ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကာလတွေမှာ လူမှုမီဒီယာတွေပေါ်မှာ သတင်းအမှားတွေအများအပြားထွက်ပေါ်နေ ပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေက နေ့စဉ် သတင်းအမှားတွေကို အချိန်ပြည့်စောင့်ကြည့် ပြီး အန္တရာယ်ကြီးမားတဲ့သတင်းအမှားတွေကို တန်ပြန်မှုတွေ လုပ်နေပါတယ်။
ဒီတစ်ခါမှာ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ Facebook ပေါ်မှာပျံ့နှံ့နေတဲ့ သက်ရင်းကြီးပင်က ကိုရိုနာဗိုင်းရပ်စ်ပျောက်တယ်ဆိုတဲ့ လွဲမှားနေတဲ့ ကျန်းမာရေးဆိုင်ရာသတင်းအမှားကို အချက်အလက်စစ်ဆေး ခဲ့ပါတယ်။အဲ့ဒီသတင်းအမှားကို ပြန်လည်မျှဝေသူပေါင်းက ၅၅၀၀ ကျော်ရှိနေပြီး ဒေသန္တရ Facebook group တွေမှာ ပါ ပျံ့နှံ့နေတဲ့အတွက် အချက်အလက်စစ်ဆေးပြီး သတင်းအမှားမှန်းသက်သေပြရတာဖြစ်ပါတယ်။
ဒေသန္တရ Facebook group တွေမှာ ပါ ပျံ့နှံ့နေတဲ့သတင်းအမှား
လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ပျောက်ဆေးကို မထုတ်လုပ်နိုင်သေးပါဘူး။ ကမ္ဘာ့ဆေးသိပ္ပံပညာရှင်တွေကိုယ်တိုင် နေ့မအားညမအား သုတေသနပြုပြီး ဆေးထုတ်လုပ်ဖို့လုံးပန်းနေတဲ့ အချိန်ပဲရှိပါသေးတယ်။ ဒါကြောင့် ပျံ့နှံ့နေတဲ့ သက်ရင်းကြီးပင်က ကိုရိုနာဗိုင်းရပ်စ်ပျောက်တယ်ဆိုတာ သတင်းအမှားဖြစ်ကြောင်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်
Claim request | သက်ရင်းကြီးပင်က ကိုရိုနာဗိုင်းရပ်စ်ပျောက်တယ်ဆိုတာဟုတ်ပါသလား
Fact check | ၁၀၀ ရာခိုင်နှုန်းသတင်းအမှားဖြစ်ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်
သက်ရင်းကြီးပင်က ကိုရိုနာဗိုင်းရပ်စ်ပျောက်ကင်းတယ်ဆိုတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဦးဆောင်ကျန်းမာရေး ဝဘ်ဆိုက်ဒ်ဖြစ်တဲ့ Hello ဆရာဝန် ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဒေါက်တာသူရိန်လှိုင်ဝင်းကလည်း
“အခုထိကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ပျောက်ကင်းတယ်ဆိုတဲ့ဆေး ဘယ်မှာမှ အတည်ပြုသေးဘူး။ အခု သက်ရင်းကြီးပင်က ဗိုင်းရပ်စ်ပျောက်တယ်ဆိုတာကလည်း ဘယ်မှာမှ သုတေသနပြုစမ်းသပ်ထားတာမရှိဘူး။ စမ်းသပ်ထားတာမရှိတော့ အတည်ပြုစရာကိုမလိုဘူး။ စမ်းသောက်လို့ အဆိပ်သင့်တာတွေဘာတွေလည်း ရှိလာနိုင်တယ်။သေချာတာက ဘယ်လိုမှ ပျောက်ကင်းစရာအကြောင်းမရှိပါဘူး” လို့ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ ဆက်သွယ်မေးမြန်းချက်ကိုပြန်လည်ဖြေဆိုခဲ့ပါတယ်။
အထက်ပါအချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင်တော့ လူမှုမီဒီယာမှာပျံ့နေတဲ့ သက်ရင်းကြီးပင်က ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ပျောက်ကင်းတယ်ဆိုတာက လွဲမှားနေတဲ့ကျန်းမာရေးဆိုင်ရာ/ဆေးပညာဆိုင်ရာ သတင်းအမှားဖြစ်တဲ့ အတွက် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် လူမှုမီဒီယာအသုံးပြုသူတွေအနေနဲ့ ဒီလိုမျိုးကျန်းမာရေးဆိုင်ရာ/ဆေး ပညာဆိုင်ရာသတင်းအမှားမျိုးတွေဆိုရင် ယုံကြည်ပြီး သောက်သုံးဖို့ ရှောင်ရှားသင့်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်းပြုမူနေထိုင်ကြဖို့ ဟုတ်တယ် Vs မဟုတ်ဘူးက အကြံပြု လိုက်ပါတယ်။