လူမှုမီဒီယာတွေပေါ်မှာတွေ့ရတဲ့ သတင်းတွေကို အမှား/အမှန်စိစစ်နိုင်မယ့် အကြံပြုချက်နည်းလမ်း ၁၀ ခု

Photo: about.fb.com

အရေးပေါ်အခြေအနေတွေမှာ လူမှုမီဒီယာတွေပေါ်မှာပျံ့နှံ့တတ် လေ့ရှိတဲ့ သတင်းတွေကို အမှား/အမှန် စစ်ဆေးလို့ရမယ့်အကြံပြုချက်  နည်းလမ်း ၁၀ခုကို ဟုတ်တယ် Vs မဟုတ်ဘူး ကနေ ပြန်လည်ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်း ၁၀ ခုကိုတော့ Facebook က သူ့ရဲ့ လူမှုမီဒီယာကွန်ရက်ပေါ်မှာ သတင်းအမှားတွေကို သတိပြုမိစေဖို့အတွက် ရေးသားဖော်ပြထားတာကို ဘာသာပြန်ကိုးကားပြီး  ပြန်လည်ဖော်ပြပေးလိုက်တာလည်းဖြစ်ပါတယ်။

အခုလိုမျိုး တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးအတွက်အရေး ပေါ်တပ်လှန့်ထားရတဲ့အခြေအနေတွေမှာ  ကောလဟာလသတင်းအမှားတွေက ထွက်ပေါ်တတ်လေ့ ရှိတဲ့အတွက် အောက်မှာ ဖော်ပြထားတဲ့နည်းလမ်းအတိုင်းစစ်ဆေးလိုက်မယ်ဆိုရင်တော့ သတင်းအမှား တွေကို အလွယ်တကူပဲ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ လူမှုမီဒီယာတွေပေါ်မှာ အရမ်းကိုလူစိတ်ဝင်စား စေမယ့်သတင်းမျိုးတွေ့လိုက်ရပြီဆိုရင် 

  • (၁) ခေါင်းစဉ်တွေကို သတိထားပါ။
    သတင်းမှားတွေဟာ လူစိတ်ဝင်စားလာအောင်လို့ ပြူးတူးပြဲတဲ ခေါင်းစဉ်တွေတက်ပြီး ရေးလေ့ရှိပါတယ်။ဥပမာပေးရရင်- မြန်မာလို ဆိုရင် အရေးကြီးသတင်းတို့၊ အရေးပေါ်သတင်းတို့ အထူးသတင်းတို့ ခေါင်းစဉ်တပ်ပြီး လာလေ့ရှိပါတယ်။
    ခေါင်းစဉ်ဖတ်လိုက်ရတာနဲ့တင် စိတ်ကိုအံ့ဩတုန်လှုပ်သွားအောင် လုပ်လေ့ရှိပါတယ်။
    ဒီလို သတင်းမျိုးကို တွေ့ရပြီဆိုရင် စပြီး သံသယထားပါလို့ သတိပေးချင်ပါတယ်။
  • (၂) လင့်ခ်တွေကိုသေချာကြည့်ပါ။

    သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယဖြစ်စရာ သဲလွန်စတွေဟာ လင့်ခ်တွေမှာပါလေ့ရှိပါတယ်။သတင်းမှားဖန်တီးသူတွေဟာ သူတို့ရေးတဲ့သတင်းမှားကို  ယုံကြည်အောင်လို့ သတင်းအမှားထဲမှာ URL အတုတွေ၊ လင့်ခ် အတုတွေကို ဖန်တီးပြီး ထည့်သွင်းလေ့ရှိကြပါတယ်။ဒါ့ကြောင့်သတင်းထဲမှာ ရည်ညွှန်းထားတဲ့ URL တွေကို ဝင်ကြည့်ပြီး တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။

  • (၃)သတင်းရင်းမြစ်ကိုစစ်ဆေးပါ
    ကိုယ်ဖတ်လိုက်ရတ့သတင်းဟာ ယုံကြည်လို့ရတဲ့၊တိကျခိုင်မာမှုရှိတဲ့ သတင်းရင်းမြစ်က လာတာလားဆိုတာ စစ်ဆေးဖို့လိုပါတယ်။ကိုယ်ကြားဖူး၊ဖတ်ဖူးနေပြီးသားဖြစ်တဲ့ သတင်းမီဒီယာတွေကနေ ဒီသတင်းကလာတာလားဆိုတာ စစ်ဆေးဖို့လိုတာပါ။ အကယ်၍ ကိုယ်မကြားဖူးတဲ့ သတင်းဌာနတစ်ခုက လာတယ်ဆိုရင်တော့ အဲဒီသတင်းဌာနပေ့ချ်ရဲ့ About ဆိုတဲ့ နေရာကို ဝင်ပြီး ဒီသတင်းဌာနဟာ ဘယ်ကာလက တည်ထောင်ထားတာလဲ။နေရပ်လိပ်စာတွေ၊ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်တွေရောရှိရဲ့လားဆိုတာကိုကြည့်ရှုစစ်ဆေးနိုင်ပါတယ်။
  • (၄) သတင်းလုပ်ငန်းစဉ်အတိုင်းရှိရဲ့လားဆိုတာ စစ်ဆေးပါ။
    ကိုယ်ဖတ်လိုက်ရတဲ့သတင်းဟာ စာလုံးပေါင်းမှန်ရဲ့လား။ဓာတ်ပုံတွေဟာ ဖြတ်ညှပ်ကပ်ပြုလုပ် ထားလား။ဓာတ်ပုံပေါ်မှာ စာတန်းတွေထိုးထားပြီး ကိုယ့်ကိုဖတ်ချင်အောင်ဆွဲဆောင်ထားတာ လားစတဲ့ Layout design တွေကို စစ်ဆေးဖို့လိုပါတယ်။ဒီလို စာလုံးပေါင်းမမှန်၊ဓာတ်ပုံဖြတ်၊ညှပ်၊ကပ်တွေလုပ်ထားတဲ့သတင်းမျိုးတွေဆိုရင် သံသယထား ဖတ်ရှုဖို့လိုပါတယ်။သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့သတင်းမီဒီယာတွေကသတင်းတွေဟာ စာလုံးပေါင်းအမှားအယွင်းမရှိသလောက်နည်းပြီး ဓာတ်ပုံတွေကိုလည်းဖြတ်ညှပ်ကပ် လုပ်ထားခြင်းမရှိပါဘူး
  • (၅)ဓာတ်ပုံတွေကို သေချာကြည့်ပြီးမှ ယုံကြည်ပါ။
    ခုဏက ပြောခဲ့သလိုပါပဲ။သတင်းမှား ဖြန့်ဝေနေတဲ့ ဝက်ဘ်ဆိုဒ်တွေ ပေ့ချ်တွေက သတင်းမှားတွေမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအသုံးပြုပြီး ပုံမှားရိုက်လေ့ရှိပါတယ်။
    အဲဒီဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ သတင်းနဲ့မသက်ဆိုင်တဲ့ ဓာတ်ပုံတွေ ဖြစ်နေလေ့ရှိပါတယ်။
    ဒါ့ကြောင့် Google Image Search လို search engine တစ်ခုခုကိုအသုံးပြုပြီး ဒီဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ ဘယ်ကလာလဲဆိုတာ စစ်ဆေးလို့ရပါတယ်။
  • (၆)ရက်စွဲတွေကို သေချာစိစစ်ပါ
    ကိုယ်က သတင်းမှန်ထင်လို့ Share လိုက်ပြီးခါမှ ဒီသတင်းဟာသတင်းအဟောင်းကြီး ဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။ဒါ့ကြောင့် Date တွေကို စစ်ဆေးပါ။ဒါ့အပြင် သတင်းမှားမှာ ပါဝင်တဲ့ အကြောင်းအရာတွေက အချိန်ကာလ ရက်စွဲ အမှားအယွင်းတွေပါတတ်ပါတယ်။ ဒါ့ကြောင့် ရက်စွဲတွေကို သေချာစစ်ဆေးဖတ်ရှုပါ။ 
  • (၇)သက်သေတွေကိုသေချာစစ်ဆေးပါ
    သတင်းမှာပါဝင်တဲ့ သတင်းရင်းမြစ်ကို ဆိုလိုတာဖြစ်ပါတယ်။ဥပမာ- ကျန်းမာရေးသတင်းနဲ့ပတ်သက်ရင် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တာလား။ဘယ်လောက်အထိ တိကျခိုင်မာမှုရှိလဲဆိုတာကို စစ်ဆေးခိုင်းတာဖြစ်ပါတယ်။သတင်းမှာပါဝင် တဲ့ လူပုဂ္ဂိုလ် သတင်းရင်းမြစ်ဟာ အပြင်မှာ တကယ်ရှိနေတဲ့သူလား။ဒါမှမဟုတ်သတင်းမှား ဖန်တီးတဲ့သူရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးထားတဲ့ သတင်းရင်းမြစ်လားဆိုတာစစ်ဆေးဖို့လိုပါ တယ်။
  • (၈) တခြားသတင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပါ။
    ကိုယ်ဖတ်လိုက်ရတဲ့သတင်းဟာ အခြားသတင်းမီဒီယာတွေမှာရော ပါဝင်သလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးပါ။သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ အခြားသတင်းဌာန တွေမှာ ဒီသတင်းကိုမတွေ့ဘူးဆိုရင်တော့ ဒီသတင်းဟာ သတင်းမှားဖြစ်နိုင်ပါတယ်။တခြားသတင်းဌာနတွေမှာလည်း ပါတယ်ဆိုရင်တော့ သတင်းမှန်ဖြစ်နိုင်ပါတယ်

  • (၉)သတင်းက ရယ်စရာဖြစ်နေလား
    တခါတလေမှာ သတင်းမှားတွေဟာ ရယ်စရာဖြစ်နေတတ်သလို၊သရော်စာလိုလှောင်ထားတာ မျိုးလည်းဖြစ်နေတတ်ပြီး ခွဲခြားရခက်ပါတယ်။ဒါဆိုရင် သတင်းမှာပါဝင်တဲ့ အချက်အလက် တွေကို အသေးစိတ်ဖတ်ရှုပြီး အမှား၊အမှန်ခွဲခြားနိုင်ပါတယ်။
  • (၁၀) သတင်းမှားမှန်းထင်သာမြင်သာအောင်ရေးထားတဲ့သတင်းမျိုးတွေကို သတိထားပါ။
    တချို့သတင်းမှားတွေဟာ အမှားမှန်း ထင်သာမြင်သာရှိအောင် လုပ်ကြံရေးသားထားတတ်ပါတယ်။ဒီလိုသတင်းမှားမျိုးတွေကိုတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ဓမ္မဓိဌာန်ကျကျ စဉ်းစားဆင်ခြင်ဆုံးဖြတ်ပါ။

အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေအတိုင်း လူမှုမီဒီယာပေါ်ကသတင်းတွေကို စစ်ဆေးကြည့်မယ်ဆိုရင် သတင်းအမှား/အမှန် တွေကို
အလွယ်တကူပဲ စစ်ဆေးနိုင်မှာဖြစ်ပြီးတော့ သတင်းအမှားတွေကို တိုက်ဖျက်နိုင်မှာပဲဖြစ်ပါတယ်။