Facebook ကို ကြော်ငြာခပေးပြီး ရွေးကောက်ပွဲအတွက် သတင်းအမှားဖြန့်လို့ရနေပြီလား

ကုန်ပစ္စည်းတစ်ခုကို အွန်လိုင်းပေါ်မှာ ရောင်းချလိုတဲ့အခါ ဖေ့ဘွတ်ခ်ကို အဲဒီကုန်ပစ္စည်းရဲ့အကြောင်း ရေးထားတဲ့ပို့စ်ကို လူများများတွေ့ရအောင်လို့ ကြော်ငြာခ ပေးသွင်းရလေ့ရှိပါတယ်။ တစ်ဒေါ်လာကနေစလို့ ဒေါ်လာ ရာချီ၊ ထောင်ချီအထိ ကြော်ငြာခပေးသွင်းနိုင်ပြီး ကြော်ငြာခ ပိုများလေ အဲဒီ ကြော်ငြာဟာ ဖေ့ဘွတ်ခ်အကောင့်ပေါင်းများစွာဆီ ရောက်လေလေပါပဲ။ ဒါကို ဖေ့ဘွတ်ခ်မှာ boost ထိုးပြီး ကြော်ငြာတယ် ဈေးရောင်းတယ်လို့ ခေါ်ပါတယ်။ ဒီကြော်ငြာတွေကို ဖေ့ဘွတ်ခ် သုံးနေတဲ့ လူတော်တော်များများ တွေ့ဖူးကြပါလိမ့်မယ်။

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ က အဲဒီလို ကြော်ငြာထားတဲ့ ကြော်ငြာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကြော်ငြာဟာ ကုန်ပစ္စည်းကြော်ငြာတော့မဟုတ်ပါဘူး။ နိုင်ငံရေးအရ လှုံ့ဆော် ရေးသားထားတဲ့ အကြောင်းအရာတွေသာလျှင်ဖြစ်ပါတယ်။ ဒီလို ဖေ့ဘွတ်ခ်ကို အခကြေးငွေပေးပြီး ကြော်ငြာတဲ့ ပို့စ်ကို တင်တဲ့ ပေ့ချ်ရဲ့ နာမည်ကတော့ National News Network ဖြစ်ပါတယ်။

 


နိုင်ငံရေးကြော်ငြာ


ကြော်ငြာမှာပါဝင်တဲ့ အကြောင်းအရာက တပ်မတော် စစ်ရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပြည်ပ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို Covid 19 ကာလမှာ ပြန်လည်ခေါ်ယူရေးအတွက် ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ က လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ရဲ့ လွှတ်တော်မှာ တင်သွင်းတဲ့ အဆို အပေါ်  ထင်မြင်ယူဆချက်တွေပဲဖြစ်ပါတယ်။ ဒီကြော်ငြာကို ဖေ့ဘွတ်ခ်အနေနဲ့ နိုင်ငံရေးအရ အသုံးပြုတဲ့ ကြော်ငြာအဖြစ်လက်ခံထားတာကိုတွေ့ရပါတယ်။ (ပုံမှာ ကြည့်ရှုနိုင်ပါတယ်)

ဒီကြော်ငြာအတွက် ဒေါ်လာ ၁၀၀ အောက်အတွင်းမှာရှိတဲ့ ငွေကို အသုံးပြုထားတာဖြစ်ပြီး လူဦးရေ တစ်သန်း(အကောင့် အရေအတွက် တစ်သန်း)ဆီကိုရောက်ရှိဖို့ ရည်ရွယ်ထားတာကိုတွေ့ရပါတယ်။ အသက် ၁၈နှစ်နဲ့ ၃၄ကြား လူလတ် ပိုင်းအမျိုးသား တွေအသုံးပြုတဲ့ အကောင့်တွေဆီ ရည်ရွယ်ပြီး ကြော်ငြာလုပ်ထားတာကိုလည်းတွေ့ရ ပါတယ်။ နေရာအားဖြင့် ရန်ကုန်တိုင်းကို အဓိက ဦးတည်ပစ်မှတ်ထားပြီး ဒုတိယအနေနဲ့ မန္တလေးတိုင်းကို ဦးတည် ထားတာတွေ့ရပါတယ်။ လူဦးရေများများနေထိုင်တဲ့ တိုင်း‌‌ဒေသကြီးတွေကို ရည်ရွယ်ထားပုံပါပဲ။

သတင်းအမှားနဲ့ အမုန်းတရားကြော်ငြာ

 

အထက်မှာ ဖော်ပြထားတဲ့ပို့စ်ကို ဖေ့ဘွတ်ခ်က နိုင်ငံရေးဆိုင်ရာကြော်ငြာအဖြစ် လက်ခံထားပေမယ့် နိုင်ငံရေးကြော်ငြာအဖြစ်မဟုတ်ပဲ သာမန်ကြော်ငြာအဖြစ်ပဲ လက်ခံထားတဲ့ ပို့စ်တွေလည်း ဒီပေ့ချ်မှာ အများအပြားရှိတာကို တွေ့ရပါတယ်။ ဒီ National News Network ဆိုတဲ့ ပေ့ချ်ဟာ ဇူလိုင်လကတည်းက ဖေ့ဘွတ်ခ်ကို ကြော်ငြာခပေးပြီး သူတို့ရဲ့ ပို့စ်တွေကို လူအတော်များများဆီ ပျံ့နှံ့ရောက်ရှိအောင် ရည်ရွယ်ထားပါတယ်။ အဲဒီလိုကြော်ငြာခပေးထားတဲ့ ပို့စ်တွေထဲက တော်တော်များများဟာ သတင်းအမှားတွေဖြစ်သလို လူ့အဖွဲ့အစည်းအတွင်း လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ကိုးကွယ်ရာ ဘာသာတစ်ခုနှင့်တစ်ခု မသင့်မမြတ်ဖြစ်အောင် ရည်ရွယ်ရေးသားထားတဲ့ အမုန်းစကားတွေနဲ့ ဘာသာရေးကို အကြောင်းပြုတဲ့ နိုင်ငံရေးအောက်လုံးထိုးမှုတွေ ပါဝင်နေတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါက ဇူလိုင်လအတွင်းက ကြော်ငြာခပေးသွင်းပြီး တင်ထားတဲ့ပို့စ်တွေ ဖြစ်ပါတယ်။ ဒီလင့်ခ် မှာ ဝင်ကြည့်နိုင်ပါတယ်။

 

အမုန်းတရားပွားများစေတဲ့ အကြောင်းအရာတွေနဲ့ သတင်းအမှားတွေ ဖြန့်ထားတဲ့ သီချင်းဗီဒီယို

ဒီသီချင်း ဗီဒီယိုကို National News Network ပေ့ချ်ကနေ ဩဂုတ်လ ၁၁ရက်နေ့က ကြော်ငြာခပေးသွင်းထားတာတွေ့ရပါတယ်။ သီချင်းရဲ့ အကြောင်းအရာကတော့ NLD အစိုးရရဲ့ အားနည်းချက်တွေကို နိုင်ငံရေး၊ဘာသာရေး၊လူမျိုးရေး ရှုထောင့်ပေါင်း စုံကနေသီဆိုထားတာဖြစ်ပြီး သံစဉ်ကတော့ မြို့မငြိမ်းရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ မူယာကြော့ သီချင်းကို ကူးယူထားတာဖြစ်ပါတယ်။ ဒီသီချင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓမြတ်စွာကို သာမန်လူတစ်ဦးမို့ ကိုးကွယ်စရာမလိုဘူးဆိုပြီး ရေးသားထားတဲ့ ဓာတ်ပုံ တစ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ 

Google မှာ Keywords အသုံးပြုပြီး အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်လို့ ဒီလိုစကားမျိုးပြောဖူးတာ မတွေ့ရပါဘူး။ ဗုဒ္ဓဘာသာနဲ့ သူမရဲ့ နိုင်ငံရေးခံယူချက်အချို့နဲ့ပတ်သက်လို့  ပြောထားတဲ့ စကားအချို့ကိုသာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီထဲမှာလည်း ဗုဒ္ဓမြတ်စွာဟာ သာမန်လူမို့လို့ကိုးကွယ်စရာမလိုဘူးဆိုတဲ့ စကားမျိုး ပြောဆိုထား တာမျိုးကို မတွေ့ရပါဘူး။ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓမြတ်စွာဟာ သာမန်လူဖြစ်တဲ့အတွက် ကိုးကွယ်စရာမလိုဘူးဆိုတာဟာ သတင်းအမှားပဲဖြစ်ပါတယ်။


သတင်းအမှားဖြန့်ဖြူးတဲ့ RFM တံဆိပ်နဲ့လည်း ချိတ်ဆက်မှုရှိ

 

 

 

ဒါ့အပြင် သတင်းအမှားဖြန့်ဝေတဲ့ တံဆိပ်တစ်ခုဖြစ်တဲ့ RFM ဆိုတဲ့ တံဆိပ်နဲ့သတင်းအမှားတွေကိုလည်း ဒီပေ့ချ်မှာ တင်ထားတာကို တွေ့ရပါတယ်။ RFMဆိုတာဟာ သတင်းမီဒီယာအယောင်ဆောင်ထားတဲ့ တံဆိပ်တစ်ခုသာလျှင်ဖြစ်ပြီး ဒီတံဆိပ်နဲ့ တင်ထားတဲ့ သတင်းတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့တင်ထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေဟာ ဒီသတင်းအမှားတွေကို ဘာကြောင့် မယုံသင့်တဲ့အကြောင်းကို ဒီလင့်ခ် နှင့် ဒီလင့်ခ် တွေမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် ဒီပေ့ချ်ဟာ လူနည်းစုတွေဖြစ်တဲ့ မွတ်စ်လင်တွေကို ဦးတည်တိုက်ခိုက်တဲ့ ပို့စ်အများအပြားတင် ထားတာကိုလည်းတွေ့ရပါတယ်

အခုလိုမျိုး အမုန်းစကားတွေနဲ့ သတင်းအမှားတွေဖြန့်နေတဲ့ပေ့ချ်တွေက နိုင်ငံရေးကြော်ငြာအနေနဲ့ ပို့စ်တွေကို လုပ်ခွင့်ရနေပေမယ့်လည်း နိုင်ငံရေးလေ့လာစောင့်ကြည့်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အရေးလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့၊ သုတေသနအခြေပြု အင်စတီကျုတချို့ရဲ့ ဖေ့ ဘွတ်ခ် စာမျက်နှာတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာတွေကိုတော့ ပိုပြီး တင်း ကြပ်လာတာ တွေ့ရပါတယ်။ ဥပမာ- ရွေးကောက်ပွဲကာလကို အကြောင်းပြုပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ ဖေ့စ် ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြကြတဲ့ ပို့စ်တွေကို boost လုပ်တဲ့အခါ Special Ad Categories အောက်ထဲ ဆွဲသွင်းလိုက်ပြီး “Social Issues, Elections or Politics” နဲ့ ငြိစွန်းတာကြောင့် reach တွေ ဆက်မတက်နိုင် အောင် ရပ်ဆိုင်းလိုက်တာ၊ ငြင်းပယ် (reject) လုပ်လိုက်တာတွေကို ဒီရက်ပိုင်းတွေမှာ အများဆုံး တွေ့လာရပါတယ်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ Deputy Director of Communications ဖြစ်တဲ့ ကိုနေထွန်းနိုင်က သူ့ရဲ့ အမြင်နဲ့ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဟုတ်တယ်Vsမဟုတ်ဘူးကို အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့က သုတေသနကို အခြေခံပြီး အများပြည်သူကို သတင်းအချက်တွေ ပေးနေတဲ့ အလုပ်တွေ လုပ် ပါတယ်။ ဒီလိုလုပ်ရာမှာ ပရိသတ်တွေဆီ ပိုပြီး ပျံ့နှံ့မှု ဖြစ်စေဖို့ post တွေကို boost လုပ်လေ့ရှိပါတယ်။ ဒီ ရက်ပိုင်းတွေမှာတော့ ကျနော်တို့ boost လုပ်တဲ့ ပို့စ်တွေကို Facebook က ရပ်ဆိုင်းပစ်တာ၊ reject လုပ်လိုက် တာတွေ ရှိပါတယ်။ သူတို့ ပြောတဲ့အကြောင်းပြချက်က ကျနော်တို့ရဲ့ ပို့စ်တွေက “Social Issues, Elections or Politics” နဲ့ ငြိစွန်းနေတယ်လို့ ဆိုပါတယ်” လို့ ပြောပြပါတယ်။

ဒီလို ဖြစ်တဲ့အတွက် ကျနော် Facebook ကို ဆက်သွယ်ခဲ့ပါတယ်။ ငါတို့ဟာ နိုင်ငံရေးပါတီလည်း မဟုတ် ဘူး။ လွတ်လပ်ပြီး အစိုးရမဟုတ်တဲ့ သုတေသန အဖွဲ့အစည်းသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူတို့ကလည်း ကျနော်တို့ရဲ့ ပို့စ်တွေဟာ Special Ad Categories ငြိစွန်းနေတယ်။ ကျနော်တို့ ပို့စ်တွေကို Boost လုပ်မယ်ဆို ရင် Disclaimer လုပ်ပါလို့ ပြန်ပြောလာပါတယ်။ ဒါကြောင့် သူတို့ ပြောတဲ့အတိုင်းပဲ လုပ်ခဲ့ရပါတယ်။ ပထမ ဆုံး ကျနော်တို့ရဲ့ Ad Account ကို Identity Confirmation အရင် လုပ်ရပါတယ်။ ဒါကိုတော့ ကျနော်တို့ အရင်ကတည်းက လုပ်ပြီးသားပါ။ နောက်တခါ Page ရဲ့ Setting ဘယ်ဘက်ခြမ်းမှာ ရှိတဲ့ Issue, Electoral or Political Ads category ကို သွားရပါတယ်။ အဲဒီမှာ အဆင့်နှစ်ဆင့်ကို မလွဲမသွေ လုပ်ပေးရပါတယ်။ ပထမ တချက်က Ads Account ရဲ့ Identity ကို confirm လုပ်ပေးရပါတယ်။ ပြီးတော့ ဒုတိယ အချက်အနေနဲ့ Ads Account ကို link ချိတ်ပေးရပြီး Disclaimer လုပ်ရပါတယ်။ ဒီပို့စ်ကို ဘာအတွက် ကြော်ငြာရတယ်ပေါ့။ ဒီ လိုလုပ်ပေးမှသာ Page ရဲ့ Transparency ပိုင်းအတွက် အတည်ပြုချက်ကို ဖေ့ဘွတ်စ်က ထုတ်ပေးပါတယ်။ ဒါ မလုပ်ဘူး ဆိုရင်တော့ သူတို့က ကျနော်တို့ ပို့စ်တွေအတွက်လုပ်တဲ့ boost ကို reject လုပ်ပစ်မှာ ဖြစ်ပါ တယ်။ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်ပါ” လို့ ကိုနေထွန်းနိုင်က ဆက်ပြောပါတယ်။ 

 

ဘာလဲ၊ ဘယ်လဲ ဖေ့ဘွတ်ခ် ကြော်ငြာမူဝါဒ

 

(၁) ပွင့်လင်းမြင်သာမှုရှိခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ တာဝန်သိမှု၊ တာဝန်ခံမှုတို့  ပိုမိုတိုးတက်လာစေ နိုင်သည်ဟု ဖေ့ဘွတ်ခ် မှ လက်ခံယုံကြည်ထားပါသည်။

(၂) ယမန်နှစ်က ဖေ့ဘွတ်ခ်၏ကြော်ငြာပွင့်လင်းမြင်သာမှုဆိုင်ရာ နည်းပညာကိရိယာများ ကမ္ဘာတစ်ဝှမ်းအသုံး ပြုနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

(၃) မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများဖော်ပြလိုသူတိုင်း မိမိ မည်သူမည်ဝါဖြစ် ကြောင်း အတည်ပြုရန်လိုအပ်ပြီး အဆိုပါကြော်ငြာများကို မည်သူမှ အခကြေးငွေပေး၍ ကြော်ငြာထားကြောင်း ပြသထားမည်ဖြစ်သည်။

(၄) ဖေ့ဘွတ်ခ်၏ကြော်ငြာပြခန်းတွင် ကြော်ငြာဆိုင်ရာ အချက်အလက်များကို ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန်  ဆောင်ရွက်ထားသည်။ ဥပမာ- ကြော်ငြာအား ကြည့်ရှုခဲ့သူများ၏ လူဦးရေဆိုင်ရာ သတင်းအချက်အလက်များ အပါအဝင် ကြော်ငြာအတွက် ကုန်ကျစားရိတ်တို့ကိုပါ တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက (facebook.com/ads/library) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အထက်ပါ အချက်အလက်တွေကတော့  ဖေ့ဘွတ်ခ်က ထုတ်ပြန်ထားတဲ့ ၄င်းတို့ရဲ့ ကြော်ငြာဆိုင်ရာ မူဝါဒတွေ ဖြစ်ပါတယ်။

ဖေ့ဘွတ်ခ်ပေ့ချ်တစ်ခုမှာ ကြော်ငြာထည့်သွင်းထားသလား သိချင်ရင် အဆိုပါပေ့ချ်ရဲ့ Page Transparency ကို သွားရောက်ပြီး Ads Library မှာ ကြည့်ရှုနိုင်ပါတယ်။ National News Network ပေ့ချ်ကိုလည်း အဲဒီနည်းအားဖြင့် ကြည့်ရှုပြီး ဒီသတင်းအချက်အလက်တွေကို သိရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများဖော်ပြလိုသူတိုင်း မိမိ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်လိုအပ်ပြီး အဆိုပါကြော်ငြာများကို မည်သူမှ အခကြေးငွေပေး၍ ကြော်ငြာထားကြောင်း ပြသထားမည်ဖြစ်သည် ဆိုတဲ့ နံပါတ် ၃ အချက်အရ မည်သူမည်ဝါ ဖြစ်ကြောင်း မဖော်ပြထားပဲ နိုင်ငံရေးအရ အမုန်းစကားတွေနဲ့ သတင်းအမှား အများစု ထုတ်လွှင့်နေတဲ့ ပေ့ချ်တစ်ခုဟာ Political Ads နိုင်ငံရေးကြော်ငြာရရှိသွားတာဟာ ဖေ့ဘွတ်ခ်ရဲ့ သူတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ကြော်ငြာဆိုင်ရာ မူဝါဒတွေနဲ့ အလွဲကြီးလွဲနေပါတယ်။ ကြော်ငြာရှင်ဟာ ဖေ့ဘွတ်ခ်ကို မည်သူမည်ဝါဖြစ်ကြောင်း အသိပေးပြီး တင်ပြပေမယ့် အဲဒီကြော်ငြာရှင်ဟာ မည်သူမည် ဝါ ဖြစ်ကြောင်းကိုတော့ အဲဒီပို့စ်တွေကို မြင်ရတဲ့သူတွေ၊ ဝင်ဖတ်မိသွားတဲ့သူတွေကို ဖေ့ဘွတ်ခ်က အသိမပေးပါဘူး။ နိုင်ငံရေးအရ အကဲဆတ်တဲ့၊ ဘာသာရေးအရ အကဲဆတ်တဲ့ ပို့စ်တွေဖြစ်တာကြောင့် ကြော်ငြာကို လက်မခံခင် အကြောင်းအရာကို ပြန်အကဲခတ်ဖို့လိုသလို ငွေကြေးပေးသွင်းသူဟာ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြဖို့ လိုပါတယ်။ ဒါမှသာ ဖတ်ရှုတဲ့သူ၊ အသုံးပြုသူတွေအနေနဲ့ ဘယ်သူ့ကြောင့် ဘာကြောင့်ဆိုတာကို အကဲခတ်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးသမား၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ စတဲ့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ တာဝန်ယူမှု၊ တာဝန်ခံ မှုရှိတဲ့ ပေ့ချ်တွေမှာ နိုင်ငံရေးကြော်ငြာထည့်သွင်းတာမျိုးက ပွင့်လင်းမြင်သာမှုရှိပေမယ့် ဒီလို မည်သူမည်ဝါ မဖော်ပြထားပဲ နောက်ကွယ်က လှုပ်ရှားနေတဲ့ ပေ့ချ်တွေက ကြော်ငြာခပေးပြီး လှုံ့ဆော်နေတာမျိုးကတော့ ပွင့်လင်းမြင်သာမှုမရှိပါဘူး။ ဒီလိုဖေ့ဘွတ်ခ်ရဲ့ ကြော်ငြာ မူဝါဒဆိုင်ရာ လွဲမှားမှုတွေကနေတဆင့် သတင်းအမှား နဲ့ အမုန်းစကားဖြန့်ဖြူးမှုကို မရည်ရွယ်ပေမယ့် အားပေးကူညီနေသလိုလည်း ဖြစ်နေပါတယ်။ ပျံ့နှံ့မှုများနေတဲ့ ဒီသတင်း အမှားနဲ့၊အမုန်းစကား ဝါဒဖြန့်ချိမှုတွေကို ဖေ့ဘွတ်ခ် အသုံးပြုနေတဲ့သူတွေက ယုံကြည်မိရာကတဆင့် လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူတွေရဲ့ အတွေးအခေါ်ကို အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်သွား နိုင် စရာမျိုးလည်းရှိနေပါတယ်။ ဒါ့ကြောင့် ဒီလို မည်သူ မည်ဝါ မဖော်ပြပဲ အကဲဆတ်တဲ့ သတင်းအမှားနဲ့ အမုန်း စကားပို့စ်တွေကို ကြော်ငြာလက်မခံခင် အသေးစိတ် စိစစ်တာမျိုးတွေပြုလုပ်ဖို့ လိုအပ်လာပါပြီ။

သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသားထုတ်ဝေနေတဲ့သတင်းမီဒီယာတွေအနေနဲ့ ယခုဆောင်းပါးကို Credit ပေးပြီး အခမဲ့ ကူးယူဖော်ပြနိုင်ပါတယ်။ မိမိတို့ မီဒီယာတွင်ဖော်ပြလိုပါက info@realornotmm.info  အီးမေးလ်ကို ဆက်သွယ်နိုင်ပါသည် ။