Fact Check| ပညာရေးဝန်ကြီးဌာန၏ ဖေ့ဘွတ်ခ်စာမျက်နှာ အယောင်ဆောင်ပြီး ဖြန့်နေတဲ့သတင်းအမှား

ဒီတစ်ခါမှာတော့ ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းအမှားအကြောင်းအရာတစ်ခုအကြောင်းကို ဟုတ်တယ် Vs မဟုတ်ဘူးကပြောပြပေးချင်ပါတယ်။ အဲ့ဒီပျံ့နှံ့နေတဲ့ သတင်းအမှားအကြောင်းအရာကတော့ ပညာရေးဝန်ကြီးဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာအယောင်ဆောင်ပြီးတော့  Ministry of Education News Myanmar ဆိုတဲ့ဖေ့ဘွတ်ခ်ပေ့ချ်ကနေ စာမေးပွဲပြန်လည်ဖြေဆိုမယ့်ရက်နဲ့ တက္ကသိုလ်ပြန်ဖွင့်မယ့်ရက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပညာရေးဝန်ကြီးဌာနတို့ တိုင်ပင်နေတဲ့အတွက် ကြောင့် မေ ၁၅ရက် နောက်ပိုင်းမှာ သတင်းထုတ်ပြန်မယ်ဆိုပြီး ရေးထားပါတယ်။

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

  • Ministry of Education News Myanmar နာမည်ကို ဖေ့ဘွတ်ခ်မှာ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ  Page မရှိတော့တာမြင်ရပါတယ်။ ဒါပေမယ့် ဖေ့ဘွတ်ခ်ရဲ့ အသိအမှတ်ပြု BlueMark ရထားတဲ့ Ministry of Education,Myanmar ဆိုတဲ့ ပညာရေးဝန်ကြီးဌာရဲ့ တရားဝင် ဖေ့ဘွတ်ခ် ပေ့ချ်ကိုသာ တွေ့ရပါတယ်။အဲဒီပေ့ချ်မှာတော့ ကျောင်းတွေပြန်ဖွင့်မယ့်ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုပို့စ်တင်ထားတာမရှိပါဘူး။ ဒါ့ကြောင့် ပျံ့နှံ့နေတဲ့ Ministry of Education News Myanmar ဆိုတဲ့ ပေ့ချ်ဟာ ပညာရေးဝန်ကြီးဌာန အယောင်ဆောင် ပေ့ချ်တစ်ခုသာဖြစ်ပါတယ်။
  • ဒါ့အပြင်ကျောင်းတွေပြန်ဖွင့်မယ့်ရက်၊တက္ကသိုလ်စာမေးပွဲတွေပြန်လည်ဖြေဆိုရမယ့်ရက်ကို  သတင်းမီဒီယာလုပ်ငန်းစဉ် အတိုင်းလုပ်ဆောင်နေတဲ့ သတင်းမီဒီယာတွေက ဖော်ပြထားသလားဆိုပြီး လိုက်လံ ရှာဖွေကြည့်ပါတယ်။ အဲဒီလို ရှာဖွေ ကြည့်တဲ့အခါမှာ Tomorrow Journal ရဲ့ ဖေ့ဘွတ်ခ်စာမျက်က ရေးထားတဲ့ ဒီသတင်းကိုတွေ့ရပါတယ်။ ဒီလင့်ခ် ကနေသွားရောက်ဖတ်ရှူနိုင်ပါတယ်။ ဒီ သတင်းထဲမှာတော့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်မယ့်ရက်ကို မေ ၁၅ ရက်နောက်ပိုင်းမှသာ ထုတ်ပြန် မယ်ဆိုပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောထားပါတယ်။ ကျောင်း တွေပြန်ဖွင့်မယ့်ရက်၊ တက္ကသိုလ်စာမေးပွဲတွေ ပြန်လည် ဖြေဆိုရမယ့်ရက်ကို အစိုးရက တရားဝင်မကြေညာ သေးတဲ့အတွက် ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလ သတင်းတွေ၊ သတင်းအမှားတွေ ဖြစ်ပါတယ်။
  • ဒါ့အပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ကလာမယ့်ပညာသင်နှစ် အခြေခံပညာကျောင်းတွေ ပြန်ဖွင့်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း နဲ့ဆက်သွယ်မေးမြန်းချက်အရ အခြေခံပညာကျောင်းတွေပြန်ဖွင့်မယ့်ကိစ္စကို
    မေလ ၁၅ ရက်နောက်ပိုင်းမှသာ အတည်ပြုနိုင်မယ်လို့ သိရပါတယ်။
    ဒီလင့်ခ် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

အခုလိုမျိုးအချိန်တွေမှာ ဝန်ကြီးဌာနအယောင်ဆောင်ပေ့ချ်တွေ ဖန်တီးပြီး သတင်းတွေတင်နေတာမျိုးတွေလည်း ရှိနေတာကြောင့် ကြည့်ရှုတဲ့ ပရိသတ်တွေအနေနဲ့ဖေ့ဘွတ်ခ်ပေါ်မှာ တွေ့သမျှ သတင်းတွေကို မယုံဖို့လိုပါတယ်။ အစိုးရဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းတွေကို ဖေ့ဘွတ်ခ်မှာ ဆိုရင် Blue Mark ရရှိထားတဲ့ ပေ့ချ်တွေကိုသာ ဖတ်ရှုယုံကြည်ဖို့လိုပါတယ်။ တိုက်ဆိုင်စိစစ်ဖို့လိုပါတယ်။

တိုက်ဆိုင်စိစစ်ရတာ အခက်အခဲဖြစ်နေရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီးသတင်းအမှား /အမှန် လာရောက် စိစစ်မေးမြန်းလို့ရပါတယ်။ သတင်းအမှန်လို့မသေချာသေးတဲ့ ကောလာဟလ သတင်းတွေကို Share မပြုလုပ်ဖို့ကိုတော့ အကြံပေးလိုက်ပါရစေ။