FACT CHECK| သရုပ်ဆောင်မင်းရာဇာကို မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက အားပေးဝန်းရံတယ်ဆိုတဲ့ သတင်းအမှား

အိမ်အကူအမျိုးသမီးငယ်ကို ညှင်းပန်းနှိပ်စက်မှု၊အဓမ္မပြုကျင့်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာကို မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက အားပေးဝန်းရံတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့နေပါတယ်။ ဒါ့ကြောင့် ဒီသတင်းဟာ သတင်းမှား ဖြစ်တဲ့အကြောင်း အသိပေးလိုက်ပါတယ်။

Claim Request – ဦးဇင်း ဦးပါမောက္ခက သရုပ်ဆောင်မင်းရာဇာကို သွားရောက်ဝန်းရံတယ်ဆိုတာ သတင်းအမှန်လား

Answer-   ၁၀၀ ရာခိုင်နှုန်း သတင်းအမှားဖြစ်ပါတယ်။


ကြံခိုင်ရေးပါတီက ဆရာတော် ဦးပါမောက္ခကို ငွေပေးပြီး သွားရောက်ဝန်းရံခိုင်းတာဖြစ်တယ် ၊ စစ်တပ်နဲ့ ကြံခိုင်ရေးပါတီရဲ့ ပါတနာတွေက  မုဒိန်းမှုပဲဖြစ်ဖြစ်၊ လူသတ်မှုပဲဖြစ်ဖြစ် မဘသ ဘုန်းကြီးတွေ က ဝန်းရံသွားမယ်ဆိုပြီး သတင်းအမှားမှာ လှုံ့ဆော်ရေးသားထားပါတယ်။ အဆိုပါရုံးချိန်းကို လာရောက်ကြတဲ့ ဦးပါမောက္ခနဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင် တို့ရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းအမှား ဖြန့်ဝေထားပါတယ်။

Fact Check

(၁) သတင်းမှားမှာ ဖော်ပြထားသလို ဦးပါမောက္ခဟာ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာကို ဝန်းရံတာဟုတ်/မဟုတ် Google မှာ Keywords Search နဲ့ရှာဖွေကြည့်ပါတယ်။ဒီလို တွေ့ရပါတယ်။ 

အိမ်အကူမိန်းကလေးအတွက် ဝန်းရံ ဆိုတဲ့ သတင်းတွေကိုသာတွေ့ရပါတယ်။

(၂) ဒီထဲက လင့်ခ် ဗီဒီယိုတစ်ခုကို ဝင်ကြည့်လိုက်ရာမှာတော့ ဦးဇင်း ဦးပါမောက္ခနဲ့ ဒေါ်နော်အုန်းလှဟာ သရုပ်ဆောင် မင်းရာဇာတို့မိသားစုရဲ့ နှိပ်စက်တာကို ခံခဲ့ရတဲ့ အိမ်အကူမိန်းကလေးအတွက် သွားရောက်ဝန်းရံခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ 

(၃) ဒီသတင်းကို Fashion Magazine Myanmar ဆိုတဲ့ ပေ့ချ်က တင်ထားတာဖြစ်ပြီး ဒီပေ့ချ်ဟာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေပြီး  အနုပညာသတင်းတွေ ဖော်ပြတဲ့သတင်းဌာနတစ်ခုဖြစ်ပါတယ်။ ဦးပါမောက္ခရဲ့ အင်တာဗျူး အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ကြည့်နိုင်ပါတယ်။

ဒါ့ကြောင့်မို့လို့ သရုပ်ဆောင်မင်းရာဇာကို ဦးပါမောက္ခက အားပေးဝန်းရံတယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်။ နောက်ပြီး စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက လူသတ်မှုတွေ၊ မုဒိန်းမှုတွေကို အားပေးဝန်းရံတယ်လို့ ဆိုတာဟာလည်း တစ်ဖက်နဲ့ တစ်ဖက် အမုန်းတရားတွေ ပိုမိုပွားများလာအောင် လှုံ့ဆော်ရေးသားထားတာပဲဖြစ်ပါတယ်။

Covid 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာလည်း သတင်းဖြစ်ရပ်တွေကို အကြောင်းပြုပြီး ဒီလို တစ်ဖက်နဲ့ တစ်ဖက် အမုန်းပွားအောင် သတင်းအမှားတွေနဲ့      အွန်လိုင်းပေါ်မှာ တိုက်ခိုက်တတ်ကြတာတွေကို စာဖတ်သူတွေ အနေနဲ့ သတိပြုမိဖို့လိုပါတယ်။ ဒါ့ကြောင့် ဖေ့ဘွတ်ခ်မှာ ကိုယ်တွေ့ရတဲ့သတင်းတိုင်းကို မယုံပဲ စစ်ဆေးသင့်ပါတယ်။ အကယ်၍ စစ်ဆေးဖို့အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စစ်ဆေးမေးမြန်းနိုင်ပါတယ်။