Fact Check| ဒေါ်အောင်ဆန်းစုကြည်ကို ရွှေကျင်ဂိုဏ်းက သံဃာ့မိခင်ဘွဲ့ပေးအပ်တယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေကျင်ဂိုဏ်းက သံဃာ့မိခင်ဘွဲ့ ပေးအပ်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်းအမှားကို ယုံကြည်မိပြီး Share  ပြုလုပ်တဲ့ အရေအတွက်ဟာ ၂၀၀၀ ကျော်အထိ ရှိလာတာမို့လို့ ဒီသတင်းဟာ သတင်းအမှား ဖြစ်တဲ့အကြောင်း ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးပြီး တင်ပြလိုက်ပါတယ်။

 

ဒီသတင်းအမှားကို ဩဂုတ်လနောက်ဆုံးပတ်က တင်ထားခဲ့တာ ဖြစ်ပါတယ်။‌ ဒါပေမယ့် လက်ရှိအချိန်ထိ ဒီသတင်းကို ယုံကြည်မိပြီး Share ပြုလုပ်သူအရေအတွက်ဟာ တိုးလာနေဆဲ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ NLD ပါတီ အာဏာရရင် ကုလားနိုင်ငံဖြစ်သွားမယ်ဆိုတဲ့ ဝေဖန်အပုတ်ချနေတာတွေကို မခံနိုင်လို့ ဆရာတော်ကြီးတွေက ဒီလို သံဃာ့မိခင် ဘွဲ့ကို ပေးအပ်တာဖြစ်တယ်လို့ ရေးထားပါတယ်။ သတင်းအမှားအကြောင်းအရာကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။

အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာတော့

  • သံဃာ့မိခင် ဆိုတဲ့ စကားလုံးကို Google မှာ Keywords Search နဲ့ရှာဖွေကြည့်တဲ့အခါ ဒီသတင်းဟာ ၂၀၁၅ခုနှစ် ဧပြီလကတည်းက ထွက်ပေါ်ခဲ့တဲ့ သတင်းအဟောင်းတစ်ပုဒ်ဆိုတာသိရပါတယ်။
  • ရွှေကျင်ဂိုဏ်းလို့ ထပ်မံရှာဖွေကြည့်တဲအခါမှာ သာသနာရေးဝန်ကြီးဌာနမှာ စာရင်းဝင်ပြီးသား သံဃာ့ ဂိုဏ်း ၉ ဂိုဏ်းအထိရှိတယ် ဆိုတာ သိရပါတယ်။ ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
  • ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေကျင်ဂိုဏ်းက သံဃာ့မိခင်ဘွဲ့ပေးတာမဟုတ်ပဲ လှူဒါန်းမှုတွေ ပြုလုပ်တဲ့အတွက်ကြောင့် ပစ္စည်းလေးပါးဒါယိကာဘွဲ့သာ ပေးအပ်တာဖြစ်တယ်လို့ ရွှေကျင်နိကာယအဖွဲ့ ဝင် ဆရာတော်ဓမ္မပီယက DVB သတင်းဌာနမှာ ဖြေကြားထားပါတယ်။ ပစ္စည်းလေးပါး ဒါယိကာ ဘွဲ့ဆိုတာတော့ လှူဒါန်းမှုတွေပြုလုပ်ရင် ရရှိတဲ့ ဘွဲ့တစ်မျိုးဖြစ်ပါတယ်။ သတင်းဗီဒီယို အပြည့်အစုံကို ဒီလင့်ခ် မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။
  • ဒီလို အကြောင်းအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာ ဒီသတင်းဟာ သတင်းအမှား ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။


ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ သိထားရမှာက လူတွေဟာ ချစ်ခြင်း၊ မုန်းခြင်းတွေ ဖြစ်ပေါ်လာပြီဆိုရင် ကိုယ်နှစ်သက်တဲ့သူ ကို ဘယ်လိုအကောင်းပြောပြော သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။  မုန်းတဲ့သူကိုတော့ အကောင်းပြောပြော အဆိုးပြောပြော မုန်းတတ်ကြပါတယ်။ အဲဒီအခါမှာ ကိုယ်ဖတ်လိုက်ရတဲ့သတင်းဟာ အမှား/အမှန် စိစစ်အတည်ပြုဖို့ ကိုလည်း မေ့လျော့တတ်ကြပါတယ်။ ဒါကြောင့်မို့လို့ သတင်းတွေကို ဖတ်ရှုတဲ့အခါ ကိုယ့်ရဲ့ နှစ်ခြိုက်မှု၊ မနှစ်ခြိုက်မှုတွေကို ခေတ္တခဏ မေ့လျော့ထားကြဖို့လိုပါ တယ်။

အဲဒီလိုဖတ်ရှုတဲ့အခါ သတင်းအမှားလို့ သံသယဖြစ်စရာတွေ့ပြီဆိုရင်တော့ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက် စိစစ်မေးမြန်းလို့ရပါတယ်။ သတင်းအမှန်မှန်း သေချာမသိသေးပဲ Share မပြုလုပ်ကြဖို့ကိုတော့ သတိပေးလိုက်ပါရစေ။



ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/