Fact Check| အရပ်သား အယောင်ဆောင် AA တပ်ဖွဲ့ဝင်တွေကို တပ်မတော်က နှိမ်နှင်းပြီး လက်နက်တွေကိုသိမ်းဆည်းတယ်ဆိုတဲ့ သတင်းအမှား

ဟုတ်တယ်Vsမဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေးတဲ့သူတွေဟာ  အခုရက်ပိုင်းမှာ ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းအမှားတစ်ပုဒ်ကိုသတိပြုမိခဲ့ပါတယ်။  အဲဒီသတင်းကတော့ AA တပ်ဖွဲ့ဝင်တွေဟာ အရပ်သားအယောင်ဆောင်နေတဲ့အတွက်တပ်မတော်က ဒါကိုသိရှိပြီး AAတပ်ဖွဲ့ဝင်တွေကိုနှိမ်နှင်းလိုက်ကာသူတို့ရဲ့လက်နက်တွေကို သိမ်းယူထားတယ်ဆိုပြီး ရေးထားတဲ့သတင်းအမှားဖြစ်ပါတယ်။

Claim Request – AA တပ်ဖွဲ့ဝင်တွေကို နှိမ်နှင်းပြီး တပ်မတော်က လက်နက်တွေသိမ်းထားတဲ့သတင်းက အမှန်လား။
Answer               –  အင်တာနက်ဓာတ်ပုံတစ်ပုံကို ယူသုံးထားပြီးလှည့်ဖျားထားတဲ့သတင်းအမှား ဖြစ်ပါတယ်။

 

ဒီပျံ့နှံ့နေတဲ့သတင်းကို“သုဘရာဇာကြီး” ဆိုတဲ့ ဖေ့ဘွတ်ခ် အကောင့်တစ်ခုကနေ မေလ၁၅ရက်နေ့ကတင်ထား တာဖြစ်ပြီးတော့ တပ်မတော်ကAAတပ်ဖွဲ့ဝင်တွေကို သတ်ပြီးလက်နက်တွေသိမ်းယူတယ်ဆိုတဲ့ သတင်းခေါင်းစဥ်နဲ့တင်ထားတာဖြစ်ပါတယ်။ပြီးတော့ စာနဲ့အတူ လက်နက်တွေ ဖမ်းဆီးရမိတဲ့ ဓာတ်ပုံတစ်ခုကို တွဲပြီးတင်ထားပါတယ်။ 

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် –

 



(၁) အဲဒီ ဓာတ်ပုံကို Google Reverse Image Search နဲ့ စစ်ဆေးကြည့်တဲ့ အခါမှာ ဖိလစ်ပိုင်နိုင်ငံ မှာ တွေ့ရတဲ့  50caliber Sniper ရိုင်ဖယ်သေနတ်တွေဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ ၂၀၁၃ခုနှစ် အောက်တိုဘာ လတုန်းက Army Blog ဆိုတဲ့ လက်နက်နဲ့သက်ဆိုင်တဲ့ ဘလော့တစ်ခုမှာ တင်ထားတာဖြစ်ပါတယ်။
ဒီလင့် မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

(၂) ဒါ့အပြင် ထပ်မံပြီး ရှာဖွေစစ်ဆေးလိုက်တဲ့အခါမှာ ဓာတ်ပုံမှာပါဝင်တဲ့ သေနတ်တွေဟာ  ဖိလစ်ပိုင်နိုင်ငံက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့သက်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒါကို ဖိလစ်ပိုင်နိုင်ငံရဲ့ အထင်ကရ မီဒီယာကြီး တစ်ခု ဖြစ်တဲ့ Manila Times မှာ သတင်းဖော်ပြထားတာကိုတွေ့ရပါတယ်။

 

 

အထက်ပါအချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာတော့ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ တပ်မတော်က အရပ်သားအယောင်ဆောင် AAတပ်ဖွဲ့ဝင်တွေကိုသတ်ပြီး လက်နက်တွေသိမ်းယူတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဖိလစ်ပိုင် နိုင်ငံ မှ ဓာတ်ပုံအဟောင်းကို အသုံးပြုပြီးတော့ လက်ရှိ ဖြစ်ပျက်နေသယောင် ဖန်တီးထားတဲ့  သတင်းအမှားပဲဖြစ်ပါတယ်။

လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။

အကယ်၍ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။