Fact Check| ရန်ကုန်ကို လာမယ့်၂ရက်အတွင်း အိမ်ထဲကအိမ်ပြင်လုံးဝမထွက်ရဘဲ ၁၀ ရက် Lockdown ချမယ်ဆိုပြီးပျံ့နေတဲ့အသံဖိုင်သတင်းအမှား

ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သား တွေ ဒီတစ်ခါအသိပေးချင်တဲ့သတင်းအမှားတစ်ခုကတော့ ရန်ကုန်ကိုလာမယ့် ၂ ရက်အတွင်း အိမ်ထဲက အိမ်ပြင်လုံးဝ မထွက်ရဘဲ ၇ ရက် ဒါမှမဟုတ် ၁၀ ရက် Lockdown ချမယ်ဆိုပြီး Messenger ကနေ ဖြန့်နေတဲ့အသံဖိုင်သတင်းအမှားပဲဖြစ်ပါတယ်။ 

အဲ့ဒီသတင်းအမှား အသံဖိုင်မှာ ပါဝင်တာက အမျိုးသားတစ်ဦးရဲ့အသံနဲ့ ရန်ကုန်ကို လာမယ့် ၂ ရက် အတွင်း ဆိုင်တွေ ဘဏ်တွေ အကုန်ပိတ်ပြီး လမ်းပေါ်မှာ လူနာတင်ယာဉ်ကလွဲပြီး ကျန်တာတွေ ထွက်ခွင့်မရှိဘဲ Lockdown ချတော့မှာဖြစ်တဲ့အတွက် အစားအသောက်တွေ ဆေးဝါးတွေ ဝယ်စု ထားဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ 

ဘာလို့ဒီအသံဖိုင်က သတင်းအမှားလို့ပြောရတာလဲဆိုရင် 

 

  • အသံဖိုင်ကို ပြောတဲ့သူက  မိမိကိုကိုယ်မည်သူမည်ဝါဖော်ပြထားတဲ့အသံဖိုင်မဟုတ်သလို အထဲမှာပါတဲ့ အချက်တွေကလည်း တိကျခိုင်မာတဲ့အချက်အလက်တွေမဟုတ်ပါဘူး။

  • မြို့တစ်မြို့ကို အပြည့်အဝ Lockdown ချမယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကသာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ မြို့နေလူထုကို ကြိုတင်အသိပေးအကြောင်းကြားရမှာဖြစ်ပါတယ်။

  • ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာ မှာလည်း Lockdown ချမယ် ဆိုတာနဲ့ပတ်သက်ပြီး လုံးဝ မဖော်ပြထားပါဘူး။ Stay at Home မှာလိုက််နာရမယ့်အချက်တွေကို ပဲ လိုက်တာကြဖို့အတွက် ထုတ်ပြန်ထားပါတယ်။ ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဝဘ်ဆိုက်ဒ်စာမျက်နှာနဲ့ ဖေ့ဘွတ်ခ်စာမျက်နှာ တွေမှာလည်း ပျံ့နှံ့နေတဲ့အသံဖိုင်ထဲမှာပါတဲ့ ရန်ကုန်ကို အိမ်ထဲကအိမ်ပြင်လုံးဝမထွက်ရဘဲ Lockdown ချမယ်ဆိုတာမျိုးကို လုံးဝမဖော်ပြထားပါဘူး။  ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  • ကိုဗစ် ပထမလှိုင်းကာလဖြစ်တဲ့ မတ်လ တုန်းကလည်း Messenger တွေကနေပျံ့နှံ့ဖူးတဲ့ အသံဖိုင်သတင်းအမှား တွေအကြောင်းကို ဟုတ်တယ် Vs မဟုတ်ဘူး က ရေးသားခဲ့ဖူးပါတယ်။ ဒီမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။ 

 

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် ပျံ့နှံ့နေတဲ့အသံဖိုင်ဟာ သတင်းအမှား အသံဖိုင်ဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။ 

ကိုဗစ်-၁၉ တကျော့ပြန် ပျံ့နှံ့မှူနဲ့အတူ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီးဂရုစိုက်ဖတ်ရှုနားထောင်သင့်တဲ့အကြောင်းလည်း အကြံပြုလိုက်ပါတယ်။ 

တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/