Fact Check| ကိုရိုနာဗိုင်းရပ်စ် ပျောက်ဆေးကို မြန်မာနိုင်ငံက ဖော်ထုတ်လိုက်နိုင်ပြီဆိုတဲ့ သတင်းအမှား

ဟုတ်တယ် vs မဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေးသူတွေဟာ  ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းအမှား တစ်ပုဒ်ကို သတိပြုမိခဲ့ပါတယ်။ အဲဒါကတော့ ကိုရိုနာဗိုင်းရပ်စ် ပျောက်ဆေးကို မြန်မာနိုင်ငံက ဖော်ထုတ်လိုက်နိုင်ပြီဆိုတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။ 


ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးကို မြန်မာပြည်မှာ ဖော်ထုတ်နိုင်ပြီဆိုတဲ့ သတင်းအမှားကို naethitmyanmar ဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝက်ဘ်ဆိုဒ်တစ်ခုကနေဖော်ပြထားတာဖြစ်ပါတယ်။ သတင်းအမှားမှာ ဒီဆေးဟာ တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး သောက်ဆေး၊ထိုးဆေး အနေနဲ့အသုံးပြုလို့ရတယ်ဆိုပြီး ရေးသားထားပါတယ်။ သတင်းအမှားတင်ထားတဲ့ ဝဘ်ဆိုက်ဒ်ရဲ့ Archive Link ကို ဒီမှာ ဝင်ဖတ်နိုင်ပါတယ်။  သတင်းအမှားတင်ထားတဲ့ ဝဘ်ဆိုက်ဒ်ရဲ့ လင့်ခ် ကို ဖေ့ဘွတ်ခ်ပေါ်မှာ ပြန်ပြီးဝေမျှသူပေါင်းက ၁၃၀၀ကျော်ရှိနေတဲ့ အတွက် အချက်အလက်စစ်ဆေးပြီး သတင်းအမှားဖြစ်ကြောင်းပြောပြရခြင်းဖြစ်ပါတယ်။ 

 

Claim Request | ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးကို မြန်မာနိုင်ငံမှာ ဖော်ထုတ်နိုင်ပြီဆိုတာ ဟုတ်သလား?

Fact Check|  အခြေအမြစ်မရှိတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။
 

သတင်းအမှားဖြစ်ကြောင်းကို ဘယ်လိုသက်သေပြနိုင်လဲဆိုရင်

 

  • (၁) ဒီသတင်းမှားမှာ သတင်းတစ်ပုဒ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒီသတင်းကို ဘယ်က သိရတာလဲဆိုတဲ့ သတင်းရင်းမြစ် လုံးဝမပါတာကိုတွေ့ရပါတယ်။

  • (၂) ဒီသတင်းကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ မည်သည့် ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာကမှ ဖော်ပြထားတာမျိုးမရှိပါဘူး။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေတောင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဆေး၊ကုသဆေးထုတ်လုပ်ဖို့ ကြိုးပမ်းနေဆဲ ရှိသေးတဲ့အချိန်မှာ မြန်မာနိုင်ငံက ဖော်ထုတ်လိုက်နိုင်ပြီဆိုတဲ့ အကြောင်းအရာမျိုးဟာ သတင်းအမှန်သာဆိုရင် သတင်းမီဒီယာတွေက အရေးတယူ ဖော်ပြပါလိမ့်မယ်။

  • (၃) World Health Organization (WHO) ကလည်း ကိုရိုနာဗိုင်းရပ်စ် ပျောက်ဆေး၊ကာကွယ်ဆေးတွေကို ဗိုင်းရပ်စ် စတင်ပျံ့ပွားချိန်ကတည်းက လက်ရှိအချိန်ထိ ထုတ်လုပ်နိုင်ပြီလို့ ကြေညာထားတာမျိုးမရှိပါဘူး။
  • (၄) ကျန်းမာရေးဝန်ကြီးဌာရဲ့ ဖေ့ဘွတ်ခ်ပေ့ချ် နဲ့ ဝက်ဘ်ဆိုဒ် မှာလည်း ဒီဆေးအကြောင်းတစ်စုံတစ်ရာ ဖော်ပြ ထားတာမျိုးမရှိပါဘူး။

 

အထက်ပါအကြောင်းအရာတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးကို မြန်မာပြည်မှာ ဖော်ထုတ်နိုင်ပြီဆိုတာဟာ သတင်းအမှားပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို ကူးစက်ပျံ့ပွားနေပါတယ်။ဒါ့ကြောင့် ကိုယ်ဖတ်လိုက်ရတဲ့သတင်းတွေကို သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထား/မထား တိုက်ဆိုင်စစ်ဆေးဖို့လိုပါ တယ်။  အစိုးရ သတင်းထုတ်ပြန်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့လို အဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက် တွေနဲ့လည်းတိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။အလုပ်တွေများနေလို့  တိုက်ဆိုင်စစ်ဆေးဖို့အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်မေးမြန်း စိစစ်ခိုင်းလို့ရပါတယ်။