Fact Check| ရခိုင်ပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ကားလက်မှတ် မရောင်းဘူးဆိုတဲ့ သတင်းအမှား

ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ ဒီတစ်ခါပြောပြပေးမယ့် သတင်းအမှားတစ်ခုကတော့ ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ကားလက်မှတ်မရောင်းဘူးဆိုတဲ့ သတင်းအကြောင်းအရာပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းအကြောင်းအရာက အသံဖိုင်အနေနဲ့ ထွက်‌ပေါ်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်နေလူထုကြားနဲ့ ရန်ကုန်မြို့နေ ရခိုင်လူမှုအသိုင်းအဝိုင်းကြားမှာ ပျံ့နှံ့နေတဲ့အတွက် အချက်အလက်စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။

သတင်းအမှားအကြောင်းအရာပျံ့နှံမှုစိစစ်ချက် 

ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို နေပြည်တော် ကားလက်မှတ်ပေးမရောင်းဘူးဆိုတဲ့ အသံဖိုင်က Messenger Group တွေကနေတဆင့်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ အသံဖိုင်ထဲမှာပါဝင်တာကတော့  ရန်ကုန်မြို့နေ ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူအမျိုးသားတစ်ဦးက JJ express (yangon) ကားဂိတ်ကို နေပြည်တော်အတွက် ကားလက်မှတ်ဝယ်ယူဖို့စုံစမ်းတဲ့အခါမှာ ၁၁/ ကိုင်ဆောင်ထားသူတွေကို လက်မှတ်မရောင်းဘူးလို့ကြားထားတာ ဟုတ်ပါသလားဆိုပြီးမေးမြန်းတာကို လက်မှတ်ရောင်းတဲ့အမျိုးသမီးက ၁၁/ ကိုင်ဆောင်ထားရင်နေပြည်တော်လက်မှတ်ဝယ်ယူလို့မရဘူးဆိုတဲ့ပုံစံနဲ့ပြန်ဖြေထားတာဖြစ်ပါတယ်။

အဲ့ဒီအသံဖိုင်ဟာ Messenger Group တွေမှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေကို ခွဲခြားဆက်ဆံပြီး ကားလက်မှတ်မရောင်းဘူးဆိုတဲ့ ပုံစံနဲ့ လူမျိုးရေးအသွင်/ သတင်းအမှားဖြန့်နေတာတွေ တွေ့ရှိလာရပါတယ်။

အချက်အလက်စိစစ်ချက် (၁) 

ဒီအကြောင်းအရာနဲ့ပက်သက်ပြီး JJ express ရဲ့ စီမံရေးရာတာဝန်ခံ ဦးမြင့်ဦး ကို ဟုတ်တယ် Vs မဟုတ်ဘူးက ဆက်သွယ်ခဲ့ရာမှာတော့ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို လက်မှတ်မရောင်းဖို့ ညွှန်ကြားထားတာမရှိသလို ဖုန်းဖြေလိုက်မိတဲ့ လက်မှတ်ရောင်း အမျိုးသမီးဝန်ထမ်းကလည်း မသိနားမလည်ဘဲ ပြောမိတာဖြစ်တဲ့ အတွက် JJ Express အနေနဲ့ အမျိုးသမီးဝန်ထမ်းရဲ့  မှားယွင်းဖြေဆိုမိတာကို တောင်းပန်ကြောင်းနဲ့ ကာယကံရှင်အပါဝင် အားလုံးကို တောင်းပန်ဖို့စီစဉ်နေတယ် လို့ ဖြေကြားပါတယ်။ 

 

“အမှန်က ကျနော်တို့မညွှန်ကြားထားပါဘူးဗျ ဒီကလေးမလေးက နားမလည်ဘဲပြောလိုက်မိတာဖြစ်ပါတယ်။ ကျနော်တို့လည်းသူ့ကိုလည်း ပြောပြထားပြီးပါပြီ။ ဒီသတင်းကျနော့်ဆီရောက်လာတာ ၃ရက်လောက်ရှိပါပြီ။ ကျနော်လည်း လိုက်စုံစမ်းတော့ ကလေးမလေးဖြေလိုက်တာတော့ မှန်တယ် ဒါပေမယ့် ကျနော်တို့ညွှန်ကြားထားတာတော့မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ ရှိတဲ့သူတွေ အားလုံးက ကားစီးခွင့်ရှိတာပဲ။ ကလေးက မှားပြောလိုက်တာဖြစ်တဲ့အတွက် စကားမှားပြောတဲ့အတွက် ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကာယကံရှင်ကိုတောင်းပန်ဖို့ပြောထားတာကလည်း အခုထိ ကာယကံရှင်ကိုမသိသေးလို့ဖြစ်ပါတယ်။ ရခိုင်မှတ်ပုံတင်ကိုင်ထားတဲ့သူတွေကို နေပြည်တော်ကားလက်မှတ်မရောင်းဘူးဆိုတာက သတင်းအမှားပဲဖြစ်ပါတယ်ခင်ဗျ။ နေပြည်တော်သွားရင် ရပ်ကွက်ထောက်ခံစာလောက်ပဲတောင်းတာပါ” လို့ JJ express ရဲ့ စီမံရေးရာတာဝန်ခံ ဦးမြင့်ဦးက ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းကပြောပါတယ်။ 

 

အချက်အလက်စိစစ်ချက် (၂) 

ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကိုကားလက်မှတ်မရောင်းဘူးဆိုတဲ့ပုံစံနဲ့သတင်းအမှားတွေပြန့်နေတဲ့အပေါ် ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုခိုင်ရိုးလ ကိုလည်း မေးမြန်းထားပါတယ်။ 

 

“ အဲဒီအသံဖိုင်ကို ကြားလိုက်ရတယ်။ ရန်ကုန်ကနေ နေပြည်တော်ဘက်ကို သွားတဲ့သူတွေကို ရည်ညွှန်းတာ ထင်တယ်။ရခိုင်ပြည်နယ်မှာတော့ ခရီးသွားလာခွင့်ပိတ် ထားတာမျိုးတွေတော့ရှိတယ်။မြောက်ဦး၊ကျောက်တော်တို့ကိုသွားမရဘူး။အရေးကြီးကိစ္စဆိုရင်တောင် သက်ဆိုင်ရာဆီက စာရွက်စာတမ်း အထောက်အထားယူရတာမျိုးတွေရှိတယ်။ဒါပေမယ့် အစိုးရက ၁၁/ နိုင်ငံသားစိစစ်ရေးလက်မှတ် ကိုင်ဆောင်ထားတဲ့ ရခိုင်ပြည်နယ် ပြင်ပ မှာနေတဲ့ လူတွေအကုန်လုံး ခရီးသွားလာခွင့်ပိတ်ပင်တယ်လို့တော့ မတွေ့မိဘူး။တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်စေချင်လို့ မလိုသူတွေက အွန်လိုင်းပေါ်မှာ သတင်းအမှားတွေ၊ အမုန်းစကားတွေ ဖြန့်တယ်လို့ ထင်ပါတယ်။မလိုမုန်းထားစေချင်လို့ လုပ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်” လို့  ရခိုင်ပြည်နယ် အခြေစိုက် သတင်းထောက် ကိုခိုင်ရိုးလ က ဟုတ်တယ် vs မဟုတ်ဘူးကို ပြောပါတယ်။

 

အချက်အလက်စိစစ်ချက်(၃) 

ရခိုင်ပြည်နယ် နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ထားသူတွေကို  အဝေးပြေးကား လက်မှတ်မရောင်းရန် ညွှန်ကြား မှုမရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီးသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က 7day မီဒီယာမှာ ဖြေဆိုထားပါတယ်။ သတင်းအပြည့်အစုံ ကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေအတိုင်းစိစစ်ကြည့်လိုက်မယ်ဆိုရင် ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင် ထားတဲ့သူတွေကို ကားလက်မှတ်မရောင်းဘူးဆိုပြီးပျံ့နှံ့နေတဲ့သတင်းက သတင်းအမှားဖြစ်ကြောင်းကိုသက် သေပြနိုင်ပါတယ်။ 

ကိုဗစ်-၁၉ တကျော့ပြန် ပျံ့နှံ့မှူနဲ့အတူ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီးဂရုစိုက်ဖတ်ရှုနားထောင်သင့်တဲ့အကြောင်းလည်း အကြံပြုလိုက်ပါတယ်။ 

တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။

https://www.realornotmm.info/complaint-form/