Social Media ပေါ်က Screenshot တွေကိုဘာကြောင့်မယုံကြည်သင့်လဲ

Photo:shutterstock

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ ကျန်းမာရေးအတွက် တပ်လှန့်ထားတဲ့အချိန်တွေမှာ လူမှုမီဒီယာတွေပေါ်မှာလည်း သတင်းအမှားတွေက လူတွေကိုမြွေပူရာကင်းမှောက်ဖြစ်စေခဲ့ပါတယ်။ ကူးစက်မှုနှုန်းမြန်ဆန်တဲ့ ဗိုင်းရပ်စ်ကိုလူတွေက စိုးရိမ်ထိတ်လန့်နေတဲ့အတွက် သတင်းအမှားတွေကလည်း ပိုပြီး မြန်မြန်ဆန်ဆန်ကို ပျံ့နှံ့လာပါတော့တယ်။

နိုင်ငံတကာအချက်အလက်စစ်ဆေးသူတွေရဲ့တွေ့ရှိချက်အရဆိုရင် Social Media တွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲံ့ပတ်သက်တဲ့ သတင်းအမှားတွေပျံ့နှံ့မှုမြင့်တက်လာမှုမှာ လူတွေကို လှည့်ဖျားထားတဲ့ Screenshot အတုနဲ့ သတင်းအမှားတွေကလည်းအဓိကနေရာကပါဝင်နေပါတယ်။ ဒါကြောင့် လူမှုမီဒီယာပေါ် မှာ မယုံကြည်သင့်တဲ့ အထဲမှာ Screenshot တွေလည်းပါဝင်ပါတယ်။

Screenshot တွေက ဘာကြောင့်အန္တရာယ်များတာလဲ 

အခုလိုမျိုးကူးစက်ရောဂါအကျပ်အတည်းကာလတွေမှာ လူသေဆုံးမှုတွေနဲ့ ရောဂါကူးစက်မှုနှုန်းတွေအပါအဝင်  သတင်းအချက်အလက်တွေက အချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ လူမှုမီဒီယာပေါ်မှာလည်းချဲ့ကားထားတဲ့ သတင်းတွေ၊ သတင်းအမှားတွေ၊ လှည့်ဖျားထားတဲ့ သတင်းတွေအများအပြားရှိနေပါတယ်။ သတင်းအမှားဖန် တီးသူတွေဟာ သာမာန်အချိန်မှာတောင် Screenshot အတုတွေကိုဖန်တီးပြီးသတင်းအမှားပြုလုပ်လေ့ရှိတတ် ကြပါတယ်။ အခုလိုမျိုးကာလမှာ Screenshot အတုတွေကိုဖန်တီးပြီး သတင်းအမှားဖြန့်ရင်ပိုပြီးတော့ ထိရောက်လေ့ရှိပါတယ်။ သတင်းအမှားဖန်တီးသူတွေဟာ အယောင်ဆောင်ဖန်တီးထားတဲ့ Screenshot တွေကို ပိပိရိရိသေသေသပ်သပ်လုပ်ဆောင်လေ့ရှိပါတယ်။ 

ဖန်တီးထားတဲ့ Screenshot အတုတစ်ခု

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မကြာသေးခင်က တရုတ်နိုင်ငံမှာလည်း Screenshot အတုတစ်ခုကြောင့်သတင်းအမှားတစ်ပျံ့ခဲ့ဖူးပါတယ်။ တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencentက လုပ်ထားတဲ့ disease tracker ကို ပြုပြင်ဖန်တီးထားတဲ့ Screenshot အတုတစ်ခုကို လူတွေက အစစ်အမှန်ထင်ပြီး  လူမှုမီဒီယာ ပေါ်မှာဖြန့်ဝေရင်းသတင်းအမှားစက်ဝန်းကြီးလည်ပတ်ခဲ့ပါတော့တယ်။
မူရင်း Tencent က တရားဝင်ထုတ်ပြန်ထားတဲ့ websiteထဲမှာ ဖော်ပြထားတဲ့ လူသေဆုံးသူဦးရေနဲ့ ရောဂါကူးစက်သူဦးရေထက် ပြုပြင်ဖန်တီးထား တဲ့ Screenshot အတုရဲ့ လူသေဆုံးသူဦးရေနဲ့ ရောဂါကူးစက်သူဦးရေက ပိုမိုများပြားနေတာပါ။  ဒါပေမယ့် အဲ့ဒီ Screenshot သတင်းအတုဟာလျှင်လျှင်မြန်မြန်ပဲ လူမှုမီဒီယာပေါ်မှာပျံ့နှံ့သွားပြီးတော့ တရုတ်နိုင်ငံပြင်ပက သတင်းဌာနတစ်ချို့ကပါ ဒီဟာကို သတင်းထဲမှာပြန်လည်ဖော်ပြခဲ့ကြပါတယ်။ ဒါဟာScreenshot အတုကြောင့် သတင်းအမှားပျံ့နှံ့ခဲ့တဲ့ဖြစ်စဉ်ထဲက တစ်ခုပါ။  ဒီလင့်ခ် မှာ အဲ့ဒီအကြောင်းကို ဝင်ဖတ်နိုင်ပါတယ်။ 

 

Screenshot ကို ဖန်တီးရတာလွယ်ကူပြီး လူတွေကို ယုံကြည်ဖို့လှည့်ဖျားရတာလွယ်ကူတယ်

အင်တာနက်အသုံးပြုသူတိုင်းလိုလို Screenshot ကိုပြုလုပ်တတ်ပါတယ်။ ဖုန်းနဲ့ပဲဖြစ်ဖြစ် ကွန်ပျုတာနဲ့ပဲဖြစ် ဖြစ် ဖန်တီးလို့လွယ်ကူပါတယ်။ မြန်မာနိုင်ငံမှာလည်း Facebook ပေါ်မှာ Screenshot တွေနဲ့သတင်းတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုမျိုး Screenshot တွေနဲ့သတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်ကြဖို့လိုအပ် ပါတယ်။ လူတွေက စိတ်ခံစားမှုကို လှုပ်ခတ်စေတဲ့သတင်းတွေကိုဆိုရင် လွယ်လွယ်လေးနဲ့ ယုံကြည်လေ့ရှိတဲ့ အတွက် Screenshot အတုဖန်တီးတဲ့သူတွေက လူတွေယုံကြည်လောက်မယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ မီဒီယာ စတာတွေကို အသုံးချပြီး သတင်းအမှားကို Screenshot နဲ့ဖန်တီးတတ်ကြတဲ့အတွက် Social media တွေပေါ်က Screenshotတွေကို ဘယ်တော့မှ အလွယ်တကူမယုံကြည်ဖို့တိုက်တွန်းပါတယ်။

အနည်းဆုံး တော့ Screenshot ထဲက အကောင့် ဒါမှမဟုတ် စာမျက်မှာ၊ ဝဘ်ဆိုက်ဒ် စတာတွေကို သွားရောက်ကြည့်ရှု စစ်ဆေးဖို့လိုအပ်ပါတယ်။ တကယ်လို့ မတွေ့ခဲ့ရင်တောင် သံသယဖြစ်ဖွယ်အချက်အလက်တွေပါဝင်နေ တယ်ဆိုရင်သတိထားပြီး ယုံကြည်ဖို့လိုအပ်ပါတယ်။ Screenshot အတုဖန်တီးသူတွေက မူရင်းတင်ထားတဲ့ အရင်းအမြစ်က ဖျက်ပစ်လိုက်ပြီ  ဆိုတာမျိုးနဲ့ လူတွေကိုလှည့်ဖျားနိုင်ပါတယ်။ လတ်တလောမကြာသေးခင် ကပဲ တွစ်တာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ Screenshot အတုတစ်ခုကိုလူတွေက ယုံကြည်ပြီးပြန်လည်မျှဝေခဲ့ကြပါသေး တယ်။ အဲ့တာကတော့ ဆေးခြောက်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ်ဆိုတဲ့ သတင်းကို အတုလုပ်ပြီး ဖန်တီးထားတဲ့ Screenshot ပါ။ အဲ့ဒီ သတင်းက အမှားဖြစ်သလို Screenshot ကလည်း အမှားပါ။ ဒီလင့်ခ် မှာ Fact check လုပ်ထားတာကို ဝင်ဖတ်နိုင်ပါတယ်။

 

ဖန်တီးထားတဲ့ Screenshot အတုတစ်ခု

Screenshot တွေနဲ့ဖော်ပြလာတဲ့သတင်းတွေက မူလရင်းမြစ်ကို ထောက်လှမ်းရတာခက်ခဲပါတယ်

လူမှုမီဒီယာပေါ်မှာ ထွက်ပေါ်လာတဲ့ Screenshot သတင်းတွေဟာ အဆင့်ဆင့်ပြန်လည်ဝေမျှကြတဲ့အတွက် မူလအရင်းမြစ်ကို ရှာဖွေနိုင်ဖို့အတွက် ခက်ခဲသွားပါတယ်။ Screenshot အတုကို တမင်ရည်ရွယ်ချက် ရှိရှိ ဖန်တီးခဲ့ပြီဆိုရင် မူလအရင်းအမြစ်ကို ဘယ်တော့မှ တွေ့မှာမဟုတ်တော့ပါဘူး။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း မူရင်းတင်ထားတဲ့အရင်းအမြစ်က ဖျက်ပစ်လိုက်နိုင်တယ် ဆိုတာမျိုးနဲ့ မူရင်း သတင်းကို ခြေရာခံမှုကိုဖျောက်ပစ်လိုက် နိုင်ပါတယ်။ ဒါကြောင့် လူမှုမီဒီယာမှာ Screenshot သတင်းတွေကို မြင်ရင် သတိထားဖို့လိုအပ်ပါတယ်။ 

Facebook မှာပျံ့နှံ့ခဲ့တဲ့ Screenshot သတင်းအမှားတစ်ခု

 

ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်သူတွေအနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း Social Media တွေပေါ်မှာ Screenshot တွေက ဘာကြောင့် အန္တရာယ်များလဲ မယုံကြည်သင့်လဲဆိုတာသိပြီဆိုရင်တော့ လူမှုမီဒီယာတွေ ပေါ်က Screenshot တွေနဲ့တင်လာတဲ့ သတင်းတွေကို ဂရုစိုက်ဖတ်ရှုဖို့နဲ့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း အလွယ်တကူမယုံကြည်ဘဲ မူရင်းအရင်းအမြစ်တွေကိုသွားရောက်စစ်ဆေးဖို့အတွက်တိုက်တွန်းပါတယ်။ သတင်းအမှားအမှန်ကို လွယ်လွယ်ကူကူ စစ်ဆေးဖော်ထုတ်နိုင်မယ့် နည်းလမ်း ၁၀ ခုကို ဒီလင့်ခ် မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။