Covid-19 သတင်းအချက်အလက်ကပ်ဆိုက်ခြင်း ကို သူတို့ ဘယ်လို တိုက်ထုတ်ခဲ့ကြသလဲ

စင်္ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ်က COVID-19 ကာလအတွင်းမှာ တရုတ်၊ စင်္ကာပူ၊ တောင်ကိုရီးယား နိုင်ငံသုံးနိုင်ငံရဲ့ အစိုးရတွေက COVID-19 နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဘယ်လို တုန့်ပြန်ဆောင်ရွက်ခဲ့ကြသလဲဆိုတဲ့အကြောင်းကို လေ့လာပြီး သုတေသနပြုလုပ်ခဲ့ပါတယ်။ ဒီသုတေသန တွေ့ရှိချက်တွေကို ဆောင်းပါးပုံစံ ပြန်လည်ဖော်ပြခဲ့ပြီးတော့ အဆိုပါ အာရှ သုံးနိုင်ငံရဲ့ COVID-19 ကာလအတွင်း သတင်းမှား တုံ့ပြန်ရေးတွေဟာ ဘာကြောင့် ထိရောက်ခဲ့တာလဲဆိုတဲ့ နည်းလမ်းတွေကို ဒီထဲမှာ သုံးသပ်ထားပါတယ်။ ဒီနည်းလမ်းတွေကို မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း အတုယူနိုင်အောင်၊ စာဖတ်သူ ပြည်သူတွေလည်း သိရှိနိုင်အောင်လို့ ဒီဆောင်းပါးကို ဟုတ်တယ် vs မဟုတ်ဘူးက ဘာသာပြန်တင်ဆက်ပေး လိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတော့ ဒီလို သတင်းမှားတွေပျံ့နှံ့ နေခြင်းကို Infodemic (သတင်းအချက်အလက်ကပ်ဆိုက်ခြင်း) ဆိုပြီး သုံးနှုန်းပါတယ်။ အဓိပ္ပာယ်ကတော့ Covid 19 ကပ်ရောဂါလိုပဲ သတင်းတွေဟာလည်း ကပ်သင့်နေပြီလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ သတင်းကပ်ရောဂါလို့ သုံးနှုန်းပါမယ်။

သတင်းအမှားတွေ ပျံ့နှံ့နေခြင်းက Covid-19 ကပ်ရောဂါလိုပဲ တိုက်ဖျက်ရမယ့်အရာ တစ်ခုဖြစ်ပါတယ်။

တကယ်တမ်းတော့ အခု ဖြစ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါထက် သတင်းကပ်ရောဂါဟာ ပိုကြောက်စရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုရိုနာ ဗိုင်းရပ်စ်ထက်ကို  အင်တာနက်ပေါ်က သတင်းအမှားတွေနဲ့ ကောလာဟလ တွေက  ပျံနှံ့မှုနှုန်း ပိုမြန်လို့ပါပဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနရဲ့ ဒါရိုက်တာ ဆယ်လ်ဗီ ဘရီယန့် ကတော့ အစိုးရတွေအနေနဲ့  ဗိုင်းရပ်စ် ကူးစက်ခံရမှုလို မြင်သာတဲ့ ကူးစက်ခံရမှုတွေ တင်မကပဲ  သတင်းကူးစက်ရောဂါကိုလည်း အရေးပေး အာရုံစိုက်ဖို့လိုတယ်လို့ တိုက်တွန်းပါတယ်။

အမှန်/အမှား ခွဲခြား ရခက်စေတဲ့ ဝိဝါဒ ကွဲပြားစရာ ကိုရိုနာဗိုင်းရပ်စ်သတင်းအမှားတွေဟာ  Social Media တွေပေါ်က User Generated Content လို့ ခေါ်တဲ့ အသုံးပြုသူတွေ ရေးတင် တဲ့ သတင်းအချက်အလက်တွေ ဆီက လာပါတယ်။ အကျိုးဆက်ကတော့ တိကျမှန်ကန်တဲ့ သတင်းအချက် အလက်ကဏ္ဏဟာ ကျဆုံးလာပါတယ်။  မတိကျ မမှန်ကန်ပဲ ထင်ရာမြင်ရာ ရေးသားချက်တွေနဲ့ ၊ ချစ်ခြင်းမုန်းခြင်းကြောင့် ရေးသားထားတဲ့ အချက်အလက်ဟာ Social Media အသုံးပြုသူတွေကို အမှန် မြင်နိုင်ဖို့ ခက်ခဲစေတယ်လို့ ဒီသုတေသနမှာဖော်ပြထားပါတယ်။

ဒီ သတင်းအမှား အန္တရာယ်ကနေ ဘေးကင်းလုံခြုံဖို့ဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ယုံကြည်စိတ်ချရပြီး ကိုယ် ကြားဖူးနားဝဖြစ်နေတဲ့ သတင်းမီဒီယာကြီးတွေ၊ အစိုးရ အာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်တွေ ကိုသာဖတ်ဖို့ တိုက်တွန်းထားပါတယ်။ ဒီလို လူထုကို သတင်းအမှန်တွေ မြန်မြန်ဆန်ဆန် ထုတ်ပြန်ခြင်းအားဖြင့် အစိုးရအနေနဲ့ လူထုရဲ့ ထောက်ခံမှုကို ရရှိနိုင်မယ့် အခွင့်အရေးရှိသလို သတင်းမီဒီယာတွေ၊ တရားဝင်သတင်းထုတ်ပြန်ချက်တွေကိုသာ ယုံကြည်ခိုင်းပြီး သတင်းအမှားအန္တရာယ်ကနေ ကာကွယ်ပေးခြင်းအားဖြင့် အစိုးရရဲ့  ခေါင်းဆောင်နိုင်မှု စွမ်းရည်ကိုလည်း ပြသရာရောက်ပါတယ်လို့ ဒီသုတေသနမှာ တိုက်တွန်းထားပါတယ်။

ဒီသုတေသနမှာ အာရှနိုင်ငံသုံးနိုင်ငံက လူဖတ်အများဆုံး မီဒီယာကြီးနှစ်ခုရဲ့ လူဖတ်အများဆုံး သတင်းအပုဒ် ၅၀၀၀ ကျော်ကို အခြေခံပြီး သုံးသပ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံစဉ်ကတည်းက ဖော်ပြထားတဲ့ သတင်းတွေကို အခြေခံပြီး သုတေသန ပြုလုပ်ထားတာဖြစ်ပါတယ်။ တရုတ်မှာဆိုရင် Xinhua Daily နဲ့  People’s Daily  ၊ တောင်ကိုရီးယားမှာဆိုရင်  Chosun Ilbo နဲ့ Hankyoreh ၊ စင်္ကာပူမှာဆိုရင် The Straits Times နဲ့ Channel News Asia တို့လိုမျိုး နာမည်ကြီးလူသိများတဲ့ သတင်းဌာနတွေ ဖြစ်ပါတယ်။ ဒီသုတေသနကနေ Covid 19 သတင်းကပ်ရောဂါကို တရုတ်၊ စင်္ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ မဟာဗျူဟာကျကျ ဘယ်လိုတိုက်ဖျက်ကြသလဲဆိုတဲ့ အဓိက အချက်ငါးချက်ကို တွေ့ရပါတယ်။

အဲဒါတွေကတော့ –

(၁) တရားဥပဒေ စိုးမိုးမှုနှင့် ထိရောက်တဲ့ပြစ်ဒဏ်
(၂) အမှန်ပြင်ပေးမှုနှင့် အကြံပေးမှုအားကောင်းခြင်း
(၃) ပြည်သူလူထု၏ တာဝန်သိမှုနှင့် ပညာရေး
(၄) သိပ္ပံပညာထွန်းကားမှုနှင့် ဆင်ခြင်တုံတရား အားကောင်းခြင်း
(၅) အခြားနိုင်ငံတွေ၏ ပြဿနာကို နမူနာယူတတ်ခြင်း တို့ပဲဖြစ်ပါတယ်။

 

တရားဥပဒေ စိုးမိုးမှုနှင့် ထိရောက်တဲ့ပြစ်ဒဏ်

တရုတ်နိုင်ငံကတော့ ဒီအပိုင်းမှာ ထိပ်တန်းလို့ ပြောလို့ရပါတယ်။ တရုတ်အစိုးရက ကိုရိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေစဉ် အချိန်အတွင်းမှာ သတင်းအမှား ဖန်တီးတဲ့သူတွေကို အရေးယူဖို့ လက်တွန့်မနေပါဘူး။ ပြည်သူတွေကိုလည်း ဒီလိုသတင်းအမှားတွေတင်ရင် ဖြစ်လာမယ့် အကျိုးဆက် တွေကို အမြဲသတိပေးနေပါတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေတွေမှာ သတင်းအမှားတွေတင်ရင် မြန်မြန် ဆန်ဆန် တရားစွဲဆိုခံရနိုင်ကြောင်းနဲ့ ဥပဒေပါ ပြစ်ဒဏ်တွေကို ဖော်ပြပြီး သတိပေးပါတယ်။

ကူးစက်ရောဂါနဲ့ဆက်စပ်တဲ့ ဥပေဒမှာ မှုခင်းဖြစ်ရပ်လို တရားစွဲထောင်ချ နိုင်ခြေရှိတဲ့ ဥပဒေပါ အချက်တွေကို လူထုကို ပုံမှန် အသိပေးပါတယ်။ ကပ်ရောဂါကာလအတွင်းဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀ ကနေ ၂၇ ရက်အတွင်း သတင်းအမှား တင်တာနဲ့ ဆက်စပ်တဲ့ ကျူးလွန်သူ အရေအတွက်ဟာ နှစ်ဆတိုးလာခဲ့ပါတယ်။ အဲဒီလူတွေအကုန်လုံးကိုလည်း သတင်းအမှားတင်လို့ဆိုပြီး တရားစွဲဆို အရေးယူခဲ့ပါတယ်။

စင်္ကာပူ အစိုးရကလည်း အလားတူ အရေးယူမှုမျိုးတွေပြုလုပ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ အွန်လိုင်းသတင်းအမှား တွေနဲ့ လှည့်ဖျားထားတဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ရေးဥပဒေဆိုတာရှိပါတယ်။အဲဒီဥပဒေနဲ့ နိုင်ငံရေးပါတီ လေးပါတီ ထက် မနည်းတဲ့ ပါတီတွေကို အွန်လိုင်းမှာ သတင်းအမှားဖြန့်ဝေမှုနဲ့ ကပ်ရောဂါ ဖြစ်ပွားတဲ့ ပထမဆုံး ၂လ မှာတင် အရေးယူလိုက်ပါတယ်။

ထူးခြား ဖြစ်စဉ်အနေနဲ့ စင်္ကာပူ အစိုရရဲ့  အွန်လိုင်းသတင်းအမှား တွေနဲ့ လှည့်ဖျားထားတဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ရေးဥပဒေမှာ Google ၊ Facebook ၊ Baidu နဲ့ Twitter လို အင်တာနက် ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဆိုရှယ် ပလက်ဖောင်းတွေမှာ သတင်းအမှားတွေရှိလာပြီ ဆိုရင်  ချက်ချင်းရုတ်သိမ်းပေးရတာမျိုး၊အမှန်ပြင်ပေးရတာမျိုး အချက်တွေကို ကင်းလွတ်ခွင့် အနေနဲ့ ထည့်သွင်းထားပါတယ်။ ဒါ့ကြောင့် သတင်းအမှားတွေ လျော့နည်းတာမျိုး၊ အချိန်မှီ ဖျက်သိမ်းတာ မျိုး လုပ်နိုင်ပါတယ်။

အမှန်ပြင်ပေးမှုနှင့် အကြံပေးမှုအားကောင်းခြင်း

ဒီအပိုင်းမှာတော့ စင်္ကာပူက ဦးဆောင်ပါတယ်။ ကောလာဟလတွေနဲ့ သတင်းအမှားတွေကို တိုက်ဖျက်ဖို့ သတင်းဌာနတွေကိုသာ ယုံကြည်သင့်ကြောင်း အစိုးရက ပြည်သူတွေကို အကြံပြုပါတယ်။ ဒါ့အပြင် အွန်လိုင်းကောလာဟလတွေနဲ့ POFMA ဥပေဒကို ချိုးဖောက်သူတွေကို တွေ့ရင် တိုင်ကြားဖို့ လိုအပ်ကြောင်းကိုလည်း ပြည်သူတွေကို အသိပေးထားပါတယ်။

စင်္ကာပူက တောင်ကိုရီးယားနိုင်ငံကိုလည်း ဥပမာပြုပြီးလုပ်ဆောင်ပါတယ်။ သတင်းမှားတွေကို တိုက်ဖျက်ရာမှာ  တောင်ကိုရီးယားက လူပြောများတဲ့ အကြောင်းအရာတွေကို ကျွမ်းကျင်သူတွေ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ ကျန်းမာရေးအာဏာပိုင်တွေကို မေးမြန်းပြီး အင်တာဗျူးတွေလုပ်ကာ သတင်းအမှန်ထုတ်ပြန်ပြီး လူတွေကို ပညာပေးပါတယ်။

စင်္ကာပူက အစိုးရတစ်ဖွဲ့လုံး ဘာတွေလုပ်ဆောင်နေလဲဆိုတာကိုလည်း လူတွေကိုအသိပေးပါတယ်။ ဝန်ကြီးဌာန ငါးခုဟာ မတူညီတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေမှာ သတင်းအချက်အလက်ဆိုင်ရာ အကြံပြုချက်တွေ ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ တရားဝင် သတင်းအချက်အလက်စစ်ဆေးတဲ့ ဝက်ဘ်ဆိုဒ်တွေကနေ အစိုးရဝန်ကြီးဌာနတွေရဲ့ Facebook နဲ့ Instagram လို ပေ့ချ်တွေမှာ ပြန် တင်ပြီး လူတွေကို အသိပေးပါတယ်။ အစိုးရက WhatsApp လို Channel တွေကိုလည်း အသုံးပြုပြီး  ဒစ်ဂျစ်တယ် စကားဝိုင်းတွေကနေတဆင့်လည်း ပြည်သူတွေကို သတင်းစကားပါးတာတွေလုပ်ဆောင် ပါတယ်။

ပြည်သူလူထု၏ တာဝန်သိမှုနှင့် ပညာရေး

ဒီလို တင်းကြပ်ပြီး ထိရောက်တဲ့ အစိုးရရဲ့ အစီအမံတွေအပြင် စင်္ကာပူနဲ့ တရုတ်အစိုးရရဲ့  သတင်းမှားတွေကို တိုက်ဖျက်ဖို့ လူတစ်ဦးချင်းစီနဲ့ အရပ်ဘက်အဖွဲ့တွေကို အကူအညီတောင်းတာဟာလည်း သတင်းမှားတိုက်ဖျက်ရေးမှာ ပါဝင်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဏတစ်ခုပါပဲ။

စင်ကာပူမှာဆိုရင် နိုင်ငံအကြီးအကဲတွေဖြစ်တဲ့ သမ္မတရော၊ ဝန်ကြီးချုပ်ရောက ပြည်သူတွေကို သတင်းပေး တိုင်ကြားခြင်းဟာ နိုင်ငံအတွက် ကြီးမြတ်တဲ့ အကူအညီပေးတာပဲဆိုပြီး ထပ်ခါထပ်ခါ ပြောကြားလေ့ရှိပါတယ်။ ဒီလိုတိုင်ကြားတာဟာ တာဝန်သိမှုရှိတဲ့သူဖြစ်တဲ့အကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအမှားတွေကို မပျံ့နှံ့စေ ဘူးဆိုတဲ့ အကြောင်းပြောပြီး ချီးမြှောက်လေ့ရှိပါတယ်။ တရုတ်မှာလိုပဲ စင်္ကာပူ ခေါင်းဆောင်တွေဟာ သတင်းအမှားတွေရပ်တန့်ဖို့ တရားမဝင်သတင်းအချက် အလက်တွေကို မပျံ့နှံဖို့ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဖို့လိုကြောင်းနဲ့  အဆက်မပြတ် တိုက်တွန်းပါတယ်။

ကျောင်းတွေနဲ့ ဆရာတွေဟာလည်း အစိုးရရဲ့ ဒီအစီအမံတွေကို ပြည်သူလူထုဆီရောက်ဖို့ ဝင်ကူကြပါတယ်။ စင်္ကာပူ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရဲ့ တိကျမှန်ကန်မှုကို စစ်ဆေးဖို့အရေးပါပုံ တွေအကြောင်းကို နိုင်ငံသူ၊ နိုင်ငံသား အသိပညာပေးရေး ပရိုဂရမ်တွေရေးဆွဲပြီး သင်ကြား အကောင်အထည်ဖော်ပါတယ်။

တရုတ်မှာတော့ ဆရာတွေက သူတို့ရဲ့ ကျောင်းသားတွေကို တခြားကျောင်းသားတွေနဲ့ မိဘတွေ သေဆုံးတာမျိုး၊ ကွာရန်တင်းဝင်နေရတဲ့ အခြေအနေမျိုးတွေမှာ တောင်မှ သူတို့ရဲ့ သူငယ်ချင်းတွေကို ဂရုတစိုက်မေးမြန်းတာတွေရှိတယ် ဆိုတဲ့အကြောင်း စာပေးပို့ပြီး ပြောပြကြပါတယ်။ ဒါ့ကြောင့် မကြောက်လန့်ဖို့နဲ့ ကောလာဟလတွေကို မယုံဖို့ သူတို့ရဲ့ကျောင်းသားတွေကို ဆရာတွေက စာထဲမှာ တိုက်တွန်းထားတယ်ဆိုတဲ့ သတင်းမျိုးတွေကို တွေ့ရပါတယ်။

သိပ္ပံပညာထွန်းကားမှုနှင့် ဆင်ခြင်တုံတရား အားကောင်းခြင်း

တရုတ်မီဒီယာနဲ့ အစိုးရ ကတော့ သိပ္ပံပညာထွန်းကားမှုနဲ့ ဆင်ခြင်တုံတရားအားကောင်းခြင်းကသာ Covid 19 ကို တိုက်ဖျက်လို့ရမယ့် အကောင်းဆုံး လက်နက်ပဲ လို့ဆိုပါတယ်။ တိကျသေချာတဲ့ သိပ္ပံ ပညာက ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုဖြစ်တယ် ၊ သိပ္ပံ နည်းကျ အချက်အလက်တွေကို အသုံးပြုခြင်းဟာ ဗိုင်းရပ်စ် ဘယ်ကလာလဲဆိုတဲ့ အငြင်းပွားစရာ သီအိုရီတွေ၊ အဓိပ္ပာယ်မရှိတဲ့ သက်သေတွေနဲ့ ဒွိဟ ဖြစ်စရာ ကောလာဟလ တွေကို ရပ်တန့်စေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရခေါင်းဆောင်တွေက နိုင်ငံသားတွေရဲ့ သိပ္ပံပညာနဲ့ နည်းပညာစွမ်းရည်တွေကိုအသုံးပြုပြီး ကိုရိုနာ ဗိုင်းရပ်စ်ကို ဖယ်ရှားပစ်ဖို့ တိုက်တွန်းပါတယ်။မီဒီယာတွေကလည်း သတင်းအချက်အလက် ကပ်သင့်နေတာကို တိုက်ဖျက်ဖို့အတွက် ဆောင်ပုဒ်တစ်ခုကို တင်သွင်းလာပါတယ်

“ကောလာဟလတွေကို ဉာဏ်ပညာနဲ့ ရပ်တန့်ကြမယ်”

အခြားနိုင်ငံတွေ၏ ပြဿနာကို နမူနာယူတတ်ခြင်း

သတင်းအမှားတွေကြောင့် အခြားနိုင်ငံတွေမှာ ဖြစ်သွားတဲ့ ပြဿနာတွေကို နမူနာယူတဲ့နေရာမှာတော့ တောင်ကိုရီးယားက ထိပ်တန်းလိုက် ပါတယ်။ စင်္ကာပူမှာလူတွေ ဇွန်ဘီတွေ(ဖုတ်ကောင်) ဖြစ်ကုန်ပြီဆိုတဲ့ သတင်းကနေ အီရန်မှာ ဆိတ်တွေနဲ့သိုးတွေကနေ ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်လို့ ဆိုတာတွေ အထိ ၁၀ခုထက် မနည်းတဲ့ နိုင်ငံတွေရဲ့  သတင်းအမှား ဥပမာတွေကိုယူပြီး အခြား နိုင်ငံတွေမှာရော ဘယ်လို ဖြစ်နေလဲဆိုတာကို တောင်ကိုရီးယား သတင်းဌာနတွေက နှိုင်းယှဉ်ပြပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုပြီး COVID-19 သတင်းကပ်ရောဂါ ကို တိုက်ဖျက်ပါတယ်။

ထင်သာမြင်သာရှိတဲ့ နောက်တစ်ချက်ကတော့ တောင်ကိုရီးယားအစိုးရဟာ တရုတ်နိုင်ငံရဲ့ သတင်းအချက်အလက်ကပ်သင့်မှု ကိုင်တွယ်ဖြေရှင်းပုံ ကို နမူနာယူပြီး တုန့်ပြန်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ကြောက်ရောဂါ ဖြစ်အောင် ထုတ်လွှင့်နေတဲ့ သတင်းအမှားတွေ အမှန်တဝက် အမှားတဝက်တွေနဲ့ ရောကြိတ်ထားတဲ့ ထင်ယောင်ထင်မှား သီအိုရီတွေကို လည်း သူ့နိုင်ငံသားတွေကို မယုံဖို့ တိုက်တွန်းထားပါတယ်။

သတင်းကပ်ရောဂါ စစ်ပွဲကို မျက်ခြေမပြတ်ကြပါနဲ့ 

COVID-19 သတင်းကပ်ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြုပြီး ပေါ်ထွက်လာသလို တစ်ကမ္ဘာလုံးကိုလည်း ပျံ့နှံ့နေပြီး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အစိုးရတွေကလည်း ကိုယ်စွမ်း၊ဉာဏ်စွမ်းအပြင် ရနိုင်သမျှ အရင်းအမြစ်တွေကို အကုန်အသုံးပြုပြီး နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ကာကွယ်ဖို့ ဦးစားပေးတာဝန်အဖြစ် လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် နိုင်ငံသားတွေဆီကို ကောလာဟလတွေနဲ့ သတင်းမှားတွေကူးစက် ပျံ့နှံ့ခံရခြင်းကနေ ဘေးကင်းလုံခြုံစေဖို့ အတွက် လည်း အစိုးရတွေအနေနဲ့ မျက်ခြေမပြတ်သင့်ပါဘူး။

ဒီသုတေသန အစီရင်ခံချက်မှာ တင်းကြပ်တဲ့ ဥပေဒတွေ၊ အချိန်မှီထုတ်ပြန်ရမယ့် အကြံပြုချက်တွေ၊ ပြည်သူတွေရဲ့ တာဝန်သိမှုနဲ့  ပညာရေးစနစ် အားကောင်းမှုတွေ၊ သိပ္ပံပညာထွန်းကားမှုနဲ့ ဆင်ခြင်တုံတရားကို ကိုးစားမှုတွေ၊ အခြားနိုင်ငံတွေကို အတုယူ လုပ်ဆောင်မှုတွေကသာ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ်ဆိုတာကို ပြဆိုထားပါတယ် အစိုးရတွေအနေနဲ့ COVID-19 သတင်းကပ်ရောဂါကို အကြောင်းပြုလို့ ဦးစီးဦးဆောင်ပြုနိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို ပြလို့ရပါတယ်။ လူထုရဲ့ ယုံကြည်မှုကို တည်ဆောက်လို့ရပါတယ်။ ဒီလို ကမ္ဘာ့ကပ်ရောဂါကာလမှာတောင် အစိုးရက လူတွေကို စုစည်း ဆွဲဆောင်နိုင်မယ်ဆိုရင် ကပ်ရောဂါအလွန်မှာ ပိုပြီး လုပ်ဆောင် နိုင်ပါလိမ့်မယ်။