Fact Check | တောင်ဒဂုံ Fever Clinic မှ အလှူငွေများကို လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အလွဲသုံးစားပြုလုပ်နေတယ်ဆိုတာဟာ သတင်းအမှားဖြစ်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှား တစ်ပုဒ်ကို သတိပြုမိခဲ့ပါတယ်။အဲဒါကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ Fever Clinic က အလှူငွေတွေကို တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အလွဲသုံးစားပြု လုပ်နေတယ်ဆိုတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။

 

ဒီသတင်းမှားကို Myanmar People News နဲ့ Myanmar Update News ဆိုတဲ့ သတင်းမီဒီယာ အယောင်ဆောင် ဖေ့ဘွတ်ခ်ပေ့ချ်တွေကနေ တင်ထားတာဖြစ်ပါတယ်။တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနဲ့ တောင်ဒဂုံ Fever Clinic က ဒေါက်တာ ဇော်လင်းဘို တို့နှစ်ဦးအား ငွေ ကြေးအလွဲသုံးစားပြုလုပ်တဲ့သူတွေဆိုပြီး စွပ်စွဲထားပါတယ်။


Claim Request – လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက တောင်ဒဂုံ Fever Clinc က အလှူငွေတွေကို အလွဲသုံးစားလုပ်တယ်ဆိုတာ သတင်းအမှန်လား?
Answer- ၁၀၀ ရာခိုင်နှုန်းသတင်းအမှားပဲဖြစ်ပါတယ်။

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်-

 

(၁) ဒီသတင်းမှားနဲ့ပတ်သက်ပြီး ဟုတ်တယ် vs မဟုတ်ဘူးက တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဦးညီညီက –
“ သတင်းတစ်ပုဒ်လုံးမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ရာနှုန်းပြည့် မှားယွင်းနေတဲ့ အချက်အလက်တွေပါ။ ရည်ရွယ်ချက်ကတော့ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခိုင်လို့ ဒီလိုသတင်းအမှားတွေ လုပ်ကြံဖန်တီးတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ပြီး Fever Clinic ဆေးခန်းတွေအားကောင်းလာတာနဲ့အမျှ လူထုထောက်ခံမှုက များလာပါတယ်။ ဒါ့ကြောင့်လည်း လူထုထောက်ခံမှုကျဆင်းအောင် ဒီလိုသတင်းအမှားတွေနဲ့ တိုက်ခိုက်တာမျိုးဖြစ်နိုင်ပါ တယ်။ တောင်ဒဂုံမြို့နယ်မှာမှမဟုတ်ပါဘူး၊ Fever Clinic တွေဟာ Yangon Fever Clinic Network ကနေ စီစဉ်တဲ့ စီမံခန့်ခွဲမှုတွေကနေသွားရတာဖြစ်ပါတယ်။အဆင့်ဆင့်သော စီမံခန့်ခွဲမှုတွေနဲ့ ငွေကြေးရော၊ လှူဒါန်းမယ့် ပစ္စည်းတွေရောကို စီမံဆောင်ရွက်တာဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော့်အနေနဲ့ ငွေကြေးစီမံခန့်ခွဲတဲ့သူ မဟုတ်ပါဘူး” ဆိုပြီး ပျံ့နှံ့နေတဲ့ သတင်းဟာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။

(၂) စွပ်စွဲခံရသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်လင်းဘို ကိုလည်း ဟုတ်တယ် vs မဟုတ်ဘူးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူကလည်း ဒီသတင်းဟာ သတင်းအမှားဖြစ်တဲ့အကြောင်း၊ သတင်းအမှား လွှင့်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ Fever Clinic တွေရဲ့ အားကောင်းမှုကို နာမည်ဖျက်လိုခြင်းဖြစ်တဲ့အကြောင်းနဲ့ သတင်းအမှားမှာပါဝင်တဲ့  NLD ပါတီ  မြို့နယ်အလုပ် အမှုဆောင် တစ်ဦးက သတင်းပေးတိုင်ကြားတယ်ဆိုတာဟာလည်း တကယ်မရှိကြောင်းကို ပြောပါတယ်။

“လူတွေကို သတင်းအမှားတွေနဲ့ ယုန်ထင်ကြောင်ထင်ဖြစ်အောင်၊ သို့လော သို့လော ဖြစ်အောင် လုပ်တာမျိုးပါ။ သတင်းအမှားမှာရေးထားသလို မြို့နယ် အလုပ်အမှုဆောင်တစ်ဦးက တိုင်ကြားတယ်ဆိုတာလည်း တကယ် မဟုတ်ပါဘူး။ မြို့နယ် အလုပ်အမှုဆောင်တွေကြားမှာ၊ ပရဟိတလုပ်နေတဲ့ Volunteer တွေကြားမှာ၊ လှူဒါန်းတဲ့ အလှူရှင်တွေကြားမှာ စိတ်ဝမ်းကွဲအောင် ရည်ရွယ်ပြီး သတင်းအမှား လွှင့်တယ်လို့ ယူဆရပါတယ်။ သတင်း အမှားထုတ်လွှင့်တဲ့သူတွေက ပရဟိတ လုပ်နေတဲ့ Volunteer တွေ၊ ဆရာဝန်တွေ၊ အလှူရှင်တွေကို အချင်းချင်း စိတ်ဝမ်းကွဲအောင် ရည်ရွယ်ကြပေမယ့် ကျွန်တော်တို့ကတော့ ဒီလို သတင်းအမှားဖြန့်ဝေတဲ့သူတွေကြောင့် ပိုပြီး စည်းလုံးသွားတယ်”လို့ ဒေါက်တာ ဇော်ဝင်းဘိုက ပြောပါတယ်။

(၃) တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ရွေးကောက်ပွဲ နီးလာလေလေ ဒီလို တိုက်ခိုက်တဲ့ သတင်းအမှားတွေက များလာလေလေ ဖြစ်တာကြောင့် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေအနေနဲ့ ဒီသတင်း အမှား ဖန်တီးသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုတဲ့အကြောင်း၊ ပြည်သူတွေအတွက် သတင်းအမှား တွေဟာ အန္တရာယ်ရှိကြောင်းကိုလည်း ဟုတ်တယ် vs မဟုတ်ဘူးကနေတဆင့် အသိပေးပြောကြားပါတယ်။

(၄) ဒီသတင်းအမှားနဲ့ပတ်သက်ပြီး သတင်းအမှားတင်တဲ့ ပေ့ချ်တွေကို အရေးယူနိုင်ဖို့ တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ (ပ)၂၄၃/၂၀၂၀ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ဒေါက်တာဇော်လင်းဘိုကနေ တရားလိုပြုလုပ်တိုင်ကြားထားကြောင်းလည်း သိရပါတယ်။

အထက်ပါအကြောင်းအရာတွေကြောင့် တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက တောင်ဒဂုံ Fever Clinic က အလှူငွေတွေကို အလွဲသုံးစားပြုလုပ်တယ်ဆိုတာဟာ သတင်းအမှားပဲဖြစ်ပါတယ်။

 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်သူတွေအနေနဲ့လည်း ဒီလို စွပ်စွဲထားတဲ့ ၊တိုက်ခိုက်ထားတဲ့ သတင်းမျိုးတွေကို တွေ့ပြီဆိုရင် ချက်ချင်းမယုံလိုက်ပဲ အချက်အလက်စစ်ဆေးဖို့လိုပါတယ်။ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာမျိုးတွေနဲ့ တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။

အကယ်၍ တိုက်ဆိုင်စစ်ဆေးဖို့အချိန်မရှိဘူးဆိုရင်လည်း သံသယဖြစ်စရာ သတင်းမျိုးတွေကို ချက်ချင်း Share လိုက်တာမျိုးမပြုလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် လာရောက် စိစစ်မေးမြန်းဖို့ အကြံပြုလိုက်ရပါတယ်။