ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ သတင်းအမှားတွေက ကမ္ဘာတစ်ဝှမ်းလုံးက လူမှုမီဒီယာတွေပေါ် မှာ အများအပြားပျံ့နှံ့နေပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ Messenger bot ကို လာရောက်မေးမြန်းမှုအရမ်း များခဲ့တဲ့ သတင်းတစ်ခုကို အချက်အလက်စစ်ဆေးပြီးတဲ့နောက်မှာတော့ သတင်းအမှားဖြစ်ကြောင်းကို အားလုံးသိအောင်ပြန်လည်ဖော်ပြလိုက်ပါတယ်။
အဲ့ဒီသတင်းကတော့ “ အီတလီ နိုင်ငံရဲ့ အခြေအနေ.. ဆေးရုံတွေပေါ် ထားစရာ နေရာ မရှိတော့လို့ လမ်းတွေပေါ်ထားထားရတယ် ဆိုတဲ့ခေါင်းစဉ်နဲ့ အတူ သတင်းအမှားဖန်တီးထားတာဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားကို Instant Article လို့ခေါ်တဲ့ ပလက်ဖောင်းကနေတဆင့် သတင်းအမှားတွေဖြန့်ပြီး ပိုက်ဆံရှာနေတဲ့သူတွေက Group တွေမှာလိုက် share တဲ့ အတွက် ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။
အဲ့ဒီသတင်းကိုအချက်အလက်စစ်ဆေးကြည့်ရာမှာတော့ မတ်လ ၂၂ ရက်က ခရိုအေးရှားနိုင်ငံ ဇာဂရက်မြို့မှာ လှုပ်ခဲ့တဲ့ ငလျင် ပုံတွေကို အသုံးပြုထားပြီးတော့ အီတလီနိုင်ငံမှာ ဖြစ်ပွားသယောင် သတင်းအမှားပြုလုပ်ဖန်တီးထားတာဖြစ်တဲ့အကြောင်းကို စိစစ်နိုင်ခဲ့ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်
အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကို မယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ယုံကြည်သင့်ပါတယ်။
မိတ်ဆွေအနေနဲ့ အခုသတင်းအမှားလိုပဲ တခြားဒေသတွေမှာဖြစ်ပျက်ခဲ့တဲ့ပုံတွေ ဗီဒီယိုတွေကိုအသုံးပြထားတဲ့ သတင်းအမှားတွေ အကြောင်းကို သတိပြုမိတယ်ဆိုရင်ပဲ ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေက ကျေနပ်ဝမ်းမြောက်နေမှာပါ။
သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။