ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အမှားတွေ ကူးစက်ပျံ့နှံ့နေတာ ကို ဘယ်လိုရပ်တန့်နိုင်မလဲ

Source / BBC

အင်တာနက်ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းမှားများက ဖုံးလွှမ်းနေပြီး ကျွမ်းကျင်သူများက လူထု အနေဖြင့် “သတင်းအချက်အလက် သန့်စင်မှန်ကန်ရေး (information hygiene) ” ကို လက်တွေ့ လုပ်ဆောင်ရန် ဆော်သြလျက် ရှိသည်။ သတင်းမှားများ ပျံ့နှံ့ရောက်ရှိနေမှုကို ရပ်တန့်ရန် မိတ်ဆွေ ဘာများ လုပ်နိုင်မည်နည်း။ BBC မှ ရေးသားထားတဲ့ ဆောင်းပါး ကို ဘာသာပြန် တင်ပြပေးလိုက်ပါတယ် ။

၁။ ရပ်တန့်ပါ ပြီးနောက် စဉ်းစားပါ

သင်က သင့် မိသားစုနှင့် သူငယ်ချင်းများကို ကူညီချင်သလို သူတို့ကို ညွှန်ကြားချက်ထဲအတိုင်း နေစေချင် သည်။ ထို့ကြောင့် Facebook, Twitter, WhatsApp နှင့် Email စသည်တို့မှ သင် လက်ခံရရှိသည့် အကြံဉာဏ် သစ်များကို သူတို့ထံသို့ လျင်လျင်မြန်မြန် လက်ဆင့်ကမ်းခြင်း (Forward) ကို သင် ပြုလုပ်မိပေမည်။

သို့ပေမဲ့ ကျွမ်းကျင်သူများ အဆိုအရ ပထမဆုံး သင်လုပ်ရမည့်ကိစ္စကတော့ သတင်းမှားများ ပေးမိခြင်းကို ရိုးရှင်းစွာ ရပ်တန့်ပြီး စဉ်းစားကြည့်ရန် ဖြစ်သည်။

အကယ်၍ သင်အနေဖြင့် သတင်းများ မှန်မမှန် သံသယံရှိပါက သတင်းများလက်ဆင့်ကမ်းခြင်းကို ဆိုင်းငံ့ ပြီး ထိုသတင်းများ မှန် မမှန်ကို ထပ်မံ စစ်ဆေးအဖြေထုတ်ပါ။

 

၂။ သင့်ရရှိသည့် သတင်းရင်းမြစ်ကို စစ်ဆေးပါ

သတင်းများကို လမ်းဆင့်ကမ်းခြင်း မပြုလုပ်မီ ထိုသတင်းများ မည်သည့်နေရာက လာသလဲဆိုသည့် အခြေခံ ကျသည့် မေးခွန်းတချို့ကို မေးမြန်းစုံစမ်းကြည့်ပါ။

အကယ်၍ သတင်းရရှိသည့် ရင်းမြစ်သည် “သူငယ်ချင်းရဲ့ သူငယ်ချင်း” (သို့) “ငါ့အဒေါ် လုပ်ဖော်ကိုင်ဖက် ရဲ့  အိမ်နီနားချင်း” စသည်ကဲ့သို့ ဖြစ်နေပါက ဘေးအန္တရာယ်ရှိကြောင်း အလံနီထောင်ပြ ရန်သာ ရှိသည်။

ယခုပဲ ကျွန်ုပ်တို့သည် “တစ်စုံတစ်ဦး၏ မဟာဘွဲ့ရထားသည့် ဦးလေး၏ အထင်မှားစေသည့် အရေး အသား post တစ်ခုသည် မည်ကဲ့သို့ ကူးစပ်ပျံ့နှံ့သွားလဲ” ဆိုသည်ကို ခြေရာကောက်ခဲ့သည်။

ထို အရေးအသား post တွင် ပါဝင်သည့် အချက်အလက် အသေးစိတ်တချို့သည် တိကျသေချာပါသည်။ ဥပမာ – ရောဂါပိုးမွှား ကူးစက်ပျံ့နှ့မှုကို  လျှော့ချရန် လက်ကို ဆေးကြောဖို့ရန်ကဲ့သို့ သော အမြင်မျိုးကို တိုက်တွန်း ထားသည်။ သို့သော် ဖျားနာမှုကို မည်ကဲ့သို့ ကုသနိုင်သည်ဆိုသည့် အထောက် အထားမပြနိုင်သည့် ပြောဆိုချက်များလည်း ပါဝင်သည့်အတွက် ထို အချက်အလက်များမှာ အန္တရာယ်ဖြစ်စေ နိုင်ခြေ ရှိနေသည်။ “ယုံကြည် စိတ်ချရသည့် သတင်းအချက်အလက် ရင်းမြစ်များမှာ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှုဌာနများ (National Health Services- NHS)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) (သို့) အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနများ (Centers for Disease Control and Prevention in USA) [ယခုဌာနများကို အမေရိကန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံများတွင် ထိုကဲ့သို့ ခေါ်ဆိုပြီး မြန်မာနိုင်ငံတွင် ဗဟိုကူးစက်ရောဂါ ထိန်း ချုပ်ရေးဌာန (Central Epidemiological Unit] နှင့် လုပ်ငန်းသဘာဝတူပါသည်။ ဘာသာပြန်သူမှတ်ချက်] စသည့် ပြည်သူ့ ကျန်းမာရေး ကိုယ်ထည်များ ဖြစ်ပါတယ်” ဟု ဗြိတိန်အခြေစိုက် Full Fact အချက်အလက် ရှာဖွေ စစ်ဆေး ရေး အဖွဲ့အစည်း၏ လက်ထောက်အယ်ဒီတာ ကလယ်ရာ မီလ်န် (Claire Milne) က ဆိုသည်။

ကျွမ်းကျင်သူများသည်လည်း လုံးဝဥဿုံ မမှားကြသူများ မဟုတ်ကြပါ။ သို့သော် သူတို့သည် WhatsApp ပေါ်က ကိုယ်မသိသည့် သူစိမ်းတစ်ဦး၏ ဆွေမျိုး ဆိုသူတွေထက်တော့ ပို၍ စိတ်ချယုံကြည်ရ ပါသည်။

 

၃။ သတင်းမှားဖြစ်နိုင်လား။

ပြင်ပပုံသဏ္ဍာန်တို့သည် လှည့်စားနိုင်သည်။

အစိုးရနှင့် BBC News အပါအဝင် အာဏာပိုင်များနှင့် တရားဝင်စာမျက်နှာများ (official accounts) ကို တုပ၍ အတုပြုလုပ်ခြေရှိသည်။ Screenshots များကို ယုံကြည်ရသော လူထုအစုအဝေးဆီမှ လာသည့် သတင်း အချက်အလက်များအဖြစ်သို့ ပြောင်းလဲနိုင်သည်။

ကိုယ် သိရှိထားပြီးသား နှင့် စစ်ဆေးအတည်ပြုနိုင်သည့် အကောင့်များ (accounts) နှင့် ဝက်ဆိုက်များကို တိုက်ဆိုင် စစ်ဆေးပါ။ အကယ်၍ သင်သည် သတင်းအချက်အလက်များကို လွယ်လင့်တကူ ရှာမတွေ့သော် ထို သတင်းအချက်အလက်သည် လှည့်ကွက် လှိမ့်လုံးတစ်ခု ဖြစ်နိုင်သည်။ အရေးအသား Post တစ်ခု၊ ဗီဒီယို သို့မဟုတ် Link တစ်ခုသည် မသင်္ကာဖွယ်ရာ ပုံပေါက်ပါက သတင်းမှားဖြစ်ရန် သေချာ သလောက်ပင် ဖြစ်၏။

Full Fact မှ ကလယ်ရာ မီလ်န်၏ အဆိုအရ အင်္ဂလိပ်စာလုံးကြီး (Capital letters) နှင့် အဆီအငေါ် မတည့်သည့် ပုံနှိပ်စာလုံးပုံများဖြင့် ရေးသားထားသည့် အရေးအသား Post များသည် အထင်အမြင်မှားစေ သည့် အရေး အသား post တစ်ခုအနေဖြင့် အချက်အလက် စောင့်ကြည့် စစ်ဆေးသူများ (fact-checkers) က အညွှန်းအဖြစ် အသုံးပြုကြသည်။

 

၄။ မရေရာတာပဲဖြစ်ဖြစ် မှန်ကန်တာပဲ ဖြစ်ဖြစ်၊ ပြန်ပြီး မမျှဝေပါနှင့်

ဒီသတင်းမှန်လောက်ပါတယ် ဆိုပြီး လိုလိုမယ်မယ်သဘောမျိုးနှင့်လည်း သတင်းများကို လက်ဆင့် ကမ်းခြင်း မပြုလုပ်ပါနှင့်။ သင့် ထိုအပြုအမူသည် ကောင်းတာဖြစ်ဖို့ထက် ထိခိုက်နစ်နာမှုဖြစ်ဖို့သာ ပိုများ၏။

ဆေးဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်များ (သို့) ဆရာဝန်များကဲ့သို့သော ကျွမ်းကျင်ပညာရှင်များရှိသည်ကို ကျွန်ုပ်တို့ သိနေသည့် နေရာများ (Facebook Group များ၊ Messenger Group များ) ထဲတွင် ကျွန်ုပ်တို့က မကြာ ခဏ ဝင်ရောက် ရေးသား မျှဝေလေ့ရှိသည်။ ထိုကိစ္စသည် OK နိုင်ပါသော်လည်း သင့်အနေဖြင့် သံသယရှင်းရှင်း ဖြစ်အောင် သေသေချာချာ လုပ်ဆောင်ပါ။ ပြီးနောက် သင်မျှဝေလိုက်သည့် ဓာတ်ပုံ (သို့) အရေးအသားသည် နောင် တွင် သင်မျှဝေထားသည့် မူရင်းအခြေအနေမှ ဖယ်ခွာထုတ်နိုင်ကြောင်း သတိထားရန်လိုပါသည်။

 

၅။ အချက်အလက်တစ်ခုစီကို တစ်ဦးတည်း သီးခြား စစ်ဆေးပါ

WhatsApp ပေါ်မှာ အဆင့်ဆင့်ပျံ့နှံ့နေသည့် အသံမှတ်တမ်း (Voice note) တစ်ခု ရှိနေသည်။ ထို မှတ်တမ်းထဲမှာ အသံသွင်းထားသူ အမျိုးသမီးက “သူ့လုပ်ဖော်ကိုင်ဖက်၏ ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေသည့် သူငယ် ချင်း ဆရာဝန်၏ အကြံပြုချက်များကို ကျွန်မ ဘာသာပြန်ပေးထားတာပါ” ဟု ဆိုထားသည်။

သို့သော် ထိုအကြံပြုချက်များတွင် တိကျမှန်ကန်မှုရှိခြင်း နှင့် တိကျမှန်ကန်မှု မရှိခြင်းတို့ ရောနေသည်။

သင့်အနေဖြင့် ရှည်လျားသည့် အကြံပြုချက် စာရင်းမှတ်တမ်း တစ်ခုကို ရရှိသည့်အခါ ထိုမှတ်တမ်းတွင် ပါဝင်သည်တို့ကို အလွယ်တကူ ယုံကြည်မိတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော ထိုမှတ်တမ်းများထဲမှ တစ် ချက်လောက်ကတော့ (ဥပမာ လက်ကို သေချာဆေးကြောပါ ဆိုကြပါစို့) မှန်ကန်နေသည်ကို သင်က သိရှိနေသော ကြောင့် ဖြစ်သည်။

သို့ပေမဲ့ ထိုအရာသည် အကုန်မှန်သည့် အခြေအနေ မဟုတ်ပေ။

 

၆။ စိတ်လှုပ်ရှားထိခိုက်လွယ်သော အရေးအသား Post များကို ဂရုပြုပါ

ပျော်ရွှင်ဖွယ်၊ စိုးရိမ်ဖွယ်၊ အမျက်ဒေါသထွက်ဖွယ် (သို့) ပူပင်ကြောက်ရွံ့ဖွယ်တို့ကို ခံစားရစေသည့် အရာ များသည် ကူးစက်ပျံ့နှံ့စေလေ့ရှိသည်။

“ပူပင်ကြောက်ရွံ့ခြင်းက သတင်းမှားများကို ရှင်သန်စေရန် ခွင့်ပြုပေးသည့် အကြီးမားဆုံးမောင်းနှင်အား များထဲက တစ်ခုဖြစ်ပါတယ်” ဟု စာနယ်ဇင်းသမားများကို အွန်လိုင်းသတင်းမှားရှင်းလင်းရေး ကူညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် First Draft မှ ကလယ်ရာ ဝါဒယ် (Claire Wardle) က ဆိုသည်။

အရေးပေါ်ဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်များသည် စိုးရိမ်ပူပန်မှုများကို တိုးမြှင့်စေတတ်သောကြောင့် အလေးထားပါ။

လူတွေက သူတို့ချစ်ခင်ကြသူများကို လုံလုံခြုံခြုံနေထိုင်ဖို့ ကူချင်ကြတယ်၊ ဒါကြောင့် သူတို့က ကူးစက် ရောဂါ ကာကွယ်နိုင်တဲ့ သတင်းလေးတွေ ဒါမှမဟုတ်  ဒီကျန်းမာရေးဖြည့်စွက်စာကို စားပါ စသဖြင့် တွေ့တဲ့အခါ လူတွေက သူတို့ ကူနိုင်တာကို ဘာပဲဖြစ်ဖြစ် လုပ်ချင်ကြတယ်” လို့ သူက ဆိုသည်။

 

၇။ တစ်ဖက်ဖက်သို့ ယိမ်းခြင်း၊ ဘက်လိုက်တတ်ခြင်းကို စဉ်းစားသုံးသပ်ပါ 

သင် တစ်ခုခုကို ပြန်လည် မျှဝေခြင်း (Share) သည် မှန်ကန်တယ်လို့ သင်သိရှိနေလို့လား၊ ဒါမှမဟုတ် သင် နှင့် သဘောထားတူလို့လား။

ဆိုရှယ်မီဒီယာကို စိစစ်လေ့လာအကဲဖြတ်သည့် စင်တာတစ်ခုဖြစ်သော အကြံပေးအဖွဲ့ Demos မှ သုတေသန ဒါရိုက်တာ ကားလ် မီလ်လာ (Carl Miller) က “ကျွန်တော်တို့ထဲမှာ ရှိနေပြီးသား ယုံကြည်ထားမှုများကို အားပေး ထောက်ခံတဲ့ post တွေကို ပြန်ပြီး မျှဝေရတာကို ကျွန်တော်တို့က ပိုကြိုက်လေ့ရှိတယ်” ဟု ဆိုသည်။

“ကျွန်တော်တို့ အားအငယ်ဆုံးအချိန်မှာ ကျွန်တော်တို့ ခေါင်းငိုက်စိုက်ချပြီး စိတ်ဆိုးကြတယ်”လို့ သူက ပြောသည်။

“ဒါကြောင့်ပဲ အားလုံးထက် အရေးကြီးတာက ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ  လုပ်ဆောင်သမျှ အားလုံးကို အရှိန်လျှော့ဖို့ လိုအပ်ပါတယ်”