ကိုရိုနာဗိုင်းရပ်စ် သတင်းမှားတွေ စစ်ဆေးနိုင်မယ့် နည်းလမ်း ၇သွယ်

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေသလိုပဲ သတင်းမှားတွေ ၊ ကောလာဟလတွေဟာလည်း အွန်လိုင်းပေါ်မှာပျံ့နှံ့နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လိုပဲ သတင်းအမှားတွေဟာလည်း ကြောက်ဖို့ကောင်းပါတယ်။ ဒါ့ကြောင့် ဒီလိုသတင်းမှားတွေကို မယုံအောင်၊ ရှောင်ရှားနိုင်အောင် Politifact ဆိုတဲ့ အချက်အလက်စစ်ဆေးတဲ့ သတင်းဌာနက ဆောင်းပါးရှင် Daniel Fanke ရေးသားထားတဲ့ ကိုရိုနာဗိုင်းရပ်စ်သတင်းတွေဖတ်ရင် အလိမ်မခံရဖို့ပြုလုပ်ရမယ့် ၇ ချက်ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်တင်ပြပေးလိုက်ပါတယ်။ နိုင်ငံတကာမှာလိုပဲ ကိုရိုနာဗိုင်းရပ်စ်သတင်းအမှားတွေဟာ မြန်မာ လူမှုကွန်ရက်ဖေ့ဘွတ်ခ်ပေါ်မှာလည်း ပျံ့နှံ့ပုံချင်းဆင်တူနေတာမို့ ဒီဆောင်းပါးကို ဖတ်ပြီး သတင်းမှားတွေကို ဆင်ခြင်နိုင်အောင် ရည်ရွယ်ပါတယ်

(၁) ရောဂါရဲ့ အခြေခံအချက်အလက်တွေကိုအရင်လေ့လာပါ။

ရောဂါရဲ့ အခြေခံအချက်အလက်တွေဆိုတာကတော့ ရောဂါလက္ခဏာတွေ ၊ရောဂါဘယ်လိုပျံ့နှံ့လာသလဲဆိုတာ တွေ၊ ဘယ်ရောဂါနဲ့ဆင်တူနေသလဲဆိုတာတွေပဲဖြစ်ပါတယ် ။ရောဂါနဲ့ပတ်သက်တဲ့အခြေခံအချက်အလက်တွေကို သိလေလေ၊အွ န်လိုင်းပေါ်က သတင်းမှားတွေကို သင်ပိုပြီး ရှောင်ရှားနိုင်လေလေပါပဲ။ ဒါက အပြည်ပြည်ဆိုင်ရာ ရောဂါထိန်းချုပ်ရေးနဲ့ ကုသရေးစင်တာ နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်လင့်ခ် ဖြစ်ပါတယ်။ ရောဂါအကြောင်း သွားရောက်လေ့လာနိုင်ပါတယ်။

 

 

(၂) ဒီရောဂါကို တီထွင်ဖန်တီးထားတာဆိုတဲ့ ပို့စ်တွေ အကုန်လုံးကို လျှစ်လျှူရှုပါ။

ဒီရောဂါဟာ ရောဂါအသစ်တမျိုးဖြစ်တာကြောင့် ရောဂါဘယ်လိုကူးစက်ပျံ့နှံ့လာလဲဆိုတာကို တိတိကျကျ ပြောဖို့ခက်ပါတယ်။ အဲဒီအချိန်မှာရောဂါကဘာကြောင့်ဖြစ်လာရတာလဲဆိုတဲ့ ယူဆချက်အမျိုးမျိုးကို အွန်လိုင်းပေါ်မှာ ရေးသားလာကြပါတယ်။ ဒီရောဂါကို ဇီဝလက်နက်တစ်ခုအနေနဲ့ အသုံးပြုတယ်ဆိုတာတွေ၊ ဓာတ်ခွဲပြီး ထုတ်လုပ်တယ်ဆိုတာတွေ၊ အာဏာနဲ့ငွေကြေးတွေရဖို့ တစ်စုံတစ်ယောက်ကဖန်တီးထားတယ်ဆိုတာ မျိုးတွေ ရေးသားနေကြတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအမြစ်မရှိတဲ့ ယူဆချက်မျိုးတွေကို တွေးတောမနေပဲ၊ ငြင်းခုံမနေနပဲ မေ့ပစ်လိုက်ပါ။ လျှစ်လျှူရှုလိုက်ပါ။

 

(၃) ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို စစ်ဆေးပါ။

ဖြစ်ရပ်ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရဲ့ မူလအကြောင်းအရင်းကတမျိုး၊အပေါ်က ရေးထားတဲ့ ယူဆချက်က တမျိုးနဲ့ လူမှုကွန်ရက်ပေါ်က အကောင့်တွေဟာ ဒီရောဂါနဲ့ပတ်သက်ပြီး ပို့စ်အမျိုးမျိုးတင်နေကြပါတယ်။ဒါ့ကြောင့် စိတ်ပူပြီး အဆင်အခြင်မဲ့ share လိုက်တာမျို ၊ယုံလွယ်တာမျိုးမလုပ်ပဲ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေရဲ့ မူလရင်းမြစ်ကိုရှာဖွေပါ။ Google Reverse Image Search, RevEye နဲ့  InVid တို့ကိုအသုံးပြုပြီး ဒီဓာတ်ပုံတွေ၊ဗီဒီယိုတွေရဲ့ မူလရင်းမြစ်ကို ရှာဖွေနိုင်ပါတယ်။ မစစ်နိုင်ရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးကို လာရောက်မေးမြန်းနိုင်ပါတယ်။ ဓာတ်ပုံ ၊ ဗီဒီယို စစ်ဆေးနည်းတွေကိုလည်း ဟုတ်တယ် vs မဟုတ်ဘူးက တင်ပေးသွားဖို့ စီစဉ်နေပါတယ်။ (ဖေ့ဘွတ်ခ်မှာတောင် ဓာတ်ပုံတင်တတ်ရင်၊ ဒီ tools တွေကိုလည်းသုံးတတ်ဖို့ လုပ်ရပါမယ်။)

 

(၄) ရောဂါကူးစက်ခံရမှုနှုန်းတွေ၊ သေဆုံးမှုနှုန်းတွေကို နှစ်ခါ ပြန်စစ်ဆေးပါ။

အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ အခြေအမြစ်မရှိရေးသားတာတွေ ၊ လိမ်လည်လှည့်ဖျားထားတဲ့ သတင်းတွေနဲ့ ကိန်းဂဏန်းအချက်အလက်တွေကို မယုံကြည်မိဖို့ အစိုးရက တရားဝင်ထုတ်ပြန်တဲ့ သတင်းအချက်အလက် မျိုးတွေ၊WHO လိုအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ချက်တွေကို သိရှိနေဖို့လိုပါတယ်။ဒါက ကျန်းမာရေးဝန်ကြီးဌာန နဲ့  WHO ရဲ့ ဝက်ဘ်ဆိုဒ်တွေဖြစ်ပါတယ်။အချိန်နဲ့တပြေးညီ ပြောင်းလဲနေတဲ့ ရောဂါရဲ့ကိန်းဂဏန်းအချက်အလက် သတင်းတွေကိုတော့ ဒီမှာ သွားကြည့်လို့လည်းရပါတယ်။

 

 

(၅)ရောဂါအကြောင်းပြုပြီး နိုင်ငံရေးအရ တိုက်ခိုက်ထားတဲ့ပို့စ်တွေကို သတိထားဖတ်ရှုပါ။

ကူးစက်ရောဂါတွေကို အကြောင်းပြုပြီး တစ်ခါတစ်လေမှာ နိုင်ငံရေးအရအသုံးချရေးသားတာမျိုးတွေရှိတတ် ပါတယ်။တချို့သောသူတွေဟာ ဒီရောဂါကိုခုတုံးလုပ်ပြီး  သူတို့ ပြစ်တင်ဝေဖန်ချင်သူကို ပြစ်တင်‌ဝေဖန်တာတွေလုပ်လေ့ရှိပါတယ်။ ဒီရောဂါကိုအကြောင်းပြုပြီး နိုင်ငံရေးသမား ၊ ပါတီ ၊ အဖွဲ့အစည်းတွေက လိုသလိုအသုံးချပြီး ထင်ရာစွဲရေးသားလေ့ရှိကြတာမျိုးဖြစ်ပါတယ်။ကူးစက်ရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်းက များစွာရှိနိုင် ပေမယ့် တစ်ပါတီနဲ့ တစ်ပါတီ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုက အပြန်အလှန်တိုက်ခိုက်ပြောဆိုရေးသားကြတာမျိုး တွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုထင်ရာစွဲရေးသားချက်မျိုးတွေကို ဖတ်ရရင် မယုံကြည်ဖို့ လိုပါတယ်။


(၆) တရားဝင်အဖွဲ့အစည်းတွေကမထုတ်ပြန်တဲ့ ရောဂါကာကွယ်ရေးနဲ့ကုသရေးနည်းလမ်းဆိုတာတွေကို ပြန်လည်မမျှဝေပါနဲ့။

ဒီရောဂါဟာ တစ်ကမ္ဘာလုံးကို ကူးစက်ပြီး ဖြစ်နေတဲ့ရောဂါဖြစ်တာကြောင့် လူမှုကွန်ရက်တွေမှာ ဒီရောဂါကို ကာကွယ်ရေးနဲ့ကုသရေးနည်းလမ်းတွေကို တင်နေကြတာမျိုးတွေရှိပါတယ်။ ဆေးရွက်ပြုတ်သောက်ရင် ခံနိုင်ရည်ရှိတယ်တို့ ၊ဗီတာမင်စီ သောက်ရင် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်တို့… စတဲ့ သတင်းအမှားတွေကို ဆိုလိုတာဖြစ်ပါတယ်။ကိုယ့်ကိုကိုယ်ကာကွယ်နိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ အပြည်ပြည်ဆိုင်ရာ ရောဂါထိန်းချုပ်ရေးနဲ့ ကုသရေးစင်တာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နဲ့  ကျန်းမာရေးဝန်ကြီးဌာန တို့က ထုတ်ပြန်တဲ့  ညွှန်ကြားချက်တွေကို လိုက်နာဖို့ပဲဖြစ်ပါတယ်။

 

(၇) ရောဂါနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေနဲ့ အစိုးရတွေတောင် မသိသေးတဲ့အရာတွေကိုရှာဖွေပါ။


ဒီရောဂါနဲ့ပတ်သက်ပြီး အဖွဲ့အစည်းတွေနဲ့ အစိုးရတွေ၊သိပ္ပံပညာရှင်တွေတောင် ရောဂါရဲ့ဇစ်မြစ်၊ ကုသပုံ၊ကာကွယ်ပုံတွေကို သိရဖို့  သုတေသနပြုလုပ်တာမျိုးတွေ၊စမ်းသပ်ရှာဖွေတာ မျိုးတွေပြုလုပ်နေရဆဲအခြေအနေဖြစ်ပါတယ်။ဒါက လက်မခံချင်စရာ အမှန်တရားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လက်ခံရမှာပါပဲ။တစ်ချိန်တည်းမှာပဲ ဒီရောဂါနဲ့ပတ်သက်ပြီး ဖန်တီးရေးသားတာမျိုးတွေကလည်း အွန်လိုင်းပေါ်မှာ ပွထနေပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းတွေနဲ့ အစိုးရတွေတောင် မသိ နိုင်သေးတဲ့အခြေအနေမျိုးဆိုရင် အွန်လိုင်းပေါ်က အခြေအမြစ်မရှိ ရေးသားနေတဲ့သူတွေကရော သိနိုင်ပါ့မလား ဆိုတာ စဉ်းစားပါ။ယုံကြည်လို့ရတဲ့ သတင်းရင်းမြစ်မျိုးတွေက သတင်းတွေကို ဖတ်ရှုပြီး အစိုးရနဲ့၊အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာပါ။