Fact Check | ကိုဗစ် ၁၉ကို အကြောင်းပြပြီး ရခိုင်-ဗမာ အမုန်းပွားအောင် ရန်တိုက်ပေးနေတဲ့ ထုတ်ပြန်ချက်အတု

ကိုဗစ် ၁၉ ကိုအကြောင်းပြုပြီး ရခိုင်လူမျိုးနဲ့ ဗမာလူမျိုးတွေအကြား အမုန်းပွားအောင် လှုံ့ဆော်ရေးသားထားတဲ့ ထုတ်ပြန်ချက်တစ်စောင် မက်ဆင်ဂျာ နှင့် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီထုတ်ပြန်ချက်ကို Arakan Army (AA အဖွဲ့)က ထုတ်ပြန်သယောင် အတုလုပ်ပြီး ဖန်တီးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီထုတ်ပြန်စာကိုတွေ့ရင် မယုံဖို့ ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက ဖော်ပြလိုက်ပါတယ်။

ဒီထုတ်ပြန်စာမှာ ရေးထားတာတွေကတော့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ရခိုင်လူမျိုးတွေအနေနဲ့ ရောဂါ ထပ်မံပြန့်ပွားအောင် ပြုလုပ်ကြဖို့၊ ရန်ကုန်နဲ့ မန္တလေးကို ကျဆုံးအောင်လုပ်ဖို့၊ ဒါမှသာ ရခိုင်ပြည်ကြီးတည် ထောင်နိုင်မယ်ဆိုတာတွေ ပါဝင်ပါတယ်။ 

 

ဘာကြောင့် သတင်းအမှားလို့ပြောရတာလဲဆိုရင်-

 

  • သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီလိုထုတ်ပြန်စာနဲ့ ပတ်သက်လို့‌ ဖော်ပြထားတာမျိုးမရှိပါဘူး။

  • ထိုနည်းတူ AA အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ လည်းဖော်ပြထားတာမရှိပါဘူး။ AA အဖွဲ့က သူတို့ရဲ့ ထုတ်ပြန်ကြေညာစာတွေကို ဝက်ဘ်ဆိုဒ်မှာ အမြဲဖော်ပြလေ့ရှိပါတယ်။ ဒီလင့်ခ် ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။

  • ဒါ့အပြင် AA အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့အချက်တွေနဲ့ ပျံ့နှံ့နေတဲ့ထုတ်ပြန်ချက်အတုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုလို ရက်စွဲနေရာ၊ ထုတ်ပြန်စာအမှတ်တွေ ဖော်ပြထားတာကိုမြင်နိုင်ပါတယ်။ နောက်ပြီး ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ရခိုင့်တပ်တော်ဆိုပြီးပဲ သူတို့ရဲ့ ထုတ်ပြန်စာတွေကို ထုတ်လေ့ ရှိတာကိုတွေ့ရပါလိမ့်မယ်။

    အေအေတပ်ဖွဲ့၏ ထုတ်ပြန်ချက်အစစ်နဲ့ ယခုထွက်ပေါ်လာသော ထုတ်ပြန်ချက်အတုနှိုင်းယှဉ်ရာတွင် ရက်စွဲ၊စာအမှတ်၊စာ၏အဆုံးတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ဟု ရေးသားထားသော နေရာများမှာ ကွဲလွဲနေသည်။

  • ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး AA အဖွဲ့ကိုတော့ ဟုတ်တယ် vs မဟုတ်ဘူးက ဆက်သွယ်မေးမြန်း တာတွေမလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်လာရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေတွေနဲ့ တရားစွဲဆိုခံရမှု စိုးရိမ်ချက်ကြောင့်ဖြစ်ပါတယ်။

  • ဒါပေမယ့် ရခိုင်ပြည်နယ်အခြေစိုက် Development Media Group ကိုတော့ ဆက်သွယ်မေးမြန်းထားပါတယ်။ DMG မီဒီယာက ကိုအောင်ထင်က “ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရခိုင်လူမှုအသိုင်းအဝိုင်းမှာတော့ ပြောဆိုတာတွေမတွေ့ရပါဘူး ။စာကိုဖတ်ကြည့်ရင်လည်း သိနိုင်ပါတယ်။ AA တပ်ဖွဲ့က ထုတ်တဲ့စာနဲ့ ကွဲလွဲချက်တွေလည်း အများကြီးရှိနေပါတယ်။ စာက အတုဖြစ်ပါတယ်”လို့ ထုတ်ပြန်စာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

 

ဒီလို အချက်အလက်စစ်ဆေးမှုတွေအရ ဒီထုတ်ပြန်စာဟာ အတုဖြစ်ပါတယ်။ အမှားဖြစ်ပါတယ်။ ရခိုင်လူမျိုးနဲ့ ဗမာလူမျိုးကြား အမုန်းပွားအောင် သွေးထိုးလှုံ့ဆော်ထားတဲ့ ထုတ်ပြန်စာအတုသာဖြစ်တယ်ဆိုတာ သက်သေပြ နိုင်ပါတယ်။

ဒါ့အပြင် အခုလို ကိုဗစ် ၁၉ ဒုတိယလှိုင်းအနေနဲ့ ဝင်ရောက်နေတဲ့ကာလမှာ ရခိုင်ပြည်နယ်က ပိုးတွေ့လူနာအများ ဆုံးဖြစ်နေတဲ့အချိန်မှာ အချိန်ကိုက်ပြီး ရည်ရွယ်လုပ်ဆောင်တာလို့လည်း သုံးသပ်နိုင်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သတင်းမေးမြန်းရာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်း အက်ဥပဒေတွေ ရှိနေတာကြောင့် သတင်းမီဒီယာတွေအနေနဲ့ ဖြစ်သမျှ အချင်းအရာတိုင်းကို သတင်းမေးမြန်းလို့မရတဲ့အခါ ဒီလို အမုန်းတရားဖြန့်ဖြူးတဲ့ သတင်းအမှားတွေ ပျံ့နှံ့မှုများပြားလာတယ်လို့လည်း သုံးသပ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ထုတ်ပြန်စာတွေတွေ့ရင် လွယ်လွယ်ယုံတာတွေ၊ Share တာတွေမလုပ်ပဲ၊ သတင်းမီဒီယာလုပ်ငန်းစဉ် အတိုင်းလုပ်ဆောင်နေတဲ့ သတင်းမီဒီယာတွေ၊ သက်ဆိုင်ရာ အဖွဲ့တွေရဲ့ ဝက်ဘ်ဆိုဒ်တွေမှာ သွားရောက်လေ့လာ ကြည့်ပြီးမှ အမှား/အမှန် ဆုံးဖြတ်ချင့်ချိန်သင့်ပါတယ်။

အကယ်၍ အမှား/အမှန်ခွဲခြားရခက်နေရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chatbot ကိုပေးပို့ပြီး သတင်းအမှား အမှန်စိစစ်ခိုင်းလို့ရပါတယ်။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/