၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပါက မွတ်ဆလင်ရေးရာဝန်ကြီးဌာန သီးသန့်ဖွဲ့စည်းပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရပါက မွတ်ဆလင်ရေးရာဝန်ကြီးဌာန သီးသန့်ဖွဲ့စည်းပေးမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၀ရက်ကနေ ၂၃ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ နေပြည်တော်က NLD ယာယီဌာနချုပ်မှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက RFM သို့ အတည်ပြုပြောကြားတယ်” ဆိုပြီး သတင်းမီဒီယာအယောင်ဆောင်ထားတဲ့ Radio Freedom Myanmar(RFM)ကTemplate ပုံစံနဲ့ ရေးသားထားတာပဲ ဖြစ်ပါတယ်။
ဘာကြောင့်သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်
ဒီအကြောင်းအရာကို Template ပုံစံနဲ့ ရေးသားတဲ့ RFMဟာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားနေတဲ့ သတင်းမီဒီယာတစ်ခုမဟုတ်ပါဘူး။ RFM ကို လေ့လာစိစစ်ကြည့်လိုက်တဲ့အခါမှာ RFA သတင်းဌာနရဲ့ လိုဂိုကို တုပပြီး နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ သတင်းအမှားတွေကို ရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။ Page ဖွင့်လှစ်ပြီး သတင်းအမှားဖြန့်ချိနေတာမျိုးမဟုတ်ပဲ လိုဂိုအတုဖန်တီးပြီး မန်ဘာအရေအတွက်များတဲ့ ဂရုတွေမှာ တင်ပြီး သတင်းအမှားဖြန့်ချိတဲ့ ပုံစံကိုအသုံးပြုနေ တာဖြစ်ပါတယ်။ ဒီ လိုဂိုနဲ့လုပ်ထားတဲ့ သတင်းအမှားတွေအကြောင်းကို ဟုတ်တယ် vs မဟုတ်ဘူးက ဖော်ထုတ်ခဲ့ဖူးပါတယ်။ ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်သလို သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့လည်း တိုက် ဆိုင်စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် ဒီလို သတင်းမီဒီယာ အယောင်ဆောင်လိုဂိုနဲ့ သတင်းအမှားဖြန့်ချိနေတဲ့ နည်းလမ်းတွေလည်းရှိတာမို့ သတင်းတွေဖတ်မယ်ဆိုရင် စိစစ်ပြီးမှ ဖတ်ရှုသင့်ပါတယ်။
အကယ်၍ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။
https://www.realornotmm.info/complaint-form/