုအဖွဲ့တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ 

 

အဲ့ဒီအစုအဖွဲ့ဟာ RFM(Radio Free Myanmar) လို့ သူတို့ကိုယ်သူတို့ဖော်ပြထားတဲ့ Template ပေါ်မှာ အမုန်းစကားတွေ/ သတင်းအတုအယောင်/သတင်းအ မှားတွေကိုရေးသားပြီး ဖေ့ဘွတ်ခ်ပေါ်မှာ ဖြန့်ချိနေတဲ့ အစုအဖွဲ့ဖြစ်ပါတယ်။ 

ဟုတ်တယ် Vs မဟုတ်ဘူး အချက်အလက်စစ်ဆေးတဲ့အဖွဲ့က ပထမဦးဆုံး အချက်အလက်စစ်ဆေးခဲ့တဲ့ RFM လို့ သူတို့ကိုယ် သူတို့ အမည်တပ်ထားတဲ့ အစုအဖွဲ့တစ်ခုရဲ့ သတင်းအမှားကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပါတယ်။ 

အဲ့ဒီသတင်းအမှားကတော့ “နေပြည်တော်တွင် ကျင်းပသည့်ဒေါင်းပြတိုက် ဖွင့်ပွဲကို မကြွရောက်သည့် အတွက်ပါချုပ်ဆရာတော်ကို တာဝန်မှ အနားယူရန် NLD အစိုးရက ဖိအားပေးခြိမ်းခြောက်” ဆိုတဲ့ သတင်းအမှား ဖြစ်ပါတယ်။ ပထမဦးဆုံး ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့က အချက်အလက်စစ်ဆေးခဲ့တဲ့ RFM ကဖြန့်ချိထားတဲ့ သတင်းအမှားအကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။ အဲ့ဒီအချိန်ကစပြီး RFM ဟာ သတင်းအမှားတွေကို ဆက်တိုက်ဆိုသလို ဖေ့ဘွတ်ခ်ပေါ်မှာ ဖြန့်ချိလာတာ ဖြစ်ပါတယ်။ 


“RFM ဆိုတာကတော့ ကျွန်တော်တို့တွေ့ရှိနေကျ သူများသတင်းတွေကို လိုသလို ကူးတင်တာ၊ စာပိုဒ်အနည်းငယ် ပြောင်းတာမျိုးတွေတောင် မလုပ်ပဲ၊ ၁၀၀ ရာခိုင်နှုန်း‌ သတင်းအမှားတွေကိုပဲ ရေးသားဝါဒဖြန့် နေတာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

 

သတင်းမီဒီယာကောင်စီ ကလည်း ဒီလိုသတင်းအမှားတွေနဲ့ပတ်သက်လို့ တွေ့ရှိချက်တွေကို ပြည်သူလူထုဆီကို ၂လ တစ်ခါ၊ ၃လ တစ်ခါ လောက်ထုတ်ပြန်ပေးနေပြီး စာဖတ်ပရိတ်သတ်တွေကလည်း သတင်းဌာနအတုတွေ ဆီက သတင်းတွေကို မယုံကြည်ကြဖို့လည်း သူကတိုက်တွန်းပါတယ်။

“သတင်းဌာနဟာ တကယ်ရှိတဲ့ သတင်းဌာနလား၊ ဆက်သွယ်လို့ရတဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ ပါသလား။ သတင်းထောက်တွေကရော တကယ်အပြင်မှာရှိနေတဲ့ သတင်းထောက်တွေလားဆိုတာ google မှာရှာပြီး အလွယ်တကူပဲ တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်” လို့လည်း သူကဆိုပါတယ်။

 

 

 

ရည်ရွယ်ချက်ကဘာလဲ 

 

ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေနဲ့ လူမှုကွန်ရက်မီဒီယာ စောင့်ကြည့်သုံးသပ်သူတွေ စောင့်ကြည့်နေရင်း တစ်နှစ်နီးပါးကြာမြင့်လာ တဲ့အချိန်မှာတော့ RFM Template နဲ့ဖြန့်ချိတဲ့သတင်းအမှားတွေ/ အမုန်းစကားတွေဟာ ဖေ့ဘွတ်ခ်ပေါ်မှာ ပိုမိုပျံနှံ့လာခဲ့ပါတာကို သတိထားမိခဲ့ပါတယ်။

တကယ်တော့ RFM (Radio Free Myanmar) လို့ သူတို့ကိုယ်သူတို့ အမည်တပ်ထားတဲ့ အစုအဖွဲ့ဟာ တစ်နိုင်ငံလုံးကလူတွေသိကြတဲ့ RFA(Radio Free Asia) ရဲ့ လိုဂို ပုံစံကို ဆင်တူယိုးမှားပြုလုပ်ပြီး သတင်းမီဒီယာအယောင်ဆောင်ကာ လူထုကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ 

သူတို့ရဲ့ပစ်မှတ်ကတော့ မီဒီယာနဲ့ သတင်းအချက်အလက်တတ်သိနားလည်မှု အားနည်းတဲ့ သူတွေကို ပစ်မှတ်ထားပြီး သတင်းအတုအယောင်တွေနဲ့ ကြိုးကိုင်ခြယ်လှယ်ဖို့လုပ် ဆောင်လာတာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ဖို့ကြိုးစားတာဟာ နိုင်ငံရေးအရ ဖြစ်နိုင်သလို အခြားမပြောနိုင်တဲ့အကျိုးအမြတ် ဒါမှမဟုတ် မျှော်လင့်ချက်တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ မူလဘူတရည်ရွယ်ချက်ကတော့ လူထုကို သတင်းအမှားတွေနဲ့ ကြိုးကိုင်ခြယ်လှယ်ဖို့ ဆိုတာကတော့ သေချာပါတယ်။

 

RFM ရဲ့ လာရာနဲ့လားရာ 

 

မြားတစ်စင်း ဥပမာနဲ့ပြောရရင် မြားတစ်စင်းကို ပစ်လွှတ်မယ်ဆိုရင် ပစ်မှတ်ဆီကိုသွားဖို့အတွက် မြားလာတဲ့နေရာနဲ့ သွားမယ့် လားရာရှိပါတယ်။ အလားတူပဲ ဒီ RFM အမည်နဲ့ ဖြန့်တဲ့ သတင်းအမှား/ အမုန်းစကားတွေကို ဖန်တီးတဲ့အစုအဖွဲ့ရဲ့ လာရာနဲ့လားရာ ရှိပါတယ်။ 

ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့အချက်အလက်စစ်ဆေးတဲ့သူတွေနဲ့ လူမှုမီဒီယာခွဲခြမ်းစိတ်ဖြာ သုံးသပ်သူတွေရဲ့  လေ့လာတွေ့ရှိ ချက်အရ RFM Template နဲ့ဖြန့်တဲ့ သတင်းအမှားတွေ/ အမုန်းစကားတွေဟာ ဖေ့ဘွတ်ခ်ပေ့ချ်တစ်ခုမှာ သီးသန့်အနေနဲ့တင်လေ့မရှိပါဘူး။ ဖေ့ဘွတ်ခ်ဂရုတွေနဲ့ Like များတဲ့ ပေ့ချ်တစ်ချို့မှာပဲ တင်လေ့ရှိပါတယ်။ ဒါဟာ ဖေ့ဘွတ်ခ်ပေါ်မှာ မူလအရင်းအမြစ်ကို လိုက်လို့မရအောင် လူကြားထဲမှာ ပိုမိုပျံ့နှံ့အောင် User to User ပုံစံနဲ့ဖြန့်ချိတာဖြစ်ပါတယ်။ ဂရုတစ်ခုမှာ တင်ထားတဲ့ ပို့စ်ကို တခြားသူတွေကပါ ကော်ပီယူတင်ကြ တဲ့ စနစ်ကိုသုံးပြီး ဖြန့်ချိတာဖြစ်ပါတယ်။

 ဒီလိုလုပ်ခြင်းအားဖြင့် ဖေ့ဘွတ်ခ်က မူလတင်တဲ့  ပို့စ်ကိုဖျက်ချလိုက်တယ်ဆိုရင်တောင်မှ အခြားအကောင့်တွေ ဂရုတွေ ပေ့ချ်တွေမှာ ပျံ့နှံ့သွားပြီဖြစ်ပါတယ်။ ဒါဟာလူမှုမီဒီယာရဲ့အလေ့အကျင့်တွေကိုသိထားတဲ့သူတွေက သုံးတဲ့နည်းစနစ်ဖြစ်ပါတယ်။ RFM Template နဲ့ ဖြန့်တဲ့ သတင်းအတုအယောင်/ သတင်းအမှားတွေနဲ့ အမုန်းစကားတွေဟာ လူများပြားတဲ့ ဂရုတွေနဲ့ ဖော်လိုဝါများတဲ့ ပေ့ချ်တွေက လာပြီး သာမာန်အင်တာနက်သုံးတဲ့သူတွေဆီကို ပြန့်စေတာဖြစ်ပါတယ်၊။  

 

ဘယ်လိုဂရုတွေက လာလဲ 

 

ဟုတ်တယ် Vs မဟုတ်ဘူးအချက်အလက်စစ်ဆေးတဲ့သူတွေရဲ့ အချက်အလက်စိစစ်သုတေသနပြုတွေ့ရှိ ချက်အရ RFM Template နဲ့ ဖြန့်တဲ့သတင်းအမှားတွေနဲ့ အမုန်းစကားတွေဟာ တပ်မတော်ထောက်ခံသူတွေလို့ သူတို့ကိုယ်သူတို့ဖော်ပြထားတဲ့သူတွေ ဖွဲ့စည်းထားတဲ့ ဂရုတွေ ပေ့ချ်တွေ နဲ့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံတဲ့သူတွေလို့ သူတို့ကိုယ်သူတို့ဖော်ပြထားတဲ့သူတွေ ဖွဲ့စည်းထားတဲ့ ဂရုတွေ ပေ့ချ်တွေ ကနေတဆင့်  ဖြန့်ချိနေတာဖြစ်ပါတယ်။ 

အဲ့ဒီပေ့ချ်တွေ ဂရုတွေက တိုက်ရိုက်တင်တာတွေရှိသလို အဲ့ဒီဂရုတွေ ပေ့ချ်တွေမှာ မည်သူမည်ဝါ ဖော်ပြခြင်း မရှိတဲ့ အကောင့်အတုတွေကနေ လာတင်ကြတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် RFM Template နဲ့ ဖြန့်ချိနေတဲ့ ပေ့ချ်တွေဂရုတွေကို ကိုင်တွယ်စီမံခန့်ခွဲနေတဲ့အကောင့်တွေကလည်း အချင်းချင်းဆက်စပ်မှု ရှိကြတာကိုစိစစ်တွေ့ရှိရပါတယ်။ 

သာဓကတွေအများကြီးထဲက တစ်ခုကို ပြော ပြရမယ်ဆိုရင် RFM Template ကိုအသုံးပြုပြီး သတင်းအမှားတွေဆက်တိုက်ဖြန့်ချိနေတဲ့ ပြည်စောင့်သားကောင်း ဆိုတဲ့ ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ ချိတ်ဆက်ထားတဲ့ ဂရုတွေက ၅၃ ခုရှိပါတယ်။(Web archive Link  ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်)အဲ့ဒီပေ့ချ်ကနေ တင်ထားတာတဲ့ သတင်းအမှားတွေကို အဲ့ဒီ ဂရုတွေကနေ ထပ်ဆင့်ဖြန့်ချိရင်း ပိုမိုပျံ့နှံ့စေတာဖြစ်ပါတယ်။ 

 

ဟုတ်တယ်   Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ crowdtangle Tool ကိုအသုံးပြုပြီး စစ်ဆေးကြည့်ရာမှာတော့  အဲ့ဒီပေ့ချ်နဲ့ချိတ်ဆက်ထားတဲ့ ဂရုတွေကနေ ဩဂုတ်လကနေ စက်တင်ဘာလကုန်အထိ တစ်လအတွင်းမှာ  ဖြန့်ချိထားတဲ့ RFM Template နဲ့ သတင်းအမှားပို့စ်ပေါင်းက ၅၀၀ ကျော်ရှိပါတယ်။ ဒါက စာမျက်နှာတစ်ခုတည်းနဲ့ချိတ်ဆက်ထားတဲ့ဂရုတွေပဲရှိပါသေးတယ်။ အလားတူ ပေ့ချ်တွေ ဂရုတွေနဲ့ အကောင့်ပေါင်းက ရာနဲ့ချီရှိပါသေးတယ်။

crowdtangle Tool ကို ကိုအသုံးပြုပြီးရှာဖွေထားပုံ

 

သတင်းအမှား တွေနဲ့ အမုန်းစကားတွေကို ဖေ့ဘွတ်ခ်ပေါ်တင်မကပဲ Website နဲ့ပါဖြန့်ပြီ 

 

RFM က ဒီလို ဖေ့ဘွတ်ခ်ဂရုတွေကတဆင့် သတင်းအမှားတွေကို ဖြန့်ချိနေသလို ၊ သူတို့ရဲ့ သတင်းအမှားနဲ့ ဝါဒဖြန့်အမုန်းစကားတွေကို တစ်စုတစ်စည်းတည်း ကြည့်ရှုလို့ရမယ့် ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်းယခုနှစ်၊ စက်တင်ဘာ လ ပထမပတ်အတွင်း ဖွင့်လှစ်ခဲ့ပါတယ်။ဒီဝက်ဘ်ဆိုဒ်မှာ တစ်လအတွင်း သတင်းအမှားနဲ့ အမုန်းစကားပေါင်း အပုဒ်ရေ၃၀၀ ဝန်းကျင်အထိ ရေးသားဖော်ပြထားတာကိုတွေ့ရပါ တယ်။ တစ်ရက်ကို ပျမ်းမျှအားဖြင့် သတင်းမှား အပုဒ်ရေ ၈ ပုဒ်ကနေ ၁၀ ပုဒ်အထိ ရေးသားကာ လူထုကို လှည့်ဖျားနေတာပဲဖြစ်ပါတယ်။ 

 

ဒီဝက်ဘ်ဆိုဒ်ဟာ မည်သူမဆို အခမဲ့ပြုလုပ်လို့ရတဲ့ ဝက်ဘ်ဆိုဒ်ဖြစ်ပြီး word press platform ကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ငွေကုန်ကြေးကျလည်း ကုန်ကျမှုမရှိတဲ့အပြင် ဝက်ဘ်ဆိုဒ်တည်ထောင်သူ မည်သူမည်ဝါဆိုတာ ဖော်ပြစရာ မလိုအောင် နဲ့ ရှာဖွေရ ခက်ခဲအောင် ဒီနည်းလမ်းကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သတင်းဌာန တစ်ခုလို့ သူတို့ကိုယ်သူတို့ ဟန်ဆောင်ထားတာကြောင့် သတင်းရေးသားသူရဲ့ ဓာတ်ပုံကိုပါ ဖော်ပြပြီး လူတွေကို လှည့်ဖျားလိုက်ပါသေးတယ်။ 


ဒီဓာတ်ပုံမှာ ဖော်ပြထားတဲ့ RFM က ကျော်ဇင်ဝင်းလို့ သူ့ကိုယ်သူ ပြောထားတဲ့ သူရဲ့ ဓာတ်ပုံဟာ တကယ်တော့ နီပေါနိုင်ငံက ဓာတ်ပုံဆရာတစ်ဦးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေး သူတွေက ဓာတ်ပုံကို tools တွေနဲ့စစ်ဆေးကြည့်ရာမှာ ဒီဓာတ်ပုံဟာ အလိမ်အညာ တစ်ခုသာဖြစ်တယ်ဆိုတာ တွေ့ရှိရတာပဲဖြစ်ပါတယ်။ နီပေါနိုင်ငံက ဓာတ်ပုံဆရာတစ်ဦးရဲ့ ဓာတ်ပုံဆိုတာ အတည်ပြုနိုင်ဖို့ ဒီလင့်ခ် မှာ ဝင် ရောက်ကြည့်ရှုနိုင်ပါတယ်။

 

ဒါကြောင့် ဒီRFM ဆိုတဲ့ ဝက်ဘ်ဆိုဒ်ဟာလည်း မုသားတွေနဲ့ လူတွေကို  လိမ်ညာလှည့်ဖျား နေတာပဲဆိုတာ သိသာထင်ရှားလို့နေပါတယ်။ ဒါ့အပြင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းလည်ပတ်နေတဲ့ သတင်းဌာနအချို့တောင် လုပ်နိုင်စွမ်း ခဲယဉ်းတဲ့ တစ်လအတွင်း သတင်းအမှားအပုဒ်ရေ ၃၀၀ ဝန်းကျင်အထိ ရေးသားဖော်ပြနေတာဟာ ဒီဝက်ဘ်ဆိုဒ်ကို လူပုဂ္ဂိုလ်တစ်ဦးထဲက စီမံဆောင်ရွက်နေတာမဟုတ်ဘဲ အစုအဖွဲ့တစ်စုအနေနဲ့ စနစ်တကျ စီမံကိန်းချ အကောင် ထည်ဖော်ပြီး အလုပ်လုပ်နေတယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။

 

“ရွေးကောက်ပွဲနီးကပ်လာချိန်ဖြစ်တဲ့အတွက် အစုအဖွဲ့နဲ့ သေသေချာချာ နေ့စဉ်အလုပ်တစ်ခုလို ပြုမူဆောင်ရွက် ပြီး သတင်းအမှားတွေပြုလုပ်တယ်လို့လည်း သုံးသပ်လို့ရပါတယ်။ငှားရမ်း တာဝန်ပေးထားပြီး ပြုလုပ်တဲ့သဘော လို့လည်း တွေးစရာဖြစ်စေပါတယ်။ မှန်ပါတယ်။နိုင်ငံရေးအရ တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်တာမျိုးတွေကတော့  ဖေ့ဘွတ်ခ်ပေါ်မှာ အများကြီးတွေ့နေရပေမယ့် ဒါကတော့( RFM ကိုဆိုလို) နေ့စဉ် အလုပ်တစ်ခုလို ဆောင် ရွက်ပြီး သတင်းအမှား ဖြန့်ချိနေတဲ့ အစုအဖွဲ့လို့ဆိုနိုင်ပါတယ်”လို့မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

 

ဘယ်သူတွေကို ဦးတည်တိုက်ခိုက်နေတာလဲ

 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဒီအစုအဖွဲ့ရဲ့ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မှုခံ ရတာဟာ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလောက်ကနေ ဆက်တိုက်တောက်လျှောက် သတင်းအမှားတွေ/အမုန်းစကားတွေနဲ့ တိုက်ခိုက်လာရာကနေ လူမျိုးရေးဘာသာရေးဘက်ကိုပါချိတ်ဆက်ပြီး သတင်းအမှားဖြန့်လာတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားကို ပြဿနာဖြစ်ပွားအောင်နဲ့ တစ်ဘက်နဲ့တစ်ဘက် သံသယတွေဖြစ်လာအောင်ရည်ရွယ်ပြီး သတင်းအမှားတွေဆက်တိုက်ဆိုသလို ဖြန့်ချိလာခဲ့ပြန်ပါတယ်။ 

 

အထူးသဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး လက်ရှိ အောက်တိုဘာ လဆန်းလောက်ထိ လူမျိုးရေးဘာသာရေးနဲ့ဆက်နွယ်ပြီး သတင်းအမှားတွေကို ဆက်တိုက်ဖြန့်လာတာဖြစ်ပါတယ်။ 

 

မတူညီတဲ့ အကြောင်းအရာတွေကို ဘာသာရေးနဲ့ဆက်နွယ်ပြီး ဖြန့်တဲ့သတင်းအမှားတွေကို RFM ခေါင်းစဥ်နဲ့ဖြန့်လာကြပါတယ်။ဒါ့အပြင် ဒီအစုအဖွဲ့က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေကိုပါ ပုံဖျက်ဖို့ကြိုးစားပါတယ်။DVB သတင်းဌာနရဲ့ Fact Check အစီအစဉ်မှာ RFM အကြောင်းနဲ့ ဒီအစုအဖွဲ့ဟာ သတင်းအမှားတွေ ဖြန့်ဝေနေတဲ့အကြောင်း ထုတ်လွှင့်တင်ပြခဲ့ပါတယ်။ ဒီလို ထုတ် လွှင့်တင်ပြတာကို တန်ပြန်တဲ့အနေနဲ့ ဖေ့ဘွတ်ခ်နဲ့ သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း DVB သတင်းဌာနကို အပုပ်ချ တိုက်ခိုက်တဲ့သတင်းတွေကို အဆက်မပြတ်ရေးသားပါတယ်။ 

 

အဲဒီထဲက သတင်းတစ်ပုဒ် ကိုတော့ ဒီမှာ ဝင်ဖတ်ပြီး လေ့လာနိုင်ပါတယ်။ အာဏာရပါတီနဲ့ အစိုးရ ကို သတင်းအမှားတွေနဲ့ ဝေဖန်တိုက်ခိုက် တဲ့အပြင် သူတို့ရဲ့ လမ်းမှာ ဝင်ရှုပ်တယ်လို့ ယူဆတဲ့အတွက် အချက်အလက်စစ်ဆေးဖော်ပြတဲ့ DVB သတင်းဌာန ကိုပါ သတင်းအမှားတွေနဲ့ ဝေဖန်တိုက်ခိုက်တာပဲဖြစ်ပါတယ်။
ဒါပေမယ့်  ဒီအစုအဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ အပေါင်းလက္ခဏာဆန်တဲ့ ဖော်ပြမှုတွေတော့ရှိပါသေးတယ်။ အဲဒါကတော့  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအကြောင်း ပဲဖြစ်ပါတယ်။ ဒီလင့်ခ်ဒီလင့်ခ် တွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို လော်ဘီလုပ်ထောက်ခံတဲ့ပို့စ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။


RFM ရဲ့ ပန်းတိုင်


ဒီအစုအဖွဲ့ရဲ့ ပင်မ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးအရတိုက်ခိုက်တာကနေ လူမျိုးရေး ဘာသာရေးအရ ပြဿနာဖြစ်အောင်ပါ မီးထိုးပေးတဲ့ ပုံစံကိုပြောင်းပြီး သတင်းအမှားတွေကို ဖြန့်ရင်း အင်တာနက် အသုံးပြုသူတွေကို  ကြိုးကိုင်ခြယ်လှယ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအစုအ ဖွဲ့ဟာ တဖြေးဖြေးနဲ့ လူမှုမီဒီယာပေါ်မှာ အန္တရာယ်ရှိလာတဲ့အစုအဖွဲ့ဖြစ်လာပါပြီ။ သူတို့ရဲ့ လားရာကတော့ သတင်းအမှားတွေနဲ့ နိုင်ငံရေးအရတိုက်ခိုက်တဲ့ဆီကနေ ဘာသာရေး လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ တဖြေးဖြေးနဲ့ ချိတ်ဆက်ပုံဖော်သွားတာဖြစ်ပါတယ်။ 

 

ပထမအဆင့်အနေနဲ့ ကိုးကွယ်ရာ ဘာသာ၊ လူမျိုး၊ နှစ်သက်ရာ နိုင်ငံရေး ပါတီ၊ အယူဝါဒ စတဲ့ ကြိုက်နှစ်သက်မှုမတူသူတွေအကြား စိတ်ဝမ်းကွဲမှုတွေဖြစ်လာအောင် သတင်းအမှားတွေနဲ့ သွေးထိုးလှုံ့ဆော်မယ်။ ဒီလိုသွေးထိုးလှုံ့ဆော်မှုတွေပြုလုပ်လို့ မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား စိတ်ဝမ်းကွဲ မှုတွေနဲ့ မလိုမုန်းထားမှုတွေများလာတဲ့အခါ အွန်လိုင်းပေါ်မှာ အမြင်မတူညီမှုတွေကနေတဆင့် လက်တွေ့ဘဝမှာ ပါ သွေးထွက်သံယို ပဋိပက္ခတွေဖြစ်အောင် ရည်ရွယ်ထားတယ်လို့ အတိအကျ သုံးသပ်လို့ရပါတယ်။ ဒါဟာ RFM ဆိုတဲ့ အစုအဖွဲ့ရဲ့ အန္တိမပန်းတိုင်ဖြစ်ပါတယ်။

“RFM က သတင်းအမှား၊ သတင်းအတုတွေနဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရာတွေ၊  နားလည်မှုလွဲစေတဲ့ ရေးသားချက်တွေ အပြင် အထောက်အထားမခိုင်လုံတဲ့ စွပ်စွဲချက်တွေကို ဖန်တီးလေ့ရှိတယ်။ သူတို့ ရေးသားတဲ့ပုံစံဟာ စာနယ်ဇင်းကျင့်ဝတ် သတင်းပညာတွေနဲ့လည်း ဆန့်ကျင်နေတာကိုလည်း တွေ့ရတယ်။ RFM ရေးသားဖြန့်ဝေတဲ့ အကြောင်းအရာတွေဟာ အဓိက အားဖြင့်တော့ အာဏာရပါတီ၊ လူပုဂ္ဂိုလ်နဲ့ လူမျိုးရေး၊ ဘာသာရေးကို ထိခိုက်နစ်နာ စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာလို့ ကျွန်တော်တို့ ဖြစ်ရပ်နမူနာ (Case Study) လုပ်ကြည့်တဲ့အခါ တွေ့ရတယ်။ အတိုက်အခံပါတီတွေ၊ ဘာသာလူမျိုးမတူတဲ့ အစုအဖွဲ့တွေရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ ကြားထဲမှာ ပိုပြီးမုန်းတီးလာအောင် ရေးသားထားတဲ့ တစ်ဖက်သက်စွပ်စွဲ ချက်တွေဖြစ်ပါတယ်”လို့  လူမှုကွန်ရက်မီဒီယာပေါ်ရှိ အန္တရာယ်ဖြစ်စေသော အမုန်းစကားများကို လေ့လာစောင့်ကြည့် သုံးသပ်မှုများပြုလုပ်နေသည့် MIDO အဖွဲ့က အကြီးတန်းသုတေသီ ကိုဝီရမိုးနေက ပြောပါတယ်။

 

ဘယ်လိုကာကွယ်မလဲ

 

RFM ဆိုတဲ့ ဒီအစုအဖွဲ့တစ်ခုထဲတင်မဟုတ်ပဲ လူမှုကွန်ရက်မီဒီယာ (အထူးသဖြင့် ဖေ့ဘွတ်ခ်ပေါ်မှာ) သတင်းအမှားတွေနဲ့ အမုန်းစကားတွေကို ဝါဒဖြန့်ချိနေတဲ့ အကောင့်များစွာရှိပါတယ်။ကိုးကွယ်ရာ ဘာသာမတူလို့ ပဲဖြစ်ဖြစ်၊ နှစ်သက်ရာ နိုင်ငံရေးပါတီမတူလို့ပဲဖြစ်ဖြစ်၊ အယူဝါဒ မတူလို့ပဲဖြစ်ဖြစ် ဒီအကြောင်းပြချက်တွေနဲ့ တစ်ဖက်နဲ့တစ်ဖက် သတင်းအမှားတွေ၊ အမုန်းစကားတွေနဲ့ အပြန်အလှန်တိုက်ခိုက်နေကြတာကို ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေ မြင်နေကြားနေသိနေမှာပဲဖြစ်ပါတယ်။ 

 

ဒီသတင်းအမှားတွေရဲ့ ရန်က ရှောင်ရှားဖို့ဆိုရင်၊သတင်းမှားဖန်တီးသူတွေရဲ့ လှည့်ကွက်တွေ ၊သွေးထိုးလှုံ့ဆော်မှုတွေထဲကို မြောပါမသွားဖို့ဆိုရင်တော့ ၊သတင်းမီဒီယာလုပ်ငန်းစဉ် အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေ၊ အစိုးရသတင်းထုတ်ပြန်ချက်တွေ၊ အဖွဲ့ အစည်းတွေရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေကိုသာ ဖတ်ရှုဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သတင်းတွေကို ဖတ်ရှု ရာမှာ အမှား/အမှန်ခွဲခြားနိုင်အောင်၊ သံသယစိတ်ထားတတ်အောင်၊ ဒီအကြံပြုချက်ကို   မဖြစ်မနေ ဖတ်ရှုပါ။

 

အမှားတွေနဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်မလာဖို့ အမှန်ကို သိအောင်ကြိုးစားပေးဖို့လိုပါ တယ်။ ဟုတ်တယ် vs မဟုတ်ဘူးကတော့ စာဖတ်ပရိသတ်တွေအတွက် သတင်းအမှား/အမှန်စိစစ်ပေးဖို့ အမြဲ အသင့်ရှိနေပေးမှာပါ။ 

 

 စာဖတ်သူတွေအနေနဲ့ ကိုယ်တိုင် သတင်းတွေကို တိုက်ဆိုင်စစ်ဆေးဖို့  အချိန်မရှိဘူးဆိုရင်ပဲဖြစ်ဖြစ်၊ တိုက်ဆိုင်စစ်ဆေးရာမှာ အခက်အခဲတစ်စုံတစ်ရာ ရှိရင်ပဲဖြစ်ဖြစ် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် မေးမြန်းလို့ရပါတယ်။ သတင်းအမှန်လို့ အတည်မပြုရသေးခင်မှာတော့ Share မပြုလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/