Fact Check| Facebookပေါ် မှာ အိပ်ရာခေါင်းအုံးများ ရောင်းချနေတဲ့ Online Shopping အကောင့်ပိုင်ရှင်တွေကို စီမံချက်နဲ့ဖမ်းဆီးတယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်

သတင်းအမှားတွေဟာ လူမှုမီဒီယာပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ရှိနေတတ်ပါတယ်။ အဲ့ဒီထဲကမှ လူမှုအသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်ပြားစေနိုင်တဲ့သတင်းအမှားတွေရှိသလို ဟာသ/သရော်တဲ့အနေနဲ့ ဖန်တီးတဲ့ သတင်းအမှားတွေလည်းရှိတတ်ပါတယ်။ ဒီတစ်ခါ ဟုတ်တယ် Vs မဟုတ်ဘူး က သတိပြုမိတဲ့ သတင်းအမှားတစ် ခုကိုပြောပြပေးချင်ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ Facebookပေါ် မှာ အိပ်ရာခေါင်းအုံးများရောင်းချနေတဲ့ Online Shopping အကောင့်ပိုင်ရှင်တွေကိုစီမံချက်နဲ့ဖမ်းဆီးတယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်။

 

သတင်းအမှားပျံ့နှံ့မှုဆန်းစစ်ချက်

သတင်းအမှားကိုတော့ ထားဝယ်မြို့မှ ဆယ်လီသတင်းများ  ဆိုတဲ့ စာမျက်နှာက မေလ ၂၂ ရက် ည ၈နာရီ ၅၀ မိနစ်က  တင်ထားတာဖြစ်ပြီးတော့ ပြန်လည်မျှဝေမှုက ၂၀၀ ကျော်ရှိခဲ့ပါတယ်။ ပြန်လည် မျှဝေသူတွေထဲက တော်တော်များများက တကယ်ထင်မှတ်ပြီးတော့ မျှဝေထားကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသတင်းကို အချက်အလက်စစ်ဆေးဖို့ဆုံးဖြတ်ခဲ့ပြီးတော့ သတင်းအမှားမှန်းသိအောင်ပြန်လည်ပြောပြရခြင်းဖြစ်ပါတယ်။

Claim Request | Facebook ပေါ်မှာ အိပ်ရာခေါင်းအုံးများရောင်းချနေတဲ့ Online Shopping အကောင့်ပိုင်ရှင်တွေကို စီမံချက်နဲ့ဖမ်းဆီးတယ်ဆိုတဲ့သတင်းကတကယ်လား 

Fact Check| သတင်းအမှားဖြစ်ပါတယ်။ သတင်းအမှားဖန်တီးသူက ပြည့်တန်ဆာအမှုဖမ်းဆီးတဲ့သတင်းတစ်ခုရဲ့ပုံတွေကိုအသုံးပြုပြီး လှည့်စားထားတာဖြစ်ပါတယ်။  

 

သတင်းအမှားဖြစ်ကြောင်း ဘယ်လိုစစ်ဆေးနိုင်လဲဆိုရင် 

 

  • ပျံ့နှံ့နေတဲ့သတင်းကို သေချာစိစစ်ဖတ်ရှုလိုက်မယ်ဆိုရင် သတင်းတစ်ပုဒ်ရဲ့ အင်္ဂါရပ်တွေထဲက တစ်ခုဖြစ်တဲ့  ခိုင်မာပြီး ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်မပါရှိဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီး ယေဘုယျဆန်ဆန် အသုံး ပြုထားတာဖြစ်ပြီးတော့ သတင်းဌာနတစ်ခုရဲ့ အရေးအသားမဟုတ်ပါဘူး။
  • ပျံ့နှံ့နေတဲ့သတင်းအမှားရဲ့ ပုံတွေကို Google Reverse Search နဲ့ရှာဖွေလိုက်တဲ့အခါမှာတော့ ပုံထဲက တစ်ပုံဟာ မတ်လ ၁၀ ရက်နေ့က နေပြည်တော် လယ်ဝေးမြို့နယ် အေလာလမ်းဆုံမှာ ပြည့်တန်ဆာအမျိုးသမီးတွေကိုဖမ်းဆီး ခဲ့တဲ့သတင်းတစ်ခုရဲ့ ပုံဖြစ်နေပါတယ်။ ဒီလင့်ခ် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
  • မြန်မာနိုင်ငံအခြေစိုက် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသားထုတ်ဝေနေတဲ့ သတင်းဌာနကြီးတွေမှာလည်း  Online Shopping အကောင့်ပိုင်ရှင်တွေကိုစီမံချက်နဲ့ဖမ်းဆီးတယ်ဆိုတာမျိုးသတင်းလုံးဝ မတွေ့ရှိရပါဘူး။
  • သတင်းအမှားကိုဖော်ပြထားတဲ့ ထားဝယ်မြို့မှ ဆယ်လီသတင်းများ  ဆိုတဲ့ စာမျက်နှာဟာ သတင်းမီဒီယာလုပ်ငန်း စဉ်အတိုင်းဆောင်ရွက်ရေးသားထုတ်ဝေနေတဲ့သတင်းဌာနမဟုတ်ပါဘူး။
  • အထက်မှာဖော်ပြခဲ့တဲ့အတိုင်း စိစစ်လိုက်မယ်ဆိုရင် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ Facebookပေါ် မှာ အိပ်ရာခေါင်းအုံးများရောင်းချနေတဲ့ Online Shopping အကောင့်ပိုင်ရှင်တွေကိုစီမံချက်နဲ့ဖမ်းဆီးတယ်ဆိုတာ သတင်းအမှားဖြစ်ကြောင်းသက်သေပြနိုင်ပါတယ်။ 

အခုလိုမျိူးကပ်ရောဂါအခြေအနေမှာ အွန်လိုင်းပေါ်က ဈေးရောင်းချနေတဲ့သူတွေအများအပြားရှိနေတဲ့အချိန်မှာပဲ ဒါမျိုးသရော် ထားတဲ့သတင်းအမှားကို အချိန်ကိုက်ဖန်တီးလာတာကိုတွေ့ရပါတယ်။ အွန်လိုင်းပေါ်က ဈေးရောင်းချနေတဲ့သူတွေအတွက် ဒီသတင်း အမှားက ထိတ်လန့်စေနိုင်တဲ့အတွက် သတိပြုမိဖို့အတွက် သတင်းအမှားမှန်းသိအောင်ဖော်ပြပေးရခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းကလည်း  ဖေ့ဘွတ်ခ်ပေါ်မှာ TikTok ဆော့တာနဲ့ပတ်သက်ပြီး အခုလိုမျိုးပဲ ဟာသအနေနဲ့ သရော်တဲ့သတင်းအမှားတစ်ခုပျံ့နှံ့ခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းအမှားကို သတင်းဌာနကြီး တစ်ခုကပါ တကယ်ထင်ပြီး ရေးသားဖော်ပြခဲ့ဖူးပါတယ်။ အဲ့ဒီအကြောင်းကို ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးထားတာကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။

တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။