Fact Check| တက္ကသိုလ်ကျောင်းသားတစ်ဦးကို အင်တာနက် 100GB စီ ထည့်သွင်းပေးမယ်ဆိုတဲ့ သတင်းအမှား

COVID-19 ကပ်ရောဂါကာလမှာ Online Learningပြုလုပ်ဖို့အတွက် တက္ကသိုလ်ကျောင်းသားကျောင်းသူ တွေကို အင်တာနက် 100GB စီ ထည့်သွင်းပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက် သတင်းအမှားတစ်ခုကို ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။ 

အဲ့ဒီသတင်းအမှားကိုပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပုံစံ အတုပြုလုပ်ပြီးဖြန့်ချိခဲ့တာဖြစ် ပါတယ်။ အဲ့ဒီသတင်းအမှားဟာ ဖေ့ဘွတ်ခ်သုံးစွဲသူတွေကြားမှာပျံ့နှံ့ခဲ့ရုံတင်မကပဲ လူသိထင်ရှားတဲ့ အကောင့်တွေကပါ ယုံကြည်ပြီး သူတို့ရဲ့ အကောင့်တွေမှာ တင်ခဲ့ကြပါတယ်။ 

သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက် 

အဲ့ဒီသတင်းအမှားထုတ်ပြန်ချက်ကို  ဇူလိုင် ၁၃ရက် နေ့က ပါမောက္ခချုပ်များ ကော်မတီက ထုတ်ပြန်ခဲ့တဲ့ Online Teaching and Learning စနစ် အကောင်အထည် ဖော်ဆောင်ရေးညွှန်ကြားချက်ထုတ်ပြန်ချက်ကိုမှီငြမ်းပြီး အွန်လိုင်းသင်ကြားရေးစနစ်အတွက် ကျောင်းသားတစ်ဦးကို အင်တာနက် ၁၀၀ GB ထည့်သွင်းဖို့စီစဉ်နေတယ်ဆိုတဲ့ ပုံစံနဲ့ သတင်းအတုအယောင်ဖန်တီးထားတာဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ကို ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော် ဇောလင်း ဆိုသူကလက်မှတ်ရေးထိုးထားတာတွေ့ရပါတယ်။ 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

အဲ့ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ဟုတ်တယ်Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကိုဆက်သွယ်မေးမြန်း ခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက်အရ အဲ့ဒီထုတ်ပြန်ချက်က သတင်းအတု/သတင်းအမှားသာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော် ဇောလင်း ဆိုတာမရှိတဲ့အကြောင်းကိုလည်း ထပ်ဆင့်အတည်ပြုခဲ့ပါတယ်။ 

“အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ်က ကျွန်တော်တစ်ယောက်ပဲရှိတယ်။ အထက်အောက်လည်း မရှိဘူး။ အဲဒီ ထုတ်ပြန်ချက်မှာပါတဲ့ နာမည်ကလည်း ကျွန်တော့်နာမည် မဟုတ်ဘူး။ ဒီထုတ်ပြန်ချက်က အမှားကြီးပါ” လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

ဒါကြောင့် အွန်လိုင်းသင်ကြားရေးစနစ်အတွက် ကျောင်းသားတစ်ဦးကို အင်တာနက် ၁၀၀ GB ထည့်သွင်းဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းက သတင်းအမှားပဲဖြစ်ပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအ နေနဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။ တကယ်လို့ တိုက်ဆိုင် စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ ChatBot ကိုပေးပို့ပြီး သတင်းအမှား/အမှန် စစ်ဆေးနိုင်ပါတယ်။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/