Fact Check| NLD အစိုးရကိုတရားစွဲဖို့ OIC အတွင်းရေးမှူးတိုက်တွန်းဆိုတဲ့သတင်းအမှား

၂၀၂၀ အထွေထွေရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ အွန်လိုင်းပေါ်မှာ သတင်းအတုအယောင် သတင်းအမှား တွေက ပိုပြီးများပြားလာတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ ပါတယ်။ ဒီတစ်ခါမှာလည်း ရွေးကောက်ပွဲကို ရည်ရွယ်ပြီး ဖြန့်ဖြူးထားတဲ့  သတင်းအမှားတစ်ခုကို တွေ့ရှိခဲ့တဲ့အတွက် အချက်အလက်စိစစ်ပြီး သတင်းအမှားဖြစ်ကြောင်းပြန်လည်ပြောပြရခြင်းဖြစ်ပါတယ်။ 

သတင်းအမှားပျံ့နှံ့မှုအကြောင်းရင်းဆန်းစစ်ချက် 

အဲ့ဒီသတင်းအမှားကို သတင်းမီဒီယာအယောင်ဆောင်ဖေ့ဘွတ်ခ်စာမျက်နှာတစ်ခုဖြစ်တဲ့ တိုင်းကျော်သတင်းဆိုတဲ့ စာမျက်နှာကနေ NLD အစိုးရအား တရားစွဲဆိုနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်မှတ်ထိုးတောင်းဆို ကြရန် OIC အဖွဲ့အတွင်းရေးမှူးတိုက်တွန်း ဟုဆို တဲ့ခေါင်းစဉ်နဲ့အတူ  ဩဂုတ်လ ၁၂ ရက်နေ့ကတင်ထားခဲ့တာဖြစ်ပြီးတော့ ၂ရက်အတွင်းမှာ shareပြုလုပ်သူ 4000 ကျော်နဲ့ Comment ရေးသားသူ တစ်ထောင်နီပါးထိရောက်ရှိပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီသတင်းအမှားမှာတင်ထားတဲ့အကြောင်းအရာတွေကတော့ မြန်မာအစိုးရ အဖြစ်တာဝန်ယူနေသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ NLD ပါတီအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ပါတီထူထောင်ရပ်တည်နိုင်ရေးနှင့် ရွေးကောက်ပွဲများတွင် ပါတီအောင်နိုင်ရေးနှင့် အစိုးရ အဖွဲ့ဖွဲ့နိုင်ရေး အတွက် OIC အဖွဲ့ဝင်နိုင်ငံများ ထူထောင်ထားသည့် ရံပုံငွေများထဲ့မှ အချို့အားကူညီ ထောက်ပံ့ ပေးရန်တောင်းဆိုမှုတွေရှိလာ တဲ့အတွက် နှစ်ဖက်ကိုယ်စားလှယ်များ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုများ ထားရှိက မိမိတို့OIC အဖွဲ့ပိုင် ဘဏ္ဍာ အချို့အား ကူညီထောက်ပံပေးခဲ့ ကြောင်း ယခုအခါတွင် NLD ပါတီအနေဖြင့် မြန်မာအစိုးရအဖြစ် သူနိုင်ငံကို ဦးဆောင်နေသည်မှာ ၄ နှစ်ကျော်ကာလ အထိ ရှိနေပြီဖြစ်သော်လည်း မိမိတို့ OIC အဖွဲ့နှင့် သဘောတူ ထားရှိခဲ့သည့် ကတိကဝတ် များအား ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့်အတွက် နှစ်နာ မှုတွေ များစွာ ဖြစ်ခဲ့ရတဲ့အတွက် မိမိတို့ OIC အဖွဲ့ချုပ်မှ နိုင်ငံတကာ ကတိကဝတ် များဖောက်ဖျက်မှု ဥပဒေ အရ NLD ပါတီ အစိုးရအား တရားစွဲဆိုနိုင်ရန် လက်မှတ်ထိုးတောင်းဆိုကြဖို့ တိုက်တွန်းလိုက်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံအခြေစိုက် သတင်း ဌာနတစ်ခုက ဖော်ပြလိုက်ကြောင်း  စတဲ့အကြောင်းအရာတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ သတင်းအမှား ဖော်ပြထားတာကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

 

  • သတင်းအမှားမှာဖော်ပြထားတဲ့ NLD ပါတီကို ၂၀၁၃ ခုနှစ်က OIC ရဲ့ ဘဏ္ဍာငွေထောက်ပံ့ထားတယ်ဆိုတာက အထောက်အထားမရှိတဲ့စွပ်စွဲချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ ပြည်တွင်းအခြေစိုက်သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေး သားဆောင်ရွက်ထုတ်ဝေနေတဲ့သတင်းဌာနတွေမှာဖော်ပြထားတာမရှိပါဘူး။ 
  • NLD အစိုးရကို တရားစွဲဆိုနိုင်ရန် လက်မှတ်ထိုးတောင်းဆိုကြဖို့ တိုက်တွန်းလိုက်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံအခြေစိုက် သတင်း ဌာနတစ်ခုက ဖော်ပြလိုက်ကြောင်းသိရသည် ဆိုတာက ခိုင်လုံတဲ့သတင်းအရင်းအ မြစ်မဟုတ်ပါဘူး။ Google မှာ ရိုက်ရှာလိုက်ရင်လည်း အဲ့ဒီသတင်းအကြောင်းအရာကိုတွေ့ရှိရခြင်းမရှိပါ ဘူး။
  • သတင်းအမှား ရဲ့ အောက်ဆုံးမှာ Source(ရင်းမြစ်) ကိုဖော်ပြထားတဲ့နေရာမှာ နိုင်ငံတကာ သတင်းကောက်နုတ်ချက်မူရင်း WWW.OIC.MYANMAR.cccccmf. gmaill@.Come လို့ဖော်ပြထား ပါတယ်။ အဲ့တာက တကယ်ရှိတဲ့ ဝဘ်ဆိုက်ဒ်မဟုတ်ပါဘူး။ ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်ထားတဲ့ အတုအယောင်တစ်ခုပဲဖြစ်ပါတယ်။ OIC ရဲ့ ဝဘ်ဆိုက်ဒ်က https://www.oic-oci.org ဖြစ်ပါတယ်။ 
  • သတင်းအမှားမှာ ဖော်ပြထားတဲ့ပုံက OIC အထွေထွေအတွင်းရေးမှူးYousef Bin Ahmad Bin Abdul Rahman Al-Othaimeen ရဲ့ပုံလုံးဝမဟုတ်ပါဘူး။ သတင်းအမှားမှာဖော်ပြထားတဲ့ပုံက ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်နဲ့ ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan တို့ တွေ့ဆုံစဉ်က ပုံတွေသာဖြစ်ပါတယ်။ မူရင်းပုံကို ဒီလင့်ခ် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 
  •  OIC အထွေထွေအတွင်းရေးမှူးYousef Bin Ahmad Bin Abdul Rahman Al-Othaimeen ရဲ့ပုံကို ဒီလင့်ခ် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 

 

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း စိစစ်လိုက်မယ်ဆိုရင် တိုင်းကျော်သတင်းဆိုတဲ့ ပေ့ချ်မှာ ဖော်ပြထားတဲ့အချက်တွေအားလုံးက လုံးဝမှားယွင်းနေတဲ့ သတင်းအချက်အလက်တွေဆိုတာကို စိစစ်တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် NLD အစိုးရကိုတရားစွဲဖို့ OIC နိုင်ငံတွေ အနေနဲ့လက်မှတ်ထိုးတောင်းဆိုကြဖို့ OIC အတွင်းရေးမှူး တိုက်တွန်းဆိုတဲ့သတင်းက သတင်းအမှားဖြစ်ကြောင်းသက်သေပြနိုင်ပါတယ်။ 

 

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနီးချိန်မှာ လူမှုကွန်ရက်တွေပေါ်မှာ ရွေးကောက်ပွဲကိုရည်ရွယ်ပြီးဖြန့်တဲ့  သတင်းအမှားတွေ၊ ဝေဖန်တိုက်ခိုက်တာ တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်တာတွေ အများအပြား တွေ့ရပါတယ်။ ဒါကြောင့် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအ နေနဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။

လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/