Fact Check| လက်ချောင်းအတုလုပ်ပြီးမဲခိုးဖို့ကြံစည်နေတယ်ဆိုတဲ့သတင်းအမှား

ဟုတ်တယ်Vsမဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ ၂၀၂၀ ရွေးကောက်ပွဲကိုဦးတည်ပြီး ဖြန့်တဲ့ သတင်းအမှားတစ်ခုကို သတိပြုမိခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ လက်အတုလုပ်ပြီး မဲခိုးဖို့ကြံစည်နေတဲ့ အတွက် မဲပေးတဲ့အခါသေချာစစ်ဆေးဖို့လိုအပ်တယ်ဆိုတဲ့စာသားနဲ့အတူ လက်ချောင်းအတုပုံတွေနဲ့တကွ တင်ထားတာဖြစ်ပါတယ်။ 

အဲ့ဒီသတင်းအမှား ကို ပြန်လည်ဝေမျှသူတွေအများအပြားရှိခဲ့တဲ့အတွက် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့  ပို့စ်ကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  အဲ့ဒီသတင်းအမှားအကြောင်းအရာက လာမယ့် ၂၀၂၀ ရွေးကောက် ပွဲကို  လူထုကြားမှာ နားလည်မှုလွဲမှားစေနိုင်တဲ့အတွက် သတင်းအမှားဖြစ်ကြောင်းစိစစ်ပြီး ပြောပြာရခြင်းဖြစ်ပါတယ်။ 

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

 

  • ပျံ့နှံ့နေတဲ့ သတင်းအမှားမှာပါတဲ့ ပုံ ကို Google reverse image search နဲ့ရှာဖွေလိုက်မယ်ဆိုရင် အလားတူပုံမျိုးတွေနဲ့ သတင်းတွေအများအပြားရှိနေတာကိုမြင်ရမှာဖြစ်ပြီးတော့ yakuza finger ဆိုပြီး Google ရဲ့ AI က ပြသပါတယ်။ ဒါကြောင့် ပျံ့နှံ့နေတဲ့ လက်ချောင်းပုံတွေဟာ မူရင်းပုံလုံးဝမဟုတ်ဘူးဆိုတာကို သတိပြုနိုင်ပါတယ်။ 

  • ပုံစံတူ ဓာတ်ပုံတွေနဲ့ဖော်ပြထားတဲ့ လင့်ခ်တွေထဲက တစ်ခုကိုဝင်ကြည့်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ ၇နှစ်က တင်ထားတဲ့ ပုံတစ်ပုံကိုတွေ့ရမှာဖြစ်ပြီးတော့ အဲ့ဒီမှာရေးသားထားတာကတော့ ယာကူဇာဂိုဏ်းသားဟောင်းတွေရဲ့  ပြုပြင်ပြောင်းလဲရေးအတွက် လက်ချောင်း အတုများ ဆိုပြီး ရေးသားထား ပါတယ်။ ဒီလင့်ခ်မှာ ဝင်ဖတ်နိုင်ပါတယ်။ 

  • အလားတူပဲ  ABC News က လည်း ယာကူဇာဂိုဏ်းသားဟောင်းတွေရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အကူအညီပေးမယ့် လက်ချောင်းတုတွေအကြောင်းကို ၂၀၁၃ ခုနှစ် တုန်းက သတင်းဖော်ပြခဲ့ဖူးပါတယ်။ ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။ 

  • အိန္ဒိယနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် အောက်လွှတ်တော် ရွေးကောက်ပွဲ မှာလည်း အခုမြန်မာနိုင်ငံမှာပျံ့နှံ့နေတဲ့ အလားတူပုံစံနဲ့ပဲ သတင်းအမှားပျံ့နှံ့ခဲ့ ဖူးတဲ့အတွက် အချက်အလက်စစ်ဆေးတဲ့အဖွဲ့တွေက သတင်းအမှားဖြစ်ကြောင်းဖော်ထုတ်ခဲ့ဖူးပါတယ်။ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် ပျံ့နှံ့နေတဲ့ လက်အတု တွေနဲ့မဲခိုးဖို့လုပ်ဆောင်နေတဲ့တယ်ဆိုတာကလာမယ့် ၂၀၂၀  ရွေးကောက်ပွဲကို ရည်ရွယ်ပြီး နားလည်မှုလွဲမှားအောင် ရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။ 

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနီးချိန်မှာ လူမှုကွန်ရက်တွေပေါ်မှာ ရွေးကောက်ပွဲကိုရည်ရွယ်ပြီးဖြန့်တဲ့  သတင်းအမှားတွေ၊ ဝေဖန်တိုက်ခိုက်တာ တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်တာတွေ အများအပြား တွေ့ရပါတယ်။ ဒါကြောင့် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအ နေနဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။

လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/