Fact Check|ပြည်ခိုင်ဖြိုးပါတီ အာဏာရလျှင် အင်္ဂလိပ်စကားမပြောရ ဥပဒေ ပြဌာန်းမယ်လို့ဦးသန်းဌေးပြောတယ်ဆိုတဲ့သတင်းအမှား

ဖေ့ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အရင်က ပျံ့နှံ့ခဲ့ဖူးတဲ့ သတင်းအမှားတစ်ပုဒ် ပြန်လည် ပျံ့နှံ့နေတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။ အဲ့ဒီ အကြောင်းအရာကတော့ ပြည်ခိုင်ဖြိုးပါတီ အာဏာရလျှင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား လုံးဝ မပြောရ ဥပဒေ ပြဌာန်းနိုင်အောင် ဆောင်ရွက်မယ်လို့  USDP ပါတီဥက္ကဌ ဦးသန်းဌေးက ပြောတယ်ဆိုတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီသတင်းအမှားဟာ ၂၀၂၀ ဖေဖော်ဝါရီလ ကတည်းက ပျံ့နှံနေတာဖြစ်ပြီး အခုပြန်လည် ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားကို မည်သူမည်ဝါမှန်း မဖော်ပြထားတဲ့ “ ဒီမိုဖိုက်တာ” ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က သူရဲ့ ထင်မြင်ယူဆချက်တွေနဲ့အတူ  “ Aung San Suu Kyi” အမည်နဲ့ ဖေ့ဘွတ်ခ် Group မှာ ဩဂုတ် ၉ရက် မွန်းလွဲ ၃နာရီကျော်မှာ တင်ထားတာဖြစ်ပါတယ်။  ဒီ Group ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ  ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို အသုံးပြုထားတဲ့ Group တစ်ခုဖြစ်ပါတယ်။  ဒီသတင်းအမှားကို like and react ပြုလုပ်သူ ၁၃၀၀ ကျော်အထိရှိပြီး၊ ပြန်လည်မျှဝေသူ ၈၀၀ နီးပါး ရှိလာခဲ့ပါတယ်။ သတင်းအမှားကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။ 

ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင် 

 

  •   အာဏာပြန်ရရင် အင်္ဂလိပ်စာ အင်္ဂလိပ်စကားလုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင်ဆောင်ရွက်မယ်ဆိုတဲ့ သတင်းမှားဖြန့်သူတွေနဲ့ကူးယူဖော်ပြသူတွေကို အရေးယူဆောင်ရွက်မယ်လို့ ပြည်ခိုင်ဖြိုး ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က သူ့ရဲ့လူမူကွန်ယက်စာမျက်နှာကနေ  ၂၀၂၀ ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှာ အသိပေးထားတယ်လို့ ကုမုဒြာသတင်းဌာနမှာ ရေးသားဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

  • “ အင်္ဂလိပ်စကား မပြောနိုင်သည်နှင့် ပညာရေးစနစ် မကောင်းဟု လွှဲချ၍ မရကြောင်း ပြည်ခိုင်ဖြိုး ဥက္ကဌဆို” ဆိုပြီး သတင်းတစ်ပုဒ်ဟာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ မြန်မာတိုင်းမ် သတင်းဌာနမှာ ၂၀၂၀ ဇန်နဝါရီ ၂၅ရက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။ 

 

  • ဒါ့အပြင် ဒီသတင်းပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကို  ဟုတ်တယ် Vs မဟုတ်ဘူး က မက်ဆင်ဂျာကနေ အတည်ပြုမေးမြန်းရာ သတင်းအတု ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

 အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တိုက်ဆိုင်စစ်ဆေးပြီးတဲ့အခါမှာတော့ ပျံ့နှံ့နေတဲ့ သတင်းက သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ 

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနီးချိန်မှာ နိုင်ငံရေးပါတီတွေကို မဟုတ်မမှန်သတင်းတွေနဲ့ ဝေဖန်တိုက်ခိုက်တာ တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်တာတွေ အများအပြား တွေ့ရပါတယ်။ ဒါကြောင့် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအ နေနဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။

လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/