“ကပ်ရောဂါကာလအတွင်း ကျပ်တည်းနေသူများအား ပစ်မှတ်ထားကာ ငွေကြေးထောက်ပံ့မည်ဆိုသည့် သတင်းအတုများ Facebook တွင်ဖန်တီးပြီး လူအများအပြား၏ ဖုန်းနံပါတ်နှင့် ကိုယ်ရေးအချက်အလက် များကို အုပ်စုဖွဲ့ တိတ်တဆိတ် စုဆောင်းနေကြသည်”
ကိုရိုနာဗိုင်းရပ်စ်ပိုးက လေထုထဲပျံ့နှံ့နေပြီး လူသားတွေကို အန္တရာယ်ပေးဖို့ စောင့်နေသလိုပဲ အခြားတစ်ဖက်မှာတော့ ကပ်ရောဂါအကြောင်းပြထားတဲ့ သတင်းအမှားတွေက Facebook မှာ ပျံ့နှံ့နေပြီး အယုံလွယ်သူတွေကို လှည့်ဖျားဖို့ စောင့်ဆိုင်းနေပါတယ်။
ဖေ့ဘွတ်ခ်ပေါ်က လိမ်လည်ဖို့ကြိုးစားသူတွေက သူတို့ရဲ့လှုပ်ရှားမှုကို “ COVID-19 ဒုတိယလှိုင်းအတွက် ငွေကြေး ထောက်ပံ့မှု” ဆိုတဲ့ပုံစံမျိုးနဲ့ ပုံဖော်ကြပါတယ်။
သူတို့ရဲ့ပစ်မှတ်က လနဲ့ချီကြာမြင့်နေပြီဖြစ်တဲ့ ကပ်ရောဂါ အကျပ်အတည်းကြောင့် ငွေကြေးလိုအပ်နေသူတွေ ကိုပါ။ ကိုဗစ်ဒဏ်ခံရတဲ့ သူကလည်း တနေ့တခြားများလာတာကြောင့် သူတို့ရဲ့သားကောင် ဖြစ်ရတဲ့ သူတွေကလည်း တိုးတိုးလာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ သိသိသာသာလှုပ်ရှားလာတဲ့ အဲ့ဒီလှုပ်ရှားမှုတွေကို ခြေရာခံကြည့်တဲ့အခါမှာ ဒီသတင်းအချက်အလက် အမှားတွေဟာ တနေရာထဲက လာတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သတင်းတု၊ သတင်းမှား ဖြန့်သူတွေဟာ Account အချင်းချင်းချိတ်ဆက်ထားကြပြီး သတင်းအချက်အလက်အမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တက်ညီလက်ညီ ဖြန့်ချိနေကြပါတယ်။
လာရာတူသည့်သတင်းအမှားများ
အွန်လိုင်းပေါ်က သတင်းအမှားတွေကို စစ်ဆေးတဲ့ “ဟုတ်တယ် Vs မဟုတ်ဘူး” အဖွဲ့က အချက်အလက် စစ်ဆေးသူတွေက ၂၀၂၀ စက်တင်ဘာ လလယ်ပိုင်းတုန်းက COVID-19 ကာလမှာပိုက်ဆံလှူမယ်ဆိုပြီး သတင်းမှားဖြန့်တဲ့ Facebook Group တွေကိုခြေရာခံခဲ့ပါတယ်။
သီတင်းတစ်ပတ်ကြာ စောင့်ကြည့်ခဲ့တဲ့နောက်မှာတော့ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်နေတဲ့ အုပ်စုတစ်စုကို ခြေရာခံနိုင်ခဲ့ပါတယ်။ အဲ့ဒီအုပ်စုမှာ သတင်းအမှားဖြန့်တဲ့ Facebook Group ခြောက်ခုထက် မနည်းရှိနေကြပြီး အချင်းချင်းလည်း ချိတ်ဆက်ထားပါတယ်။
အဲ့ဒီ Group တွေရဲ့ အမူအကျင့်တွေနဲ့ ထိန်းချုပ်ထားတဲ့သူတွေဟာလည်း တစ်သင်းတစ်ဖွဲ့တည်း ဖြစ်နေတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေဟာလည်း ကိုဗစ်ဒုတိယလှိုင်းအရှိန်တက်လာချိန် စက်တင်ဘာလအတွင်းမှာ ပိုပြီးစိတ်လာတာတွေ့ရပါတယ်။
“COVID-19 ဒုတိယလှိုင်းအတွက် ငွေကြေး ထောက်ပံ့မှု” ဆိုတဲ့မက်လုံးပေးပြီး သတင်းအမှားဖြန့်တဲ့ အုပ်စုဝင် Facebook Group တွေကတော့
အဲ့ဒီ Group တွေထဲက သုံးခုက ပိုးတွေ့လူနာ တရှိန်ထိုးမြင့်တက်လာတဲ့ သြဂုတ်လလယ် COVID-19 ဒုတိယလှိုင်း မစတင်မီ ကတည်ကဖွင့်လှစ်ထားခဲ့တာပါ။ ဒုတိယလှိုင်း အရှိန်ကောင်းလာတဲ့ စက်တင်ဘာ ရောက်တော့ “COVID-19 ဒုတိယလှိုင်းအတွက် ငွေကြေး ထောက်ပံ့မှု” ဆိုတဲ့ပုံစံမျိုး ပြောင်းပြီး ပုံဖော်ကြပါတယ်။ သူတို့နဲ့ဆက်စပ်တဲ့ နောက်ထပ် Group သုံးခုကိုလည်း ထပ်ဖွင့်ခဲ့ပါတယ်။
လိမ်လည်သူတွေက ကိုဗစ်ကာလမှာ လူသိများလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြတဲ့ Max Myanmar ဦးဇော်ဇော် နဲ့ AA Medical Products ပိုင်ရှင် ဦးဇော်မိုးခိုင် တို့လို သူဌေးကြီးက ငွေလှူချင်တဲ့အတွက် ဖုန်းနံပါတ်ပေးဖို့လိုတယ်ဆိုပြီး လှုပ်ရှားပါတယ်။
ဒီလိမ်လည်မှုတွေက သူတို့အလှူကို ခုတုံးလုပ်ပြီး သတင်းအတုများနဲ့ လူအများအပြားရဲ့ လိပ်စာ၊ ဖုန်းနံပါတ် တွေကိုရယူရန်နဲ့ Facebook Account ကို ခိုးယူရန်သတင်းအချက်အလက် ခိုးယူခြင်း ပြုလုပ်နေတာ တွေ့ရတယ်လို့ AA Medical Products က စက်တင်ဘာ၂၀ မှာ ကြေညာချက်ထုတ် သတိပေးထား ပါတယ်။
နောက်ထပ်လှည့်ဖျားမှုတစ်ခုမှာတော့ “မြန်မာနိုင်ငံသားတိုင်း 5 သိန်း ရရှိမည့်အခွင့်အရေးမို့ လက်လွတ်မခံနဲ့” ဆိုပြီး လူတွေရဲ့ဖုန်းနံပါတ်နဲ့ သတင်းအချက်အလက်တွေစုဆောင်းဖို့ကြိုးစားပါတယ်။
ပိုက်ဆံလိုချင်တဲ့သူတွေဟာ “သူဌေးကြီးတွေ၊ရုပ်ရှင်သရုပ်ဆောင်တွေကပိုက်ဆံပေးမယ်” ဆိုတဲ့ သတင်းအမှား တွေကို အခြား Group တွေထဲမှာ ငါးခါ (ဒါမှမဟုတ်) ၁၀ ခါ ထပ်ဆင့်မျှဝေရမယ်ဆိုတဲ့ စည်းကမ်းလဲ ရှိပါတယ်။ Multi-Level Marketing (MLM) လို့လူသိများတဲ့ ဆင့်ပွားကွန်ရက်ချိတ်ပြီး လူရှာတဲ့နည်းလမ်းကြောင့် နေ့ခြင်းညခြင်း လူသိန်းနဲ့ချီပြီး တိုးလာခဲ့ပါတယ်။
၂၀၂၀ စက်တင်ဘာ ၂၀ ကဖွင့်တဲ့ “ Covid-19 ကူညီရေး အလှူရှင်အဖွဲ့ “ အမည်ရ သတင်းအမှား Group ဆိုရင် သုံးရက်အတွင်းမှာ အဖွဲ့ဝင် ၃၃,၀၀၀ ကျော်ရှိအထိရှိလာပါတယ်။ ဒါဟာ တမိနစ်တိုင်းမှာ အဖွဲ့ဝင် ရှစ်ယောက် နှုန်း တိုးလာတဲ့သဘောပါ။
၂၀၂၀ စက်တင်ဘာ ၂၂ နေ့လယ်ပိုင်းလောက်အထိစာရင်းအရ သတင်းတု၊ သတင်းမှားဖြန့်တဲ့ အဲ့ဒီ Facebook Group ခြောက်ခုမှာ အဖွဲ့ဝင်ပေါင်း သုံးသိန်းကျော်ရောက်နေပါပြီ။ သတင်းအမှား တွေကို ယုံပြီးရောက်လာတဲ့ သူတွေလည်း မိနစ်တိုင်း၊စက္ကန့်တိုင်းမှာ ထပ်တိုးလာနေပါတယ်။
နောက်ထပ်လေးရက်အကြာ စက်တင်ဘာ ၂၈ ညပိုင်းရောက်တော့ လူ တစ်သိန်းခွဲလောက်ထပ်ရောက်လာပြီး အဖွဲ့ဝင်လေးသိန်းခွဲကျော်အထိရှိလာပါတယ်။
အဲ့ဒိ Facebook Group ခြောက်ခုကို ထိန်းချုပ်ထားတဲ့ Facebook Account ဟာ ခုနှစ်ခုထက်မနည်း ရှိခဲ့ပြီး သူတို့တွေဟာ အချင်းချင်း ချိတ်ဆက်ထားပါတယ်။
တို့ဟာ သတင်းအမှားတွေကို ဖြန့်တဲ့ Group တွေကို စီမံတဲ့ Admin ဒါမှမဟုတ် Moderator အဖြစ် နေရာယူထားကြပါတယ်။
သူတို့တွေမှာတူညီတဲ့အမူအကျင့်တွေရှိကြပြီး ဒီစီမံခန့်ခွဲမှုတွေကို တယောက်တည်း (ဒါမှမဟုတ်) တဖွဲ့တည်းက ချုပ်ကိုင်နေပုံရပါတယ်။
ပုံစာ – ကွန်ရက်ချိတ်ဆက် လိမ်လည်သူတို့၏ လှည့်ဖျားမှုအောက် သိန်းနှင့်ချီသောသူများပစ်မှတ်ထားခံရသည်
ဟောင်းပေမယ့် အလုပ်ဖြစ်တဲ့နည်းလမ်း
“ငွေလှူမယ်၊ဖုန်းနံပါတ်ပေးပါ” ဆိုတဲ့ Facebook ပေါ်ကနည်းလမ်းဟာ လနဲ့ချီကြာနေပြီဖြစ်တဲ့ နည်းအဟောင်း ပါ။ မူလအစက လဆန်းရက်တိုင်း အစိုးရထီပေါက်တဲ့သူတွေကို အသုံးချပြီး လိမ်တဲ့နည်းလမ်းဖြစ်ပါတယ်။
ထီဆုကြီးပေါက်တဲ့သူကို သတင်းဌာနတွေနဲ့ ဒေသခံတွေက အင်တာဗျူးပြီးဓာတ်ပုံနဲ့တကွဖော်ပြတာတွေ၊ ကာယကံရှင်ကိုယ်တိုင်က သူ့ပုံသူ Facebookပေါ်တင်တာတွေ လုပ်လေ့ရှိပါတယ်။ လိမ်တဲ့သူတွေက အဲ့ဒိပုံတွေကို ဖြတ်ညှပ်ကပ် လုပ်ပြီး “ငွေလှူမယ်၊ဖုန်းနံပါတ်ပေးပါ” ဆိုတဲ့လိမ်နည်းကိုထွင်ပါတယ်။
ဒါဟာ လိမ်လည်နေတာ ဖြစ်ပြီး သတိထားဖို့ မြန်မာနိုင်ငံက အချက်အလက်စစ်ဆေးတဲ့သတင်းဌာနတွေဖြစ်တဲ့ ဟုတ်တယ် Vs မဟုတ်ဘူး၊ Myanmar Now နဲ့ Boom Myanmar တို့က မကြာခဏထောက်ပြခဲ့ဖူးပါတယ်။
ဒါပေမယ့် လဆန်းထီဖွင့်ရက် ရောက်တိုင်း “ငွေလှူမယ်၊ဖုန်းနံပါတ်ပေးပါ” ဆိုပြီး လိမ်တဲ့သူတွေ Facebookပေါ်ထွက်လာမြဲပါ။ ယုံတဲ့သူတွေကလည်း အများအပြားရှိနေဆဲပါ။
သူတို့ ရည်ရွယ်ချက်ကဘာလဲ
ဒီမေးခွန်းအတွက် တိကျတဲ့ ရှာဖွေတွေ့ရှိမှုတော့ မရှိသေးပါဘူး။ ဒါပေမယ့် အနီးစပ်ဆုံးခန့်မှန်းမှုတော့ ပေးနိုင်ပါတယ်။
သတင်းအမှားဖြန့်တဲ့သူတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ Group တွေထဲလူအများအပြားလာအောင် “လောင်းကစား” “ငွေကြေး” “ သတင်း” စသဖြင့် နည်းလမ်းစုံသုံးပြီး ထောင်ကြပါတယ်။ နောက်ပြီး သူတို့စိတ်ကြိုက် အရေအတွက်ရရင် အမည်အမျိုးမျိုးပြောင်းကြပါတယ်။
Myanmar Now သတင်းဌာန အချက်အလက်စစ်ဆေးသူရဲ့ ဇူလိုင်လအတွင်းက ရှာဖွေတွေ့ရှိမှု မှာတော့ လိမ်လည်နေတဲ့ Group တွေနဲ့ သတင်းမှားကွန်ရက်များ ချိတ်ဆက်နေတယ် လို့ဆိုပါတယ်။
Group ထဲလူများလာချိန်မှာတော့ နာမည်ပြောင်းပြီး သတင်းတု သတင်းမှားများ ထုတ်လုပ်ရေးသားနေတဲ့ ဝက်ဆိုက်တွေနဲ့ချိတ်ဆက်ပြီး သတင်းတုသတင်းမှားတွေ ထပ်မံဖြန့်ဝေလာကြတယ်လို့ က Myanmar Now ရေးသားပါတယ်။
ဟုတ်တယ် Vs မဟုတ်ဘူး ကအချက်အလက် စစ်ဆေးသူတွေ ၂၀၂၀ ဇွန်လ အတွင်းက ရှာဖွေတွေ့ရှိမှုတခု မှာတော့ Group တွေမှာ လူအများအပြားရှိလာပြီဆိုရင် ကြော်ငြာတွေကနေ ဝင်ငွေရှာတဲ့ Facebook Instant Article တွေနဲ့ ချိတ်ဆက်နေပြီး ငွေရှာတာတွေလုပ်တယ်လို့ဆိုပါတယ်။
ဖုန်းနံပါတ်တွေ စုဆောင်းနေတဲ့သူတွေရဲ့ ရည်ရွယ်ချက်က လူအများအပြားရဲ့ သတင်းအချက်အလက်တွေ၊ ဖေ့ဘွတ်ခ်အကောင့်တွေနဲ့ ဘဏ်စာရင်းတွေကို ခိုးယူချင်တာ ဖြစ်နိုင်တယ်လို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (မီဒို) ရဲ့ Digital Rights Program Manager ကိုမျိုးမင်းအောင်က သုံးသပ်ပါတယ်။
လိမ်လည်တောင်းခံသူတွေဆီ ပေးလိုက်တဲ့ ဖုန်းနံပါတ်တွေနဲ့ ဘဏ်စာရင်းတွေ၊ Wave Money လိုဖုန်းကနေငွေထုတ်ငွေလွှဲလို့တဲ့ ဝန်ဆောင်မှုတွေ၊ ဖေ့ဘွတ်ခ်အကောင့်တွေ ချိတ်ဆက်ထားရင် ပါသွားဖို့လမ်းများပြီလို့ သူကသတိပေးပါတယ်။
“ဖုန်းနံပါတ်က User Name(အသုံးပြုသူနေရာမှာ) ဖြစ်နေရင် Password ပဲလိုတော့တယ်။ ပြောရမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် Login Information(ကိုယ့် Account ထဲကိုဝင်နိုင်ဖို့အချက်အလက်) ကိုရသွားတဲ့သဘောပဲ” လို့သူကဆိုပါတယ်။
နောက်ထပ်ဖြစ်နိုင်တဲ့အချက်ကတော့ လူအများအပြားရဲ့ဖုန်းကို ကြော်ငြာလုပ်ငန်းတွေဆီ ရောင်းစားလိုတာကြောင့် စုဆောင်းတာလို့လည်း သူကခန့်မှန်းပါတယ်။ တခါတရံဘယ်ကမှန်းမသိဘဲ ဖုန်းတွေဝင်လာပြီး ဝင်လာပြီး စျေးတွေလာရောင်းနေတာမျိုးပါ။
အကောင်းဆုံးကတော့ ကိုယ့်ရဲ့ဖုန်းနံပါတ်အပါအဝင် သတင်းအချက်အလက်တွေကို လိမ်လည်သူတွေဆီ မရောက်အောင် ကာကွယ်တဲ့အနေနဲ့ ဖုန်းနံပါတ်မပေးကြဖို့ ကိုမျိုးမင်းအောင်က အကြံပေးပါတယ်။
“ COVID-19 ဒုတိယလှိုင်းအတွက် ငွေကြေး ထောက်ပံ့မှု” ဆိုတဲ့ပုံစံမျိုးနဲ့ သတင်းအမှားဖြန့်တဲ့သူတွေ ကတော့ လူအများအပြားရဲ့ဖုန်းနံပါတ်တွေကို တောင်းခံပြီး စုဆောင်းထားပါတယ်။ သူတို့ရဲ့ အဓိကရည်မှန်းချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ရှင်းရှင်းလင်းလင်း သိရတာတခုကတော့ သတင်းအမှားတွေကိုသုံးပြီး လူအများအပြားရဲ့ သတင်းအချက်အလက်တွေကို တိတ်တဆိတ်စုဆောင်းဖို့ အုပ်စုဖွဲ့လှုပ်ရှားနေတယ်ဆိုတာပါ။
ပုံစာ – အုပ်စုဖွဲ့လှုပ်ရှားသူများနှင့်၎င်းတို့ထိန်းချုပ်ထားသည့် Group များ
သားကောင်မဖြစ်စေရေးအတွက်အကြံပြုချက်
အင်တာနက်ခေတ်မှာ တစ်ကိုယ်ရေအချက်အလက်တွေဟာ လုံခြုံအောင် စောင့်ထိန်းရမယ့် ကိစ္စတစ်ခု ဖြစ်လာတဲ့အတွက် လိမ်လည်လှည့်ဖျားတဲ့သူတွေဆီ ကိုယ့်ရဲ့သတင်းအချက်အလက်မပေးဖို့ “ဟုတ်တယ် vs မဟုတ်ဘူး” အဖွဲ့က အကြံပြုထားပါတယ်။
“ဟုတ်တယ် vs မဟုတ်ဘူး” အဖွဲ့ဟာ နိုင်ငံတကာ အချက်အလက်စစ်ဆေးရေး ကွန်ရက် (IFCN) ရဲ့အဖွဲ့ဝင် ဖြစ်ပြီး Facebook လို လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာတွေဟာ အမှားလား၊ အမှန်လားဆိုတာကို စစ်ဆေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒီလို ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာကို တစ်ဘက်လူသိသွားတာဟာ မိမိရဲ့ တစ်ကိုယ်ရေအချက်အလက်တွေကို ရရှိသွားတာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ကိုယ့်ရဲ့ဖုန်းနံပါတ်ဆီ ဦးတည်ပြီး သတင်းမှားတွေ ပေးပို့ခံရနိုင်တယ်လို့ အဲ့ဒီအဖွဲ့က ထောက်ပြပါတယ်။
ဥပမာအနေနဲ့ ကိုယ့်ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ အခြား Viber လိုမျိုး ဆိုရှယ်အပ်ပလီကေးရှင်း အကောင့်ဆီကို သတင်းမှားတွေ ပေးပို့လာနိုင်တယ်။ ဖုန်းကတဆင့်လည်း ပေးပို့လာနိုင်တယ်။ ကိုယ့်က သတင်းအမှားဖြန့် ချိသူရဲ့ သားကောင်ဖြစ်သွားနိုင်ပါတယ်။
ဘယ်လိုအခြေအနေမှာဖြစ်စေ ကိုယ့်ရဲ့ တစ်ကိုယ်ရေအချက်အလက်တွေကို တစ်ဘက်လူကို လုံးဝ မပေးဖို့ သတိပေးထားပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေအချက်အလက်ကို တောင်းပြီဆိုရင် တောင်းရတဲ့အကြောင်းအရင်းကို သေချာစိစစ်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
တစ်ကိုယ်ရေအချက်အလက်တွေထဲမှာ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ အသက်အရွယ်၊ မွေးနေ့၊ မွေးရပ်၊ မိမိရဲ့ ဓာတ်ပုံနဲ့ စတဲ့ ကိုယ်နဲ့ ဆိုင်တဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ဒီလိုအချက်အလက်တွေကို တောင်းရတဲ့ အကြောင်းအရင်းဟာ မခိုင်မာဘူးဆိုရင်တော့ အချက်အလက်ကို မပေးဘဲ မသိကျိုးကျွံပြု ဖို့လည်း တိုက်တွန်းထားပါတယ်။
“ဟုတ်တယ် vs မဟုတ်ဘူး”ရဲ့ အကြံပေးချက်တွေကတော့