Fact Check| NLD ပါတီကို အားပေးရမယ်လို့ SNLDပါတီ ဒုဥက္ကဌ ဦးစိုင်းညွန့်လွင် မပြောပါ။

NLD ပါတီကို အားပေးရမယ်လို့ SNLD ပါတီ (ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ဒုတိယဥက္ကဌ ဦးစိုင်းညွန့်လွင်က ပြောကြားတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖေ့ဘွတ်ခ် ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း အချက်အလက်စိစစ်ပြီး တင်ပြလိုက်ပါတယ်။

သတင်းအမှားမှာ ရေးသားထားတာတွေကတော့ NLD အစိုးရဖြစ်မယ်ဆိုရင် အတိုက်အခံလုပ်ဖို့ခက်မယ်၊ NLD ပါတီကို အားပေးသင့်တယ်။ လူဟောင်းတွေပြန်မလာအောင် လုပ်သင့်တယ် ဆိုပြီးဖြစ်ပါတယ်။ ဒီသတင်းအမှားကို NLD ပါတီ ထောက်ခံသူတွေလို့ ယူဆရတဲ့ ဂရုတွေနဲ့ အကောင့်တွေကနေတဆင့်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ သတင်းအမှားရဲ့ Web Archive Link တွေကိုတော့ ဒီမှာ နဲ့ ဒီမှာ ကြည့်နိုင်ပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်…

 

  • Google မှာ Keywords search နဲ့ရှာဖွေကြည့်တဲ့အခါ ဦးစိုင်းညွန့်လွင် ဒီစကားတွေကို ပြောကြားခဲ့ပါတယ်ဆိုတဲ့ သက်သေအထောက်အထားမတွေ့ရပါဘူး။ သတင်းမီဒီယာ လုပ်ငန်းစဉ် အတိုင်းဆောင် ရွက်နေတဲ့သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမျိုးမရှိပါဘူး။ 
  • ဒါ့အပြင် SNLD ပါတီရဲ့ တရားဝင်ဖေ့ဘွတ်ခ်ပေ့ချ်မှာ လည်းဖော်ပြထားတာမရှိပါဘူး။  
  • သတင်းမှာဖော်ပြထားတဲ့ဓာတ်ပုံဟာ ဩဂုတ်လက ကျင်းပတဲ့ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံရေးပါတီတွေကိုယ်စား ဦးစိုင်းညွန့်လွင် မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကိုယူသုံး ထားတာပဲဖြစ်ပါတယ်။ ဒီလင့်ခ် မှာ ဝင်ရောက် တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ 
  • ဒီလိုသတင်းအမှားတွေပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး SNLD ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းညွန့်လွင်က “ဒီစကားတွေကို ကျွန်တော်အခုကာလမှာ မပြောခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလောက်တုန်းက တော့ ပြောခဲ့ဖူးပါတယ်။ ကျွန်တော် ဘယ်သတင်းဌာနကို ပြောခဲ့ဖူးသလဲဆိုတာကိုတောင် မမှတ်မိတော့ပါဘူး။ ဒီစကားတွေကို အသုံးချပြီး အခုရွေးကောက်ပွဲကာလမှာ ပြောသလိုလိုနဲ့ သတင်းအမှားလွှင့်နေတာပါ။ဓာတ်ပုံကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှာ မိန့် ခွန်းပြောတဲ့ပုံကို ယူသုံးထားပြီးတော့ မိန့်ခွန်းပြောတဲ့အထဲပဲ ထည့်ပြောသလိုလိုဖြစ်အောင် လူတွေကို အယုံသွင်းထားတာလို့ယူဆစရာရှိပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်ရပ်ကို အားပေးထောက်ခံသူတွေ၊ လော်ဘီ လုပ်သူတွေအနေနဲ့ သတင်းအမှားတွေနဲ့ လူထုကို မလှည့်ဖျားဖို့လိုပါတယ်။ဂုဏ်သိက္ခာရှိ အောင် ဆောင်ရွက်လို့ရပါတယ်။ကျွန်တော်တို့က မိတ်ဆွေတွေပဲလေဗျာ”လို့ ဟုတ်တယ် vs မဟုတ်ဘူးကို  ဖြေကြားပါတယ်။ 
  • ဒါကြောင့်မို့လို့ ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ရွေးကောက်ပွဲ နီးတဲ့ ကာလမှာ ဒီလို သတင်းအမှားတွေ၊သတင်းအဟောင်းတွေနဲ့ စာဖတ်သူလူထုကို လှည့်ဖျားတဲ့ သတင်းတွေကိုမယုံကြည်မိဖို့လိုပါ တယ်။ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့သတင်းမီဒီယာတွေက ဖော်ပြတဲ့သတင်း တွေ၊ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာတွေ၊ဝက်ဘ်ဆိုဒ်တွေက သတင်းတွေကိုပဲ ဖတ်ရှုယုံ ကြည်ကြဖို့လိုပါတယ်။ဒီလိုတရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာဖတ်ရှုပြီး ကိုယ်မဲပေးရမယ့် နိုင်ငံရေးပါတီ ကို ရွေးချယ်စေလိုပါတယ်။ ဖေ့ဘွတ်ခ်ပေါ်က တစ်ဖက်သက်ထင်မြင်ယူဆချက်တွေ၊ လှည့်ဖျားထားတဲ့သတင်းအကြောင်းအရာအမှားတွေကို မယုံကြည်မိဖို့လိုပါတယ်။

 

အကယ်၍ သတင်းတွေကို ဖတ်ရှုရာမှာ အမှား/အမှန် ခွဲခြားရခက်နေရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို သတင်းရဲ့ link သို့မဟုတ် screenshot ကို ပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်မေးမြန်းလို့ရပါတယ်။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/