Fact Check| Forbes ကထုတ်ပြန်တယ်ဆိုတဲ့ ၂၀၂၀ အတွက် မြန်မာ့ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးစာရင်း ဆိုတာ သတင်းအမှားဖြစ်ပါတယ်

ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ အချက်အလက်စစ်ဆေးသူတွေက ဒီနေ့ မေလ ၉ ရက်နေ့မှာ လူမှုမီဒီယာဖြစ်တဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့လာတဲ့ သတင်းတစ်ခုကိုသတိပြုမိခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ Forbes ကထုတ်ပြန်တဲ့ ၂၀၂၀ အတွက် မြန်မာ့အချမ်းသာဆုံးပုဂ္ဂိုလ်
(၁၀ )ဦးစာရင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

အဲ့ဒီ သတင်းကို အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ africatrendy.com ဆိုတဲ့ဝဘ်ဆိုက်ဒ် က တင်ထားတာဖြစ်ပြီးတော့ သမ္မတဟောင်းဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးနံပါတ် (၁) နေရာမှာရှိနေတဲ့အတွက် ဖေ့ဘွတ်ခ်အသုံးပြုသူတွေက ပြန်လည်ဝေမျှခဲ့ကြတာပါ။ ဒါကြောင့် ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာတော့ သတင်းအမှားဖြစ်တယ်ဆိုတာ စိစစ်တွေ့ရှိတဲ့အတွက် အားလုံးသိအောင် ပြောပြရခြင်းဖြစ်ပါတယ်။  

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

  • သတင်းတင်ထားတဲ့ ဝဘ်ဆိုက်ဒ်ကို Whois ဆိုတဲ့ ဒိုမိန်းတွေကိုစစ်ဆေးနိုင်တဲ့ Tool ကနေဝင်ရောက် စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ africatrendy.comဆိုတာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ကမှ စတင်လွှင့်တင်ခဲ့တာဖြစ်ပြီးတော့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသားဆောင်ရွက်နေတဲ့ သတင်းဌာနမဟုတ်ပါဘူး။ အဲ့ဒီဝဘ်ဆိုက်ဒ်ဟာ သူတို့ဘယ်မှာအခြေစိုက်တယ်ဆိုတာမျိုးတိတိကျကျမဖော်ပြထားဘဲ  ကြော်ငြာတွေကနေ ဝင်ငွေရှာနေတဲ့ Click bait ဝဘ်ဆိုက်ဒ်တစ်ခုပဲဖြစ်ပါတယ်။

    ကြော်ငြာများမှဝင်ငွေရှာသည့် ဝဘ်ဆိုက်ဒ်တွင်သတင်းဖော်ပြထားပုံ

     

     

    ဒိုမိန်းကို Whois တွင်ဝင်ရောက်စစ်ဆေးပုံ

  • ပျံ့နှံ့နေတဲ့ သတင်းအမှားထဲမှာ Forbes က ထုတ်ပြန်ထားတဲ့ ၂၀၂၀ ခုနှစ် အတွက် မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးလို့ ဆိုထားတဲ့အတွက် Forbes ရဲ့ တရားဝင်ဝဘ်ဆိုက်ဒ်ဖြစ်တဲ့ www.forbes.com ရဲ့ ဘီလျံနာစာရင်းဖြစ်တဲ့ ဒီလင့်ခ် မှာဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ မြန်မာနိုင်ငံအတွက်ထုတ်ပြန်ထားတာမရှိပါဘူး။
  • နိုင်ငံတကာသတင်းဌာနကြီးတွေနဲ့ မြန်မာအခြေစိုက် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသားဆောင်ရွက်ထုတ် ဝေနေတဲ့သတင်းဌာနတွေမှာလည်း ဒီလိုမျိုး သတင်းကို ဖော်ပြထားတာမတွေ့ရှိရပါဘူး။

အထက်ပါအချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင်တော့ ပျံ့နှံ့နေတဲ့ Forbes ကထုတ်ပြန်တဲ့ 2020 အတွက် မြန်မာပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးစာရင်း ဆိုတာက သတင်းအမှားဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီးအစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။