Fact Check | တပ်မတော် အကြမ်းဖက်သောင်းကျန်းသူ ဆိုပြီး MRTV က ကြေညာတယ်ဆိုတဲ့ဗီဒီယို ဟာ ပြုပြင်ဖန်တီးထားတဲ့သတင်းအမှားဗီဒီယိုဖြစ်ပါတယ်

ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက် စစ်ဆေးသူတွေဟာ မေလ ၂၂ ရက်နေ့ မနက်ပိုင်းက ပျံ့နှံ့နေတဲ့ သတင်းဗီဒီယိုတစ်ခုကို သတိပြုမိခဲ့ပါတယ်။ အဲ့ဒီသတင်းဗီဒီယိုကတော့ MRTV (မြန်မာ့ရုပ်မြင်သံကြား)က  ထုတ်လွှင့်တဲ့ သတင်းတစ်ပုဒ်မှာ တပ်မတော်ကို အကြမ်းဖက်သောင်းကျန်းသူဆိုပြီး သုံးနှုန်းထားတဲ့သတင်းဗီဒီယိုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဗီဒီယိုနဲ့ ဗီဒီယိုမှာပါဝင်တဲ့ သတင်းအကြောင်းအရာ တွေကို စစ်ဆေးကြည့်ရာမှာ သတင်းအမှားဖြစ်နေတာကိုတွေ့ရပါတယ်။

 

Claim Request | တပ်မတော်အကြမ်းဖက်သောင်းကျန်းသူဆိုပြီး MRTV ကသတင်းကြေညာတဲ့ဗီဒီယိုဖိုင်က တကယ်လား
Fact Check| ရည်ရွယ်ချက်ရှိရှိ ပြုပြင်ဖန်တီးထားတဲ့ ဗီဒီယိုသတင်းအမှားဖြစ်ပါတယ်



ဒီသတင်းဗီဒီယိုအမှားဟာ ၂၅ စက္ကန့်ကြာပြီး  ၊ တပ်မတော်အကြမ်းဖက်သောင်းကျန်းသူတွေဟာ စစ်တွေ၊ ရန်ကုန် ကားလမ်းမ ပေါ်ကမင်းပြား- ရာမောင် တံတားအနီးမှာရှိတဲ့ ပွိုင့် ၁၁၄ တောင်ကုန်းပေါ်မှာ နေရာယူပြီး လမ်းပန်းဆက်သွယ်မှုပြတ်တောက်အောင်နှောင့်ယှက် တိုက်ခိုက်တယ်လို့ သတင်းကြေညာသူက ဆိုထားပါတယ်။

 

ဘာလို့သတင်းအမှားလို့ပြောရလဲဆိုရင် –

 

  • ဒီသတင်းမှာပါဝင်တဲ့ စစ်တွေ- ရန်ကုန်ကားလမ်းမ ၊ မင်းပြား- ရာမောင်တံတားအနီး ၊ ပွိုင့် ၁၁၄ တောင်ကုန်း ဆိုတဲ့ စကားလုံးတွေကို Google မှာ Keywords Search နဲ့ရှာကြည့်ပါတယ်။ အဲဒီလို ရှာ ကြည့်တဲ့အခါမှာ ရခိုင်ပြည်နယ်၊ ရာမောင် တံတားအနီး  ပွိုင့် ၁၁၄ တောင်ကုန်းမှာ နေရာယူထားတဲ့ AA အဖွဲ့၏ ခြေကုပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိကြောင်း တပ်မတော်က ထုတ်ပြန်ဆိုတဲ့ သတင်းတစ် ပုဒ်ကို Eleven Media Group ရဲ့ ဝက်ဘ်ဆိုဒ်မှာ မေလ ၉ရက်နေ့က ဖော်ပြထားတာတွေ့ရပါတယ်။ဒီလင့်ခ် မှာ ဝင်ဖတ် နိုင်ပါတယ်။

 

  • ဒီသတင်းဟာ မေလ ၉ ရက်နေ့တုန်းက တင်ထားတဲ့သတင်းဖြစ်တာကြောင့် MRTV က မေလ ၉ရက်နေ့ နဲ့ ၁၀ ရက်နေ့မှာ အဆိုပါ သတင်းကို ကြေညာခဲ့လားဆိုတာ  သိရအောင်လို့ MRTV ရဲ့ You Tube Channel ကိုသွားရောက်ကြည့်ရှုလိုက်ပါတယ်။မြန်မာ့ရုပ်မြင်သံကြား(MRTV) You Tube Channel မှာ တော့ တပ်မတော်ဟာ အကြမ်းဖက်သောင်းကျန်းသူဖြစ်တယ်ဆိုပြီး ကြေညာတာမဟုတ်ပဲ AA အဖွဲ့ကိုသာ အကြမ်းဖက် သောင်းကျန်းသူလို့ သုံးနှုန်းခဲ့တာဖြစ်တယ်ဆိုတာကို ဒီလင့်ခ် မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

အထက်ပါ အချက်အလက်တွေကြောင့် ဒီသတင်းဗီဒီယိုဟာ လူတွေအထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ ဖြတ်၊ညှပ်၊ကပ် ပြုလုပ် တည်းဖြတ်ထားတဲ့ သတင်းဗီဒီယို အမှားပဲဖြစ်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့လည်း သတင်းဗီဒီယိုတွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းဌာနတွေက တင်ထားတာဟုတ်/မဟုတ် ဦးစွာစစ်ဆေးဖို့ လိုပါတယ်။ သတင်းမီဒီယာတွေက ဖော်ပြထားတဲ့ သတင်းတွေကိုတောင်  ဒီလို ဖြတ်ညှပ်ကပ် ပြုလုပ် တည်းဖြတ်ပြီး သတင်းအမှားဖန်တီးတာမျိုးလည်း ရှိနေတတ်တာမို့ တိုက်ဆိုင်စစ်ဆေးဖို့က အရမ်း အရေးကြီးပါတယ်။

အကယ်၍ တိုက်ဆိုင်စစ်ဆေးဖို့အချိန်မရှိဘူးဆိုရင်တော့ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ် မေးမြန်းလို့ရပါတယ်။ သတင်းအမှန် မှန်း မသေချာသေးပဲ ၊မစိစစ်ရသေးပဲ Share မပြုလုပ်ဖို့ကိုတော့ သတိပေးလိုက်ပါရစေ။