Fact Check| Facebook Team က မြန်မာ ၂ဦး Covid 19 ကူးစက်ခံရတယ်ဆိုတဲ့ သတင်းအမှား

လက်ရှိကာလမှာ Facebook Team က မြန်မာ ၂ဦး Covid 19 ကူးစက်ခံရနေရပြီး တစ်ဦးသေဆုံးသွား တယ်ဆိုတဲ့ သတင်းအမှားတွေ  ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့လာတာကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။ဒါ့ကြောင့် အချက်အလက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီပျံ့နှံ့နေတဲ့သတင်းက သတင်းအမှားဖြစ်ကြောင်းကို စိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီသတင်းမှားဟာဘယ်ကလာတာလဲ။ဘာကြောင့်သတင်းအမှားလို့ ပြောနိုင်ရတာလဲ၊ဒီသတင်းအမှားတွေ ပျံ့နှံ့အောင် ဘယ်လိုတွေစနစ်တကျလုပ်ဆောင်နေကြလဲဆိုတာကို ဟုတ်တယ်Vs မဟုတ်ဘူး ဝိုင်းတော်သားတွေက ရှင်းပြပါမယ်။

သတင်းမှားပျံ့နှံ့လာတဲ့အရင်းအမြစ် (၁)

 

 Facebook Team က မြန်မာတစ်ဦးအသွင်ဆောင်ပြီး ဖန်တီးထားတဲ့ Aung Kyaw Htet ဆိုတဲ့ဖေ့ဘွတ်ခ်အကောင့်ဟာ သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီဖြစ်တယ်လို့ post တစ်ခုရေးသားခဲ့ပါတယ်။ အဆိုပါပို့စ်ထဲမှာ သူဟာ နယူးယောက်မှာ နေထိုင်တဲ့ Facebook Team က လူတစ်ဦးဖြစ်ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို သိရတဲ့အကြောင်း၊ သူနဲ့ ထိတွေ့ခဲ့တဲ့ Facebook Team က လူတွေကိုလည်း စိုးရိမ်ကြောင်း၊ သူ ဖေ့ဘွတ်ခ်ကို မသုံးဖြစ်တဲ့ ၂ရက်အတွင်းမှာ ဖေ့ဘွတ်ခ်မှာ ဖြစ်ပေါ်လာတဲ့ Error တွေကို သိချင်ကြောင်း စသဖြင့် ရေးသားထားပါတယ်။

Fact Check  (၁)- ဖေ့ဘွတ်ခ် ကုမ္ပဏီရဲ့ ရုံးတွေဟာ မတ်လ ၆ ရက်နေ့က စပြီး ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
စင်္ကာပူ ရုံးခွဲက ဝန်ထမ်းတစ်ယောက်ဟာ ရောဂါပိုးရှိသွားတဲ့အတွက်ကြောင့် အခုလိုပိတ်လိုက်တာပဲဖြစ်ပါတယ်။
Channel News Asia က ဒီသတင်းကို ဖော်ပြထားပါတယ်။ မတ်လ ပထမပတ်ကတည်းက ဖေ့ဘွတ်ခ်ရဲ့ ရုံးတွေပိတ်လိုက်ပြီမို့လို့  Aung Kyaw Htet ဆိုတဲ့  အကောင့်မှာ တင်ထားသလို သူနဲ့ထိတွေ့တဲ့ဖေ့ဘွတ်ခ် Team က လူတွေလည်းရှိတယ်ဆိုတာကို ယုံနိုင်စရာ မရှိတော့ပါဘူး။

 

Fact Check (၂)- စင်္ကာပူက ဝန်ထမ်းတစ်ဦးမှာတွေ့တဲ့အတွက်ကြောင့်မို့လို့ နယူးယောက်က ဝန်ထမ်းလို့ သူ့ကိုယ်သူ ပြောဆိုထားတဲ့ Aung Kyaw Htet ဆိုတဲ့အကောင့်နဲ့ အလှမ်းဝေးပါတယ်။ ဒါနဲ့ပတ်သက်လို့  ဖေ့ဘွတ်ခ်ရဲ့ တရားဝင် သတင်းထုတ်ပြန်တဲ့ ဒီ ဝက်ဘ်ဆိုဒ်မှာ လည်း ဖော်ပြထားတာမျိုးမရှိပါဘူး။

 

Fact Check (၃)- ဒီအကောင့်တွေဟာ  ဖေ့ဘွတ်ခ်နဲ့ အလုပ်လုပ်နေတဲ့သူတွေမဟုတ်ကြောင်း၊သူတို့ ဘာပြောပြောအမှန်တွေမဟုတ်ကြောင်းကို ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီလို ထုတ်ပြန်ပါတယ်။

“ ဒီလူတွေဟာ ဖေ့ဘွတ်ခ်နဲ့သက်ဆိုင်ခြင်းမရှိသလို တစ်ခါမှလည်း ဖေ့ဘွတ်ခ်နဲ့ အလုပ်အတူတွဲလုပ်ဖူးတဲ့ ဝန်ထမ်းတွေမဟုတ်ပါဘူး။လွန်ခဲ့တဲ့လကတည်းက covid 19 ကူးစက်ပျံ့နှံ့မှူနှုန်းတွေများလာလို့ ကျွန်ုပ်တို့ ရဲ့  တစ်ကမ္ဘာလုံးက အကြောင်းအရာသုံးသပ်တဲ့ ဆိုက်တွေကို ပိတ်ထားတယ်လို့ကြေညာထားပါတယ်။ကျတော်တို့ ရဲ့ ဖေ့ဘွတ်ခ်ပေါ်က အကြောင်းအရာ သုံးသပ်သူတွေဟာ ၎င်းတို့ရဲ့ နေအိမ်တွေမှာ အလုပ်လုပ်နေကြပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိုးဆုံးသော သတင်းအမှားအကြောင်းအရာတွေဖြစ်တဲ့ ကလေးသူငယ် လုံခြုံမှု နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊အကြမ်းဖက်မှုတွေ၊အန္တရာယ်ရှိအဖွဲ့အစည်းတွေ၊သေကြောင်းကြံစည်မှုတွေ၊ ကိုယ့်ကိုကိုယ်အနာတရဖြစ်စေမှုတွေအပြင် ဒီ Covid 19 ကာလမှာ ဖြစ်နေတဲ့သတင်းအမှားအကြောင်းအရာ တွေကို ဖြုတ်ချဖို့ ဆောင်ရွက်နေကြပါတယ်”လို့ ဆိုပါတယ်။

ဒီထုတ်ပြန်တဲ့အကြောင်းအရာကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က ဖေ့ဘွတ်ခ်ရဲ့ လူထုဆက်ဆံရေး အရာရှိတစ်ဦးဖြစ်တဲ့ Amy ဆီကနေ သိရတာပါ။

 

Fact Check (၄)- သတင်းအမှား စတင်ထုတ်လွှင့်တဲ့ Aung Kyaw Htet ဆိုတဲ့အကောင့်ဟာ John Naing ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ အကောင့်က ဓာတ်ပုံတွေကို ခိုးယူသုံးစွဲထားတာဖြစ်ကြောင်းလည်း စစ်ဆေးတွေ့ရှိရပါတယ်။ 

 

သတင်းမှားပျံ့နှံ့လာတဲ့ အရင်းအမြစ် (၂)

New York မှာရှိတဲ့ ဖေ့ဘွတ်ခ် Team ရဲ့ ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုတဲ့ သတင်းအမှားကို မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနကြီးတစ်ခု ကနေ ယုံကြည်မိပြီး ဧပြီ ၁၃ ရက်နေ့က သတင်းရေးသားဖော်ပြခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့ သတင်းထဲမှာ Facebook Team ရဲ့ စောင့်ကြည့် ရေးအင်ဂျင်နီယာလို့ ကိုယ့်ကိုကိုယ် ပြောထားသူ ဇေယျာလင်းဆိုသူက Aung Kyaw Htet ဆိုတဲ့ ဖေ့ဘွတ်ခ်ဝန်ထမ်းအကောင့်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ အင်တာဗျူးဖြေပါတယ် ။သူဒီလို ကူးစက်ခံရလို့ ဖေ့ဘွတ်ခ် ရဲ့ သတင်းအမှားစောင့်ကြည့်ရေးတွေ၊ဖြုတ်ချရေးတွေဟာ လစ်ဟာခဲ့ရကြောင်း၊စည်းမျဉ်းတွေ ကျိုးပေါက်ပြီ ဖြစ်ကြောင်းသတင်းထောက်ကို အရူးလုပ်ပြီး သတင်းအမှားကိုခပ်တည်တည်နဲ့ အင်တာဗျူးဖြေခဲ့တာပါ။ 

 

Fact Check (၁)- DVB သတင်းဌာနဟာအဲ့ဒီသတင်းကို ဧပြီလ ၁၃ ရက် နံနက်ပိုင်းတုန်းက တင်ခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ အဆိုပါသတင်းဟာ သတင်းအမှားမှန်း သိလို့ သတင်းဌာနက အဲဒီသတင်းကို ဝက်ဘ်ဆိုဒ်ပေါ်ကနေ ဖြုတ်လိုက်ပြီပဲဖြစ်ပါတယ်။ သတင်းအမှားကိုဘာကြောင့်ဖော်ပြမိခဲ့လဲဆို တဲ့အကြောင်းကို DVB ရဲ့ အွန်လိုင်းတာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်သူ ကိုပီတာအောင်က ဟုတ်တယ် Vs မဟုတ်ဘူး ကို အခုလိုမျိုး ဖြေကြားပါတယ်။ 

 

ကျနော်တို့သတင်းတင်လိုက်တဲ့အကြောင်းအရင်းက နယူးယော့ခ်မှာရှိတဲ့ ဖေ့ဘွတ်မြန်မာ Team က လို့သူတို့ကိုယ်သူတို့ပြောတဲ့အကောင့်ကနေ ကျနော်တို့သတင်းထောက်ကို အင်တာဗျူးတွေဖြေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတာမျိုးပေါ့။ အဲ့ဒီအင်တာဗျူးအတိုင်းပဲ ကျနော်တို့က သတင်းဖော်ပြခဲ့တာပါ။ သတင်းကိုဖော်ပြပြီးတော့ ဖေ့ဘွတ်ခ်ရဲ့ မီဒီယာဆက်ဆံရေး အေဂျင်စီကနေကျနော်တို့အယ်ဒီတာအဖွဲ့ကိုဆက်သွယ်လာပြီးတော့ ဒီအင်တာဗျူးဖြေထားတဲ့သူကော ကူးစက်ခံထားရတယ်ဆိုတဲ့သူတွေကောက ဖေ့ဘွတ်ရဲ့ဝန်ထမ်းမဟုတ်ဘူးဆိုတာနဲ့ မြန်မာဝန်ထမ်းတွေက နယူးယော့ခ်မှာမရှိဘူး စင်္ကာပူမှာပဲရှိတယ်ဆိုတာနဲ့ဒီဟာကသတင်းအမှားဆိုတာကို ပြောပါတယ်။ ပြီးတော့ သတင်းကို ဖြုတ်ချပေးဖို့အတွက် တောင်းဆိုပါတယ်။ ကျနော်တို့လည်း အဲ့ဒီမီဒီယာ ဆက်ဆံရေး အေဂျင်စီကိုပြန်ဆက်သွယ်ပြီးတော့ သေချာအောင်ထပ်မေးပြီးတော့ သတင်းအမှားမှန်းသိတော့ ဖြုတ်ချလိုက်ပါတယ်။ အကောင့်အတုမှန်းမသိပဲနဲ့သတင်းထောက်က အင်တာဗျူးပြီးသတင်းလုပ်မိလိုက်တာမျိုးလို့ပြောရင်ရပါတယ်” လို့ ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းကဖြေကြားခဲ့ပါတယ်။  DVB သတင်းဌာနရဲ့ အမှားပြင်ဆင်ချက်ကို ဒီလင့်ခ် မှာသွားဖတ်နိုင်ပါတယ်။ 



Fact Check (၂)-  ဖေ့ဘွတ်ခ်ရဲ့ သတင်းအမှား စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေဟာ သူတို့ကုမ္ပဏီက ခန့်ထားတဲ့ content reviewers တွေနဲ့တင်မကပဲ တစ်ကမ္ဘာလုံးက အချက် အလက်စစ်ဆေးတဲ့အဖွဲ့အစည်းတွေနဲ့ပါ လက် တွဲပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်။ဒါ့ကြောင့်မို့လို့ သတင်းအမှား စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ ကျိုး ပေါက်ပြီလို့ လှည့်ဖျားပြောဆိုထားတဲ့ စကားဟာ လုံးဝမဟုတ်ပါဘူး။ ဖေ့ဘွတ်ခ်နဲ့ အချက်အလက်စစ်ဆေး တဲ့အဖွဲ့အစည်းတွေ ဘယ်လိုအလုပ်လုပ်နေကြလဲဆိုတာကို ဒီလင့်ခ် မှာ ဝင်ဖတ် နိုင်ပါတယ်။

 

Fact Check (၃)  သတင်းဌာနကြီးကို အရူးလုပ်ပြီးအင်တာဗျူးဖြေခဲ့တဲ့ သူ့ကိုယ်သူဖေ့ဘွတ်ခ်မြန်မာအဖွဲ့က လို့ ဖော်ပြခဲ့တဲ့အကောင့်က အခုဆိုရင် ဖေ့ဘွတ်ခ်ပေါ်ကနေ ဖျောက်ထားပြီးတော့ ပေ့ချ်တစ်ခုဖန်တီးပြီး လူတွေကို ထပ်မံလှည့်ဖျားနေပါတယ်။ ဒီပေ့ချ်ကို ဧပြီ ၁၅ ရက်မှာမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီပေ့ချ်မှာဖော်ပြထားတဲ့ ဇေယျာလင်းဆိုတာ ဖေ့ဘွတ်ခ်ရဲ့ ဝန်ထမ်းလုံးဝမဟုတ်ပါဘူး။

သတင်းမှားပျံ့နှံ့လာတဲ့ အရင်းအမြစ် (၃)

Aung Kyaw Htet ဆိုတဲ့ဖေ့ဘွတ်ခ်အကောင့်လိုပဲ ကိုယ့်ကိုကိုယ် Facebook Team က မြန်မာတစ်ဦးလို့ ဖော်ပြထားတဲ့ အကောင့် Hosey Akre ဆိုတဲ့အကောင့် ဟာလည်း  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံး သွားပြီဖြစ်တဲ့အကြောင်း သတင်းမှားတွေဖန်တီးထားတာတွေ့ရပါတယ်။
ဒီအကောင့်ပိုင်ရှင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတယ်ဆိုတာမျိုး ဇာတ်လမ်းတွေကို ကိုယ့်ကိုကိုယ်  မည်သူ မည်ဝါ မဖော်ပြတဲ့ အကောင့်တု ပေါင်းများစွာကနေ တဆင့် ဖန်တီးဖြန့်ဝေနေကြတာဖြစ်ပါတယ်။

Fact Check (၁)- အထက်မှာ စစ်ဆေးထားတဲ့အချက်အလက်တွေအရ Hosey Akre အကောင့်ပိုင်ရှင်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတယ်ဆိုတာလည်း သတင်းအမှားပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဖေ့ဘွတ်ခ်က မြန်မာ ၂ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး တစ်ယောက်က သေဆုံးသွားတယ်ဆိုတဲ့ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ သတင်းအမှားတွေဖြစ်ကြောင်း စာဖတ်သူတွေအနေနဲ့  ဆင်ခြင်မိမယ်ထင်ပါတယ်။

အကောင့်တုပေါင်းများစွာကနေ ဖေ့ဘွတ်ခ်မှာ အလုပ်လုပ်တယ်လို့ ဖော်ပြထားတိုင်း ယုံကြည်လို့မရပါဘူး။
သတင်းရင်းမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။သတင်းအမှားတွေရဲ့ သံသရာ စက်ဝန်းဟာ မီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသားထုတ်ဝေနေတဲ့ သတင်းဌာန တွေအထိတောင် ပေါက်ရောက်ခဲ့တာကိုလည်း တွေ့မြင်နိုင်တာမို့လို့ သတင်းတစ်ပုဒ်ကို ဖတ်ပြီးတိုင်း စဉ်းစားချင့်ချိန်ဖို့လိုသလို အချက်အလက်စစ်ဆေးမှုဟာ လည်း အရေးကြီးပါတယ်။

အကယ်၍ ဒီလို စနစ်တကျ အချက်အလက်မစစ်ဆေးနိုင်ဘူး၊စစ်ဆေးဖို့ အချိန်မပေးနိုင်ဘူးဆိုရင်လည်း  ဟုတ်တယ် vs မဟုတ်ဘူးရဲ့  ChatBot ကိုပေးပို့ပြီး သတင်းတွေကို အမှား/အမှန် လာရောက်မေးမြန်းနိုင်ပါတယ်။သတင်းတစ်ပုဒ်ကို မြင်တိုင်း လွယ်လွယ် Share
မပြုလုပ်ဖို့ကိုတော့ အထူးသတိပေးလိုက်ပါရစေ။