Fact Check | အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်းငိုကြွေးတယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကြောင့် လူတွေစိုးရိမ်မှု မြင့်တက်နေတာနဲ့အမျှ လူမှုမီဒီယာတွေပေါ်မှာလည်း သတင်းအမှားတွေက ပိုမိုပျံ့နေပါတယ်။ အခုဒီတစ်ခါ ဟုတ်တယ် Vs မဟုတ်ဘူး က အချက်အလက်စစ်ဆေးခဲ့တဲ့ သတင်းကတော့ လူမှုမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်း ငိုကြွေးတယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ အဲ့သတင်းကို အချက်အလက် စစ်ဆေးပြီးတဲ့နောက်မှာတော့ သတင်းအမှားဖြစ်ကြောင်း သက်သေပြလိုက်ပါတယ်။ 

သတင်းအမှားဖြစ်ကြောင်းဘယ်လိုသက်သေပြမလဲ

 

  • ပျံ့နှံ့နေတဲ့ သတင်းမှာပါဝင်တဲ့ အီတလီဝန်ကြီးချုပ် ငိုကြွေးနေတယ်ဆိုတဲ့ပုံကို Yandex Reverse Image Search နဲ့ ရှာဖွေ စစ်ဆေးလိုက်တဲ့အခါမှာတော့ အဲ့ဒီပုံက အီတလီဝန်ကြီးချုပ် Giuseppe Conte မဟုတ်ပါဘူး။ ဘရာဇီးသမ္မတ Jair Bolsonaro ရဲ့ ပုံဆိုတာသိရပါတယ်။ အီတလီဝန်ကြီးချုပ်ရဲ့ တွစ်တာအကောင့်က ဒီလင့်ခ် မှာပါ။ ဘရာဇီးလ်သမ္မတရဲ့ တွစ်တာ အကောင့်ကဒီလင့်ခ် မှာပါ။ 
  • ဘရာဇီးလ်သမ္မတငိုကြွေးရတဲ့အကြောင်းအရင်းက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ဘရာဇီးလ်ဖက်ဒရယ်အစိုးရရုံးခွဲ Palácio do Planalto  မှ ကျင်းပခဲ့တဲ့ ခရစ္စမတ်အတွက် ကျေးဇူးတော်ချီးမွမ်းတဲ့အခမ်းအနားမှာ မိန့်ခွန့်ပြောရင်း သူ့မိသားစုနဲ့ ၇နှစ်အရွယ်သူ့သမီးလေးတို့ရဲ့ ခက်ခဲခဲ့တဲ့ ကာလတွေကို ပြန်လည်အောက်မေ့ရင်း မျက်ရည်ကျခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဗီဒီယိုဖိုင် မူရင်းကို ဒီလင့်ခ် ကနေသွားရောက်ကြည့်ရှုနိုင်ပါတယ်။ ကြာမြင့်ချိန် ၁မိနစ်လောက်မှ သမ္မတဟာ မျက်ရည် ကျနေတာကို မြင်တွေ့ရပါလိမ့်မယ်။
  • ဒီအကြောင်းအရင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တုန်းက ဘရာဇီးလ် သတင်းဌာနတစ်ခုဖြစ်တဲ့ poder360 က သတင်း ဖော်ပြခဲ့ဖူးပါတယ်။ ဒီလင့်ခ် ကနေသွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

မူရင်းသတင်း

 

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း အဆင့်ဆင့် စစ်ဆေးပြီးတဲ့အခါမှာတော့ လူမှုမီဒီယာတွေမှာပျံ့နှံ့နေတဲ့ အီတလီဝန်ကြီးချုပ် ငိုကြွေးတယ်ဆိုတာ သတင်းအမှားဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။ လူမှုမီဒီယာ တွေပေါ်မှာ စိတ်ခံစားမှုထိရှလွယ်တဲ့ သတင်းတွေတွေ့မယ်ဆိုရင် သေသေချာချာစိစစ်ပြီး ယုံကြည်ဖို့ လိုအပ်ပါတယ်။ သတင်းအမှားဖန်တီးသူတွေဟာ တခြားနေရာ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ပုံတွေ ဗီဒီယိုတွေကို အသုံးပြုပြီး လက်ရှိဖြစ်ပျက်နေသယောင် လှည့်စားတတ်တဲ့အတွက် သတိပြုပြီး သတင်းတွေကို ဖတ်ရှုယုံကြည်ဖို့လည်းလိုပါတယ်။

 

အရေးပေါ်အခြေအနေတွေမှာ လူမှုမီဒီယာတွေပေါ်မှာ ပျံ့နှံ့တတ်လေ့ရှိတဲ့ သတင်းတွေကို အမှား/အမှန် စစ်ဆေးလို့ရမယ့် အကြံပြုချက်  နည်းလမ်း ၁၀ခုကို ဟုတ်တယ် Vs မဟုတ်ဘူး ကနေ ပြန်လည်ဝေမျှပေးချင်ပါတယ်။ ဒီလင့်ခ် မှာ သွားရောက် ဖတ်ရှု လေ့လာကျင့်သုံးပြီး ကိုယ်တိုင် သတင်းအမှား တွေကို အမိဖမ်းနိုင်ပါတယ်။ 

 

တကယ်လို့သတင်းအမှား/အမှန်ကိုခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ်Vs မဟုတ်ဘူး ရဲ့ Messenger bot ကို ကိုယ်မေးမြန်းလိုတဲ့ သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screen shot ကိုပေးပို့မေးမြန်းနိုင်ပါတယ်။