Fact Check| မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ရောင်းစားထားပြီးပြီဆိုပြီး အင်္ဂလိပ်နောက်ခံစကားပြောနဲ့ ဖြန့်တဲ့ဗီဒီယို သတင်းအမှား

ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက ဒီတစ်ခါသတိပြုမိတဲ့သတင်းအမှားတစ်ခုက မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ရောင်းစားထားပြီးပြီဆိုပြီးအင်္ဂလိပ်လိုနောက်ခံစကားပြောနဲ့ ဖြန့်တဲ့သတင်းအမှားတစ်ခုဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားဗီဒီယိုဖိုင်ကိုရည်ရွယ်ချက်ရှိရှိဖန်တီးထားတာဖြစ်ပါတယ်။ 

သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက် 

 

အဲ့ဒီသတင်းအမှားကို Too Mg ဆိုတဲ့အကောင့်က ဇူလိုင် ၆ရက်မှာ တင်ခဲ့တာဖြစ်ပြီးတော့ Like and Reaction ပြုလုပ်သူ ၂၀၀ကျော်နဲ့ Share ပြုလုပ်သူ ၃၅၀ကျော်ရှိပြီဖြစ်ပါတယ်။ သတင်းအမှားမှာဖော်ပြထားတာတွေကတော့ မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်က  ရောင်းစားထားပြီးဖြစ်ကြောင်း၊ အမေရိကန်သမ္မတအပြောင်းအလဲမှာ မြန်မာကို OIC 42 နိုင်ငံမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရန် NLD နှင့်ချိတ်ဆက်ထားကြောင်း၊ NLD ဟာရွေးကော်ကိုနိုင်ကိုနိုင်ရမယ်လို့ညွှန်ကြားထားကြောင်း စတဲ့အကြောင်းအရာတွေကို ဒေါက်တာ Lewis mathew က အတည်ပြုတယ်ဆိုပြီး အင်္ဂလိပ်လိုနောက်ခံအသံနဲ့ သတင်းအမှားကိုဖန်တီးပြီးဖြန့်ထားတာဖြစ်ပါတယ်။  

 

ဘာကြောင့်သတင်းအမှားလို့ပြောရတာလဲဆိုရင် 

 

  • သတင်းအမှားကိုတင်ထားတဲ့ အကောင့်ဖြစ်တဲ့ Too Mg ဆိုတဲ့အကောင့်က အကောင့်တုတစ်ခုဖြစ်ပြီးတော့ တင်ထားတဲ့အကြောင်းအရာတွေကလည်း သတင်းအမှားတွေနဲ့ တစ်ဘက်သတ် ထင်မြင်ယူဆချက်တွေကိုပဲ တင်လေ့ရှိတဲ့အကောင့်ဖြစ်ပြီးတော့ ဘယ်သူဘယ်ဝါဆိုတာကိုဖော်ပြထားတဲ့အကောင့်အစစ်မဟုတ်ပါဘူး။ 

 

  • သတင်းအမှားအကြောင်းအရာတွေထဲမှာပါတဲ့အချက်အလက်တွေက ခိုင်မာတိကျမှုမရှိတဲ့သတင်းအချက်အလက် တွေဖြစ်ပြီးတော့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုရောင်းစားပြီးဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်က လုံးဝ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တစ်ခုဖြစ်ပါတယ်။ နောက်ပြီး  အမေရိကန်သမ္မတအပြောင်းအလဲမှာ မြန်မာကို OIC 42 နိုင်ငံမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရန်NLD နှင့်ချိတ်ဆက်ထားကြောင်း၊ NLD ဟာရွေးကော်ကိုနိုင်ကို နိုင်ရမယ်လို့ညွှန်ကြားထားတယ်ဆိုတာတွေကလည်း တိကျခိုင်မာတဲ့အချက်အလက်တွေမဟုတ်ပါဘူး။ 

 

  • သတင်းအမှားဗီဒီယိုဖိုင်ထဲမှာ အင်္ဂလိပ်လိုနောက်ခံအသံက ဒေါက်တာ Lewis mathew ဆိုပြီးဖော်ပြထားပေမယ့် ဒေါက်တာ Lewis mathew ဆိုတဲ့သူက ဘယ်သူလဲဆိုတာအ တိအကျမဖော်ပြထားပါဘူး။ Google မှာရိုက်ရှာလိုက်မယ်ဆိုရင် mathew Lewis  ဆိုတာက လူသိထင်ရှားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပြီးတော့ နိုင်ငံရေး ဒါမှမဟုတ် သုတေသနပိုင်းနဲ့သက်ဆိုင်တဲ့သူတစ်ဦးမဟုတ်သလို မြန်မာနိုင်ငံနဲ့လည်း စပ်ဆက်မှုမရှိပါဘူး။ သတင်းအမှားဖန်တီးသူဟာ လူတွေမှတ်မိလွယ်တဲ့ နာမည်တစ်ခုကို အရှေ့အနောက် ပြောင်းပြီး ကြည့်ရှုသူတွေ ယုံကြည်အောင်လို့ လှည့်ဖျားထားတာပဲဖြစ်ပါတယ်။ 

 

  • နောက်ပြီး ဗီဒီယိုဖိုင်ကို RFM ဆိုတဲ့ လိုဂိုနဲ့ဖန်တီးထားတာကိုတွေ့ရပါတယ်။ အဲ့ဒီ RFM ဆိုတာက RFA သတင်းဌာနနဲ့ဆင်တူဖန်တီးထားတဲ့ လိုဂိုအတုအယောင်တစ်ခုဖြစ်ပြီးတော့ အပြင်မှာ  တကယ်မရှိပါဘူး။ ဟုတ်တယ် Vs မဟုတ်ဘူးက အရင်တုန်းကလည်း RFM ဆိုတဲ့ လိုဂိုနဲ့ ဖြန့်တဲ့သတင်းအမှားတွေအကြောင်းကို ဖော်ထုတ်ခဲ့ဖူးပါတယ်။ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေနဲ့စိစစ်ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ရောင်းစားထားပြီးပြီဆိုတဲ့အကြောင်းအရာက ရာနှုန်းပြည့်သတင်းအမှားပဲဖြစ်ဆိုတာကို စစ်ဆေးတွေ့ရှိရမှာဖြစ်ပါတယ်။ 

ရွေးကောက်ပွဲကာလနီးလာတာနဲ့အမျှ ရွေးကောက်ပွဲရလာဒ်ကိုလမ်းကြောင်းပြောင်းသွားစေအောင် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားဖြန့်တာတွေကပိုမိုများပြားလာနိုင်တဲ့အတွက် အင်တာနက်အသုံးပြုသူတွေအနေနဲ့ ထိလွယ်ရှလွယ် သတင်းတွေကိုတွေ့ရင် သတိပြုဖတ်ရှုဖို့လိုအပ်ပါတယ်။ ဒီလို ဖေ့ဘွတ်ခ် ဂရုတွေ၊ မည်သူ မည်ဝါ မဖော်ပြတဲ့ အကောင့်တွေ က ပျံ့နှံ့လာတဲ့ သတင်းတွေ တွေ့ပြီဆိုရင် ဂရုတွေ၊ အကောင့်တွေရဲ့ နာမည်နဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်သင့်ပါတယ်။ သတင်းကိုလည်း သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဖော်ပြထားတဲ့ သတင်းတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ 

တကယ်လို့တိုက်ဆိုင်စစ်ဆေးဖို့တွက်အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ်Vs မဟုတ်ဘူးရဲ့ Messenger Bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းမူရင်းလင့်ခ် ဒါမှမဟုတ် Screenshot ပေးပို့ပြီး လာရောက်စိစစ်ခိုင်းလို့ရပါတယ်။ 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/