Fact Check | Cyclone Amphan တိုက်ခတ်နေတယ်ဆိုတဲ့ Facebook Live Video တွေဟာ ယခင်က ဗီဒီယိုတွေကိုအသုံးပြုထားတဲ့ Live ဗီဒီယိုအတုတွေဖြစ်ပါတယ်

မေလ ၂၀ ရက် ညပိုင်းမှာ facebook ပေါ်မှာ Cyclone Amphan ဟာ အိန္ဒိယကို ဝင်ရောက်တိုက်ခတ်နေတယ်ဆိုပြီး တော့ Live Video တစ်ခုက ပျံ့နှံ့နေတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက သတိပြုမိ ခဲ့ပါတယ်။

အဲ့ဒီ Live Video ကို Pooja Khatri ဆိုတဲ့ ပေ့ချ်ကတင်ထားတာ ဖြစ်ပြီးတော့ Like and Reaction ၆၂၀၀၀ ကျော်နဲ့ Share ပြုလုပ်သူပေါင်း ၈၁၀၀၀ ကျော်ရှိနေပါတယ်။ မြန်မာနိုင်ငံက Facebook အသုံးပြုသူတော်တော်များများကလည်း Share ပြုလုပ်ထားကြတဲ့အတွက် အချက်အလက်စစ်ဆေး ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အချက်အလက်စစ်ဆေးလိုက်တဲ့အခါမှာတော့ အဲ့ဒီ Live Video ဟာ လက်ရှိဖြစ်နေတဲ့  Cyclone Amphan တိုက်ခတ်နေတဲ့ ဗီဒီယိုမဟုတ်ပဲ ၂၀၁၈ ခုနှစ် အမေရိကန်ပြည်ထောင်စု ပနားမားကမ်းခြေမှာ တိုက်ခတ်ခဲ့တဲ့ ဗီဒီယိုကို ပြန်အသုံးပြုပြီး လှည့်ဖျားထားတဲ့Facebook Live ဗီဒီယို အတု ဖြစ်နေတာကို စိစစ်တွေ့ရှိရတဲ့အတွက် အားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါတယ်။ 


Claim Request | ပျံ့နေတဲ့ Cyclone Amphan Facebook Live Video က တကယ်လား
Fact Check | ယခင် ၂၀၁၈ ခုနှစ်က ဗီဒီယိုကိုပြန်အသုံးပြုပြီး လှည့်ဖျားထားတဲ့ သတင်းအမှားဖြစ်ပါတယ်

 

သတင်းအမှားဖြစ်ကြောင်းဘယ်လို စစ်ဆေးသက်သေပြနိုင်လဲဆိုရင် 

  • ပျံ့နေတဲ့ Live Video ရဲ့ ပုံရိပ်တစ်ခုကို Screenshot ရိုက်ယူလိုက်ပါတယ်။ အဲ့ဒီပုံရိပ်ကို Yandex Image Reverse Search နဲ့ရှာဖွေလိုက်တဲ့အခါမှာတော့ ပုံစံတူတဲ့ ပုံရိပ်တွေနဲ့  Video  Link တွေ ကျလာပါတယ်။
  • ကျလာတဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုလင့်ခ်တွေထဲကမှ လင့်ခ်တစ်ခုကို ဝင်ကြည့်လိုက်တဲ့အခါမှာတော့ Youtube Video တစ်ခုကို တွေ့ရပါတယ်။ အဲ့ဒီ Youtube ဗီဒီယိုကိုကြည့်ရှုလိုက်တဲ့အခါမှာတော့ Facebook Live ဗီဒီယိုနဲ့တစ်ပုံစံတည်းတူညီနေတာတွေ့ရပါတယ်။ ဒီလင့်ခ် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
  • အဲ့ဒီ Youtube Video ဟာ  ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်က အမေရိကန်ပြည်ထောင်စု ပနားမားကမ်းခြေမှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းရဲ့ ဗီဒီယိုဖြစ်ပါတယ်။ အဲ့ဒီမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အကြောင်းကို ရေးသားဖော်ပြခဲ့တဲ့  သတင်းတစ်ပုဒ်ကို ဒီမှာ နဲ့ ဒီမှာ  သွားဖတ်နိုင်ပါတယ်။
  • ဗီဒီယို ၂ခုကို  အသေးစိတ်တိုက်ဆိုင်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ Facebook Live Video က မူရင်း ဗီဒီယိုကို Croping ပြုလုပ်ပြီး Facebook Live အဖြစ်ပြန်လည်လွှင့်တာဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ တိုက်ဆိုင်စစ်ဆေး ထားတဲ့ပုံရိပ်တွေကို ကြည့်ရှုနိုင်ပါတယ်။


  • Facebook Live Video တင်ထားတဲ့ ပေ့ချ်ကိုဝင်ရောက်ကြည့်ရှုစစ်ဆေးကြည့်တဲ့အခါမှတော့ Gaming Video တွေကိုတင်လေ့ရှိတဲ့ ပေ့ချ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် Admin နှစ်ဦးက ထိန်းချုပ်ထားတာဖြစ် ပါတယ်။
  • အလားတူစွာပဲ Cyclone Amphan ဆိုတဲ့ နာမည်နဲ့  https://www.facebook.com/watch/live/ ကနေရှာ  ကြည့်လိုက်တဲ့အခါမှာ မတူညီတဲ့ page တွေအများကြီးက တူညီတဲ့ ဗီဒီယိုတစ်ခုတည်းကို Live လွှင့်နေတာကို တွေ့ရပါတယ် ။

  • ဒါ့အပြင် အထက်မှာဖော်ပြခဲ့တဲ့ပုံစံအတိုင်း ဖေ့ဘွတ်ခ်ပေ့ချ်တစ်ခုဖြစ်တဲ့ Indian Fisheries ဆိုတဲ့ ပေ့ချ်ကနေ Cyclone Amphan ဆိုပြီး Live Video တစ်ခုကိုထုတ်လွှင့်ခဲ့ပါသေးတယ်။ အဲ့ ဒီ Live Video ကလည်း ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ Typhoon Tisoy ရဲ့ ဗီဒီယိုကို ပြန်အသုံးပြပြီး Facebook  Live Video အတုအဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။

  • မူရင်း Typhoon Tisoy ရဲ့ ဗီဒီယိုကို  ဒီလင့်ခ် မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

  • Typhoon Tisoy တိုက်ခတ်ခဲ့တဲ့အကြောင်းကို ဘီဘီစီသတင်းဌာနကဖော်ပြထားတဲ့သတင်းကို ဒီလင့်ခ် မှာဝင်ဖတ်နိုင်ပါတယ်။ 

 

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် Facebook ပေါ်က Cyclone Amphan Live Video တွေဟာ ယခင်ဗီဒီယိုအဟောင်းတွေကိုပြန်အသုံးပြုပြီးဖန်တီးထားတဲ့ Live Video သတင်းအမှားတွေ ဖြစ်ကြောင်းကိုသက်သေပြနိုင်ပါတယ်။ 

Facebook ပေါ်က Live Video တိုင်းဟာ ယုံကြည်လို့မရဘူးဆိုတာ ဒီဖြစ်ရပ်တွေကသက်သေပြနေတဲ့အတွက် စိတ်ခံစားလွယ်တဲ့ သတင်းတွေရဲ့ Live Video တွေဆိုရင် အရင်ဆုံး စိစစ်ပြီးမှ Share ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ တကယ်လို့ စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ Messenger Bot ကိုသာ ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screen Shot ကို ပေးပို့ ပြီးစစ်ဆေးခိုင်းလို့ရပါတယ်။